ပြည်ထောင်စုမြန်မာနိုင်ငံတွင် စာရေးဆရာ၊ သတင်းစာ ဆရာ စသော စာပေလုပ်သားများကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့် နိုင်ငံထူထောင်ရာ၌ တစ်တပ်တစ်အား ပါဝင် လာစေရေးနှင့် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ စာပေနှင့် စာနယ်ဇင်းဆိုင်ရာ မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် စည်းရုံးခဲ့ကြသည်။ ၁၉၈ဝ ပြည့်နှစ် ဧပြီလအတွင်း၌ ပထမ အကြိမ် စာပေလုပ်သားညီလာခံကို ခေါ်ယူကျင်းပခဲ့ပြီး အဖွဲ့ဝင် ၁၈ ဦးပါဝင်သည့် စာပေလုပ်သားအဖွဲ့ကို အောင်မြင်စွာဖွဲ့စည်း နိုင်ခဲ့သည်။ စာပေလုပ်သားအဖွဲ့နှင့်အတူ စာရေးဆရာအဖွဲ့ခွဲ၊ သတင်းစာဆရာအဖွဲ့ခွဲတို့ကိုလည်း ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း နှင့်အညီ တစ်ပါတည်း ဖွဲ့စည်းပေးနိုင်ခဲ့သည်။

စာပေလုပ်သားအဖွဲ့ ပေါ်ပေါက်လာရေးအတွက် ၁၉၆၆ ခု ဒီဇင်ဘာလ ၁ ရက်နေ့တွင် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက အဖွဲ့ဝင် ၁၄ ဦးပါဝင်သော စာပေလုပ်သားအဖွဲ့ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ၁၉၇၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက စာပေလုပ်သား ဖြစ်မြောက် ရေးကော်မတီအစား စာပေလုပ်သား စည်းရုံးရေး ကော်မတီကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။ ထို့နောက် ၁၉၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် စာပေလုပ်သား စည်းရုံးရေး ကော်မတီကို အဖွဲ့ဝင် ၁၈ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့လေ သည်။

စာပေလုပ်သား စည်းရုံးရေးကော်မတီသည် ၁၉၈ဝ ပြည့် နှစ် ဧပြီလအတွင်း၌ ပထမအကြိမ် စာပေလုပ်သားညီလာခံကို ခေါ်ယူကျင်းပနိုင်ရေးအတွက် ၁၉၇၉ ခုနှစ် နိုဝင်ဘာလတွင် စာပေလုပ်သားညီလာခံ ကျင်းပရေးစီမံချက်တရပ်ကို ရေးဆွဲ၍ လုပ်ငန်းစတင်ခဲ့သည်။ ယင်းစီမံချက်အရ ၁၉၇၉ ခုနှစ် ဒီဇင် ဘာလ ၅ ရက်နေ့တွင် အဖွဲ့ဝင် ၅၁ ဦးပါဝင်သော ပထမ အကြိမ် စာပေလုပ်သားညီလာခံ ကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ညီလာခံကော်မရှင်တွင် အဖွဲ့ဝင် ၂၁ ဦး ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့နှင့် ညီလာခံလုပ်ငန်း ကော်မတီ ခြောက်ရပ်တို့ ပါဝင်ခဲ့လေသည်။

ထို့နောက် မြို့နယ် စာပေလုပ်သား ပုံမှန်အစည်းအဝေး ကျင်းပရေးကော်မရှင်များကို ၁၉၇၉ ခုနှစ် ဒီဇင် ဘာလ ၂၁ ရက်နေ့မှစ၍ ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်များ ဖွဲ့စည်းပြီး သောအခါ စာပေလုပ်သားအဖွဲ့ ဖွဲ့စည်းနိုင်သော မြို့နယ် ၈၃ မြို့နယ်တွင် ၁၉၈ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁ဝ ရက်နေ့အတွင်း မြို့နယ်စာပေလုပ်သား ပုံမှန်အစည်းအဝေးများ ကျင်းပပေးခဲ့သည်။ ထိုအစည်းအဝေးများ၌ မြို့နယ်အလုပ်အမှု ဆောင်များ ရွေးချယ်တင်မြှောက်ခြင်း၊ စာရေးဆရာနှင့် သတင်း စာဆရာအဖွဲ့ခွဲ ကိုယ်စားလှယ်များ ရွေးချယ်ခြင်း၊ စာပေ လုပ် သားအဖွဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ရန် အကြံပြု ဆွေးနွေးခြင်း စသည့်လုပ်ငန်းများကို ပြုလုပ်ခဲ့သည်။

အခြေခံစည်းမျဉ်းမူကြမ်းနှင့်အတူ စာပေလုပ်သားအဖွဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများ၊ ရွေးချယ် တင်မြှောက်ပုံ နည်းစနစ်များ၊ ဘဏ္ဍာရေး စည်းမျဉ်းများကို လည်း မူကြမ်းရေးဆွဲ၍ တင်ပြကာ မြို့နယ်စာပေလုပ်သား ပုံမှန်အစည်းအဝေးများတွင် အကြံပြု ဆွေးနွေးဝေဖန်စေခဲ့ လေသည်။

ထိုအကြံပြုချက်များကို ၁၉၈ဝ ပြည့်နှစ် ဧပြီလ ၄ ရက် နေ့နှင့် ၅ ရက်နေ့တွင် ကျင်းပသော ညီလာခံ၌ စာရေးဆရာ အဖွဲ့ခွဲ ပုံမှန်မျက်နှာစုံညီ အစည်းအဝေးတို့မှ ထောက်ခံအတည် ပြုသော ဆုံးဖြတ်ချက်များနှင့်အတူ ဆွေးနွေးလက်ခံအတည်ပြုခဲ့ ကြသည်။

ပထမအကြိမ် စာပေလုပ်သား ညီလာခံသို့ မြို့နယ်စာပေ လုပ်သားအဖွဲ့ ၈၃ ဖွဲ့မှ စာရေးဆရာ ကိုယ်စား လှယ် ၃၅၃ ဦး နှင့် သတင်းစာဆရာ ကိုယ်စားလှယ် ၁၆၅ ဦး တက်ရောက်ခဲ့ သည်။ စာပေလုပ်သား စည်းရုံးရေးကော်မတီ ဖွဲ့စည်းထားသော ၃၄ မြို့နယ်မှ လေ့လာသူ ၃၄ ဦး တက်ရောက်ခဲ့လေသည်။ စာပေလုပ်သားညီလာခံပြီးစီးသည့် နောက်ပိုင်းတွင် စာရေး ဆရာ ၈၄ ဦး၊ သတင်းစာဆရာ လေးဦးတို့ကို ထပ်မံလက်ခံခဲ့ ရာ စာပေလုပ်သားအဖွဲ့တွင် အဖွဲ့ဝင်အင်အားသည် စာရေးဆရာ အဖွဲ့ဝင် ၂၇၁၆ ဦး၊ သတင်းစာဆရာအဖွဲ့ဝင် ၈၆၁ ဦး စုစု ပေါင်း ၃၅၇၇ ဦး ရှိနေပြီ ဖြစ်လေသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၁)