စိမ့် (ပညာရေး)

(စိမ့်၊ (ပညာရေး) မှ ပြန်ညွှန်းထားသည်)

စိမ့်-ပညာရေး(၁၉၃၁-၂၀၂၃) သည် မြန်မာနိုင်ငံသား စာရေးဆရာမ တစ်ဦးဖြစ်ပြီး စာရေးဆရာ တက္ကသိုလ်စိန်တင်၏ ဇနီးလည်းဖြစ်သည်။ ပညာရေးတက္ကသိုလ် အငြိမ်းစားကထိက တစ်ဦးဖြစ်သူ စိမ့်(ပညာရေး)သည် အဆိုပါကလောင်အမည်ကို ၁၉၇၆ ခုနှစ်တွင် စတင်ခံယူ ရေးသားခဲ့သည်။ ပန်ထွာဘုရင်မ၊ ဒိုင်းခင်ခင်၊ ရာဇဓာတုကလျာ စသည့်စာအုပ်များသည် သူမ၏ထင်ရှားသောလက်ရာများဖြစ်သည်။

စိမ့် (ပညာရေး)
မွေးဖွားမတင်စိန်
၇ ဖေဖော်ဝါရီ ၁၉၃၁
မော်လမြိုင်မြို့၊ ဗြိတိသျှဘားမား
ကွယ်လွန်၁၈ ဧပြီ၊ ၂၀၂၃ (အသက် ၉၃ နှစ်)
အလုပ်အကိုင်ကထိက(ငြိမ်း)၊ စာရေးဆရာ
ပညာရေးဝိဇ္ဇာဘွဲ့၊ မဟာပညာရေးဘွဲ့
အိမ်ထောင်ဖက်တက္ကသိုလ်စိန်တင်
မိဘဦးဘမှန်(လျှပ်စစ်-ငြိမ်း) + ဒေါ်နှင်းရွှေ

ငယ်စဉ်ဘဝ နှင့် ပညာရေး ပြင်ဆင်ရန်

စိမ့်-ပညာရေးသည် မော်လမြိုင်မြို့ ဦးဘမှန်(လျှပ်စစ်-ငြိမ်း)နှင့် ဒေါ်နှင်းရွှေတို့မှ မွေးဖွားသည်။ မွေးချင်းခြောက်ဦးအနက် အကြီးဆုံးသမီး ဖြစ်သည်။ ငယ်အမည်မှာ မတင်စိန် ဖြစ်သည်။ ငယ်စဉ်က မော်လမြိုင်မြို့ မော်တင်လိန်း မိန်းကလေးကျောင်း၊ အမှတ်(၁)အစိုးရအထက်တန်းကျောင်း၊ မော်လမြိုင်ဥပစာကောလိပ် တို့တွင်ပညာသင်ကြားခဲ့သည်။

၁၉၆၁-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ၁၉၆၄-ခုနှစ်တွင် ရန်ကုန် ပညာရေးမဟာဌာနမှ ဘီအီးဒီဘွဲ့၊ ၁၉၇၆-ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ မဟာပညာရေးဘွဲ့များ ရရှိခဲ့သည်။

နိုင်ငံ့ဝန်ထမ်း ပြင်ဆင်ရန်

၁၉၅၅-ခုနှစ်တွင် မော်လမြိုင်မြို့ အမှတ်(၁)အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြ ဆရာမအဖြစ် အမှုထမ်း၍ ၁၉၆၅-ခုနှစ်တွင် ရန်ကုန်မြို့၊ကြည့်မြင်တိုင် အမှတ်(၃)အစိုးရအထက်တန်းကျောင်း၊ တာမွေမြို့နယ် အမှတ်(၃)အစိုးရအထက်တန်းကျောင်း၊ အင်းစိန်မြို့နယ် အမှတ်(၄)အစိုးရအထက်တန်းကျောင်းတို့တွင် အမှုထမ်းခဲ့သည်။

၁၉၇၁-ခုနှစ်တွင် ပညာရေးတက္ကသိုလ်သို့ ပြောင်းရွှေ့အမှုထမ်းပြီး ကထိကရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။

စာပေရေးသားခြင်း ပြင်ဆင်ရန်

တိုင်းရင်းမေဂျာနယ်၊ ယုဝတီဂျာနယ်၊ သင့်ဘဝမဂ္ဂဇင်းတို့တွင် တင်ဝဇီ(ရွှေမြိုင်) ကလောင်အမည်ဖြင့် ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့ပြီး ၁၉၇၆-ခုနှစ်တွင် စိမ့်(ပညာရေး) ကလောင်အမည်ဖြင့် ဒိုင်းခင်ခင် (ရတနာပုံ နန်းတွင်းလျှို့ဝှက်ဇာတ်လမ်းများ)၊ ပုဂံရွှေရုပ်လွှာ(၁)(၂)၊ ပတ္တမြားငမောက်၊ ရာဇဓာတုကလျာ၊ ကနောင်မင်းသားနှင့် လှိုင်ထိပ်ခေါင်တင်၊ ပန်ထွာဘုရင်မ စသည့် လုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။၂၀၀၁-ခုနှစ်၊ အိန္ဒိယနီပေါ ဗုဒ္ဓဂယာဓမ္မခရီးသည် စာအုပ်နှင့် တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ စာအုပ်တို့ကို တက္ကသိုလ်စိန်တင်နှင့် တွဲဖက်၍ ရေးသားခဲ့သည်။

မိုးမခလမ်း၊ (၄၆) ရပ်ကွက်၊ ဒဂုံမြို့သစ် မြောက်ပိုင်း၌ နေထိုင်လျက်ရှိပြီး စာအုပ်စာပေ များကို ရေးသား ပြုစုသည်။

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

၂၀၂၃ ခုနှစ် ဧပြီလ ၁၈ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊၄၆ရပ်ကွက်၊မိုးမခလမ်းရှိ နေအိမ် ၌ လူကြီးရောဂါဖြင့် ကွယ်လွန်သည်။ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ်ရှိသည်။[၁]


ရေးသားခဲ့သော စာပေများ ပြင်ဆင်ရန်

  1. ဒိုင်းခင်ခင် (ရတနာပုံ နန်းတွင်းလျှို့ဝှက်ဇာတ်လမ်းများ)
  2. မြန်မာ့နန်းစဉ်ရတနာ ပတ္တမြားငမောက်
  3. ပုဂံရွှေရုပ်လွှာ(၁)
  4. ပုဂံရွှေရုပ်လွှာ(၂)
  5. ကနောင်မင်းသားနှင့် လှိုင်ထိပ်ခေါင်တင်
  6. ရာဇဓာတုကလျာ
  7. ပန်ထွာဘုရင်မ
  8. တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ (တက္ကသိုလ်စိန်တင်နှင့်တွဲဖက်၍)
  9. ၂၀၀၁-ခုနှစ်၊ အိန္ဒိယနီပေါ ဗုဒ္ဓဂယာ ဓမ္မခရီးသည် (တက္ကသိုလ်စိန်တင်နှင့်တွဲဖက်၍)[၂]

ကိုးကား ပြင်ဆင်ရန်

  1. စာရေးဆရာမကြီး စိမ့် (ပညာရေး) အသက် (၉၃) နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ပေါ်ပြူလာဂျာနယ် (၁၈ဧပြီ၂၀၂၃)။ ၂၀ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တက္ကသိုလ်စိန်တင်၏ ဘွားဦးဇွန်း