စိုးလွင် (မန္တလေး) ဒေါက်တာ

ဓမ္မလမ်းဝိပဿနာအဖွဲ့၏ ဦးဆောင်ဟောကြားသူ ဒေါက်တာစိုးလွင် (မန္တလေး) သည် အဖဦးသန်းအောင် အမိ ဒေါ်ဝင်းမေတို့မှ ၁၉၅၈ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး၊ ၁၉၈၂ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိခဲ့ပါသည်။ ဒေါက်တာစိုးလွင်သည် ၁၉၈၉ – ၉၀ ခုနှစ်တွင် မင်းကွန်းဆရာတော်ကြီး တည်ထောင် ဖွင့်လှစ်ခဲ့သော နန်းရှေ့ မန္တလေး ဇီဝိတသံဃာ့ဆေးရုံ၌ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၉၁ ခုနှစ်တွင် ဒေါ်ရွှေရည်လှ နှင့် အိမ်ထောင်ပြု၍ သမီး မထူးရည်လွင် ထွန်းကားခဲ့ပါသည်။ ဒေါက်တာစိုးလွင်သည် အိမ်ထောင်ကျပြီးနောက် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် နေထိုင်ခဲ့ပါသည်။ ဒေါက်တာစိုးလွင်သည် ၁၉၉၀-၉၁ မှစ၍ ဓမ္မစာပေများကို ဖတ်ရှုလေ့လာခဲ့ပါသည်။ မင်းကွန်းဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီးဝေဘူဆရာတော်ကြီးမိုးကုတ်ဆရာတော်ကြီးမဟာစည်ဆရာတော်ကြီးတောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ကြီး၊ ပခုက္ကူဆရာတော်ကြီး (အနိစ္စဆရာတော်)၊ ဖားအောက်တောရဆရာတော်ကြီးတို့၏ တရားဓမ္မများကို လေ့လာမှတ်သားခဲ့သည်။ ထို့ပြင် လယ်တီဆရာတော်ကြီး၏ ဒီပနီပေါင်းချုပ်နှင့် ဘုရားရှင် ဟောကြားတော်မူခဲ့သော ဆဋ္ဌသံဂါယနာတင် ပိဋကတ်သုံးပုံ ပါဠိတော် (မြန်မာပြန်) တို့ကိုပါ ဆက်လက် ဖတ်ရှု လေ့လာခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် စာဓမ္မအမြင်မှ ခန္ဓာဓမ္မ အမြင်ရောက်အောင် လက်တွေ့ ဝိပဿနာတရား အလုပ်ကို စတင်၍ နှလုံးသွင်း အားထုတ်ခဲ့ပါသည်။ ၂၀ဝ၆ ခုနှစ်တွင် မန္တလေးနှင့် ရန်ကုန်မြို့တို့၌ သူငယ်ချင်းများကို ဝိပဿနာနှင့် ပတ်သက်သော အခြေခံ သဘောတရားများကို စတင် ဆွေးနွေးပြောကြားသည်။ ၂၀ဝ၉ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် (၇၆-၈၂) စာသင်နှစ်၏ (၁၀) ကြိမ်မြောက် အာစရိယပူဇော်ပွဲ၌ (ဓမ္မလမ်းကို လျှောက်ကြမယ်) ခေါင်းစဉ်ဖြင့် ဓမ္မစာစုကို စတင် ရေးသား၍ ဆရာ ဆရာမတို့ကို ဓမ္မနှင့် ပူဇော်ကန်တော့ရင်း သူငယ်ချင်းတို့ကိုလည်း ဓမ္မလမ်းပေါ်ရောက်အောင် ခေါ်ဆောင်ခဲ့သည်။ ၁၉၇၆-၈၂ ခုနှစ် စာသင်နှစ် ဆေးတက္ကသိုလ် (မန္တလေး)တွင် တက်ရောက်သင်ကြားခဲ့သော သူငယ်ချင်း ဆရာဝန်တစ်စု၏ ထူးခြားမှုတစ်ခုမှာ အသက်အရွယ်ရလာသည်နှင့်အမျှ တရား ဘာဝနာဘက်ကိုလည်း တဖြေးဖြေး ရောက်လာခဲ့ကြပြီး ဓမ္မကို စိတ်ဝင်စားသူ သူငယ်ချင်းများ စုပေါင်းကာ “ဝိသုဒ္ဓိမဂ်´´ ဓမ္မလမ်း – ဝိပဿနာအဖွဲ့ကို တည်ထောင်နိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။


Source: http://dhammalann.org