ပင်မမီနူးကို ဖွင့်ရန်

စု၊ ဒေါ် (ဗိုလ်ချုပ်အောင်ဆန်းမိခင်)

ဒေါ်စုသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင်ကြီးများအဖြစ် ထင်ရှားကြသည့် ဦးဘဝင်းဗိုလ်ချုပ်အောင်ဆန်းတို့၏ မွေးသားမိခင် ကျေးဇူးရှင်တစ်ဦးဖြစ်သည်။ မြန်မာ့နိုင်ငံရေးလောကတွင်သာမက ကမ္ဘာတွင်ပါ ကျော်ကြားထင်ရှားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အဘွားတစ်ဦးလည်း ဖြစ်သည်။

ဒေါ်စုကို ခရစ် ၁၈၇၇ ခု၊ ဧပြီလ (၂၂) ရက်၊ တနင်္ဂနွေနေ့တွင် မကွေးခရိုင် နတ်မောက်မြို့ရှိ မင်းဝိုင်းနေအိမ်၌ အဖ ဦးမြအေး၊ အမိ ဒေါ်သူဇာတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း (၇) ဦးအနက် သမီးကြီး ဖြစ်သည်။ တနင်္ဂနွေသမီး ဖြစ်သော်လည်း’'မစု’ ဟုပင် မှည့်ခေါ်ထားသည်။

ဒေါ်စု၏ မျိုးနွယ်များသည် မင်းမျိုးနွယ်များဖြစ်ကြသည်။ မြန်မာ့သမိုင်းတွင် အလွန်ထင်ရှားသည့် ဗိုလ်မင်းရောင်သည် ဒေါ်စုနှင့် ဦးလေးတော်စပ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ၏ မိခင်ကြီး သူ၏ ဦးရီးတော်သူ ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း သုံးမြို့ဝန် ဦးမောင်က ‘အစု’ ပင်ခေါ်လေ့ရှိသည်ဟု ဆို၏။ ဒေါ်စုအောက်တွင် မောင်ဖိုးသင်၊ ဦးငွေဒိုင်၊ ဦးငွေဆိုင်၊ ညီမ ဒေါ်ယု၊ ဒေါ်ပု၊ ဒေါ်ခင်မေ တို့ရှိသည်။ ဒေါ်စု ခေါ် အမေစုမှာ မအေတူ သမီးဖြစ်၍ မျက်နှာသေးသွယ်သည်။ အသားညို၍ အရပ်မှာ မနိမ့်မမြင့် ဖြစ်သည်။ ကိုယ်အင်္ဂါ အနေအထားမှာ မဝလွန်း၊ မပိန်လွန်း ကြည့်၍ကောင်းသည်။ အမေစုသည် စကားနည်း၍ မျက်နှာမှာ ကျက်သရေရှိပြီး ခံ့ညားလှသည်။ အမေစုသည် အစ်မ အကြီးဆုံး ဖြစ်သည့် အပြင် သိက္ခါသမာဓိနှင့် ပြည့်စုံရကား မွေးချင်းပေါက်ဖော် အားလုံးက ‘အစ်မကြီး’ ဟု ခေါ်ကြသည်။ အခြားသူများကလည်း နှုတ်ယောင်လိုက်ကာ ‘အစ်မကြီး’ ဟုပင် ခေါ်ကြသည်။

အမေစုသည် ‘ဗိုင်းကောင်းကျောက်ဖိ’ ဆိုသော စကားကဲ့သို့ မိကောင်းဖခင် သားသမီး ဖြစ်သည့် အတိုင်း အဘ ဦးမြအေး၊ အမိ ဒေါ်သူဇာတို့၏ ဆုံးမ ကွပ်ကဲ မှုကို ကောင်းစွာ ခံယူခဲ့ရပေသည်။ ထို့ကြောင့်ပင် (၁၁) နှစ် သမီးအရွယ်ကပင် မြန်မာ အမျိုးသမီး တတ်အပ်သည့် ရက်ကန်းအတတ်ကို သူမတူအောင် တတ်မြောက်ခဲ့လေသည်။၎င်းပြင် ရက်ကန်း အတတ်နှင့် မကျေနပ်သေးဘဲ စက်ချုပ်အတတ်ကို သင်ကြားလိုက်သေးသည်။ အမေစု အတွက် ကံဆိုးသော အချက်တစ်ချက်မှာ အမေစုတို့ခေတ်က အမျိုးသမီးများ စာသင်ကြားရသော အလေ့အထ နည်းပါးခဲ့ခြင်းကြောင့် စာရေးစာဖတ်ကို မတတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။ စာပေမသင်ကြားရ၍ စာမတတ်သော်လည်း အမေစု၏ ဉာဏ်မှာ လူအများ၏ လက်ဖျားခါ ချီးကျူးခြင်း ခံရလောက်အောင် ကောင်းလှပေသည်။

အမေစု၏ မိဘများသည် ရှေးလူကြီးများ ပီပီ သမီးကညာ အခါ မလင့်စေနှင့် ဆိုသော စကားအတိုင်း အမေစုကို အသက် (၁၉) နှစ်တွင် နတ်မောက် အနောက်ပိုင်း ရှိ တောင်သူကြီး ဦးဒေကိုး၊ ဒေါ်ဆွဲလေး တို့၏ တစ်ဦးတည်းသောသား ဦးဖာ နှင့် ထိမ်းမြားပေးလေသည်။ မိဘ နှစ်ပါး သဘောတူ၍သာ အကြောင်းပါကြရသော်လည်း လက်မထပ်မီ အချိန်က အမေစုမှာ ဦးဖာအား တစ်ကြိမ် တစ်ခါမှ မတွေ့မမြင်ခဲ့ဘူးချေ။ ထိမ်းမြား၍ အကြောင်းပါသော အချိန်ကျမှသာ ဦးဖာ၌ ကျောက်ပေါက်မာများ ပါသည်ကို သိရှိရလေသည်။

“မောင်ဖာမှာ ကျောက်ပေါက်မာ ပါမှန်း အိမ်ထောင်ကျမှ သိရတယ်ကွယ်” ဟု တစ်ခါတစ်ရံ ရယ်စရာ မောစရာ ပြောတတ်လေသည်။ ယင်းသို့ ဦးဖာနှင့် အကြောင်းဆက်ပြီးနောက် ယောက္ခမ အိမ်တွင် လိုက်ပါ နေထိုင်စဉ်အတွင်း ၁၈၉၄ ခုနှစ်၌ အကြီးဆုံးသမီး မခင်ညွှန့်ကို ဖွားမြင်ခဲ့သည်။ ထို့နောက် ၁၈၉၅ တွင် ဒုတိယသမီး မဝက်ကို ဖွားမြင်ပြန်သည်။ ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်၊ အင်္ဂါနေ့တွင် မောင်ဘဝင်း (နောင် အာဇာနည် ဦးဘဝင်း) ကို ဖွားမြင်သည်။၎င်းနောက် တတိယ သမီး မရွှေမှန် ဖွားမြင်ခဲ့သော်လည်း သမီးကလေး မရွှေမှန်သည် (၁၃) နှစ် အရွယ် ငယ်စဉ်မှာပင် ကွယ်လွန်တိမ်းပါးခဲ့ရသည်။

ထိုစဉ်က အမေစုသည် ယောက္ခမ အိမ်တွင်လည်း မနေ၊ မိဘနေအိမ်တွင်လည်း မခိုကပ်တော့ဘဲ မိမိတို့ မင်းဝိုင်းကြီးအတွင်း၌ပင် သီးသန့် အိမ်တစ်ဆောင် ဆောက်၍ နေထိုင်ခဲ့လေသည်။ ၁၉၀၅ ခုတွင် ဒုတိယ သားဖြစ်သော မောင်နေအောင်ကို ဖွားမြင်သည်။ ထိုအချိန်က အမေစု၏ တိုက်တွန်းချက်အရ ဦးဖာမှာ လယ်သမားဘဝကို စွန့်၍ ပျော်ဘွယ်မြို့တွင် ဥပဒေသင်တန်း သွားရောက် သင်ကြားသည်။ ယင်းနောက် တတိယတန်း အမိန့်တော်ရ စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ နှစ်ချင်းပေါက်အောင်မြင်သည်။ ထိုအချိန်မှ စ၍ အမေစုသည် လယ်သမား မယား မယ်စုဘဝမှ အမိန့်တော်ရ ရှေ့နေ ကတော် ဒေါ်စုဘဝသို့ မမျှော်လင့်ဘဲ ရောက်ရှိလာလေတော့သည်။

ဦးဖာ ရှေ့နေဖြစ်ပြီး မကြာမီမှာပင် သားမောင်ညိုမောင်နှင့် ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့သော မောင်ထွန်းလင်းတို့ကို တစ်နှစ်ခြားစီ ဖွားမြင်ခဲ့လေသည်။ ထို့နောက် ၁၉၁၁ ခု၊ ဩဂုတ်လ ၂၀ ရက်၊ တနင်္ဂနွေနေ့တွင် မောင်အောင်သန်းမွေး၍ ၁၉၁၅၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ စနေနေ့တွင် မောင်အောင်ဆန်း (နောင် ဗိုလ်ချုပ် အောင်ဆန်း) တို့ကို ထွန်းကားခဲ့လေသည်။ ထို့ကြောင့် အမေစုတွင် သားသမီးပေါင်း ကိုးဦး တိတိ ထွန်းကားခဲ့သည်။ အမေစုမှာ အိမ်ထောင်ကျစ အချိန်မှစ၍ မောင်နေအောင် မွေးသည့် အချိန်အထိ ဆင်းရဲ ပင်ပန်း ကြီးစွာ လုပ်ကိုင် ရှာဖွေကာ အိမ်ထောင့် တာဝန်ကို ထိန်းခဲ့ရသည်။ ခင်ပွန်းသည် ဦးဖာမှာ ငယ်စဉ်က မြင်းစီး အလွန် ဝါသနာပါခဲ့၍ ထိုစဉ်က နတ်မောက်၌ အလွန်ခေတ်စားခဲ့သော မြင်းပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်စီးနခြေင်း ဖြင့်သာ အချိန်ဖြုန်း ခဲ့လေသည်။ အမေစု တစ်ဦးတည်းသာ အိမ်ထောင့်ဝန်ကို ထိန်းသိမ်း၍ သားသမီးများကို ရင်အုပ်မကွာ ကျွေးမွေးပြုစုခဲ့ရလေသည်။

အမေစုသည် ငယ်စဉ်ကစ၍ ကွယ်လွန် အနိစ္စရောက်သည့် အချိန်အထိ ဘုန်းကံပါရမီနှင့် ပြည့်စုံခဲ့သည့် အမျိုးသမီးကြီး ဖြစ်လေသည်။ သမီးအကြီးဆုံး မခင်ညွှန့်မှာ အမေစုနှင့် အလွန်တူသည်။ အိမ်ထောင်သားမွေး အလုပ်မျိုးကို စက်ဆုပ်သည်။ ထို့ကြောင့်ပင် အသက် ၄၅၊ ၄၆ အရွယ်အထိ အိမ်ထောင် မပြုဘဲ မိခင်ကြီးနှင့်အတူ နေထိုင်ခဲ့သည်။ သို့သော် အမေစုသည် ရှေ့ရေးကို မျှော်တွေး၍ သမီးကြီးအား မြေစာရင်းအက်စပက်တော် ဦးသာရင်နှင့်အတူ လက်ထပ်ပေးခဲ့သည်။

သို့သော် ဒုတိယသမီး မဝက်မှာ မိခင်နှင့် ရာသက်ပန် မခွဲလိုသဖြင့် မိခင်က တိုက်တွန်းသော်လည်း ကွယ်လွန်သည့် အချိန်အထိ အပျိုကြီး ဘဝဖြင့် နေထိုင်သွားခဲ့လေသည်။ သားအကြီးဆုံး မောင်ဘဝင်းမှာ မိခင်ကို အလွန် ကြည်ညိုသည်။ ရိုးသားဖြောင့်မတ်သည်။ နတ်မောက်မြို့တွင် မြန်မာ ၉ တန်း အောင်မြင်ပြီးနောက် ရေနံချောင်းသို့သွားရောက်၍ ဘီအိုစီ ရေနံကုမ္ပဏီတွင် စာရေး အလုပ်ကို လုပ်ကိုင်သည်။၎င်းရသော လစာကို စု၍ မိခင်ထောက်ပံ့သော ငွေနှင့် ပူးပေါင်းကာ တက္ကသိုလ် သို့ ဆက်တက်ခဲ့သည်။ သို့ဖြင့် ၁၉၂၉ ခုနှစ်တွင် သင်္ချာဂုဏ်ထူးဖြင့် သိပ္ပံဘွဲ့ (B.Sc) အောင်မြင်ခဲ့သည်။ ထို့နောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် ကျောင်းဆရာကြီး ဖြစ်ခဲ့သည်။ အမေစုသည် သားကြီးအား၎င်းသဘောကျသော တောင်တွင်းကြီးဇာတိ ဦးအံ့ကြီး၊ ဒေါ် ရွှေမေတို့၏ သမီး မခင်စောနှင့် ၁၉၃၅ ခုတွင် ကိုယ်တိုင်စေ့စပ်၍ တောင်းရမ်း လက်ထပ် ပေးခဲ့သည်။ သား၊ ချွေးမ မခင်စော၊ မြေးများ ဖြစ်သော မတင်လှဝင်း၊ မောင်စောဝင်း၊ မောင်အေးဝင်း၊ ခင်မြဝင်း၊ မောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့နှင့် အတူ ဂျပန်တစ်ခေတ်လုံး အတူတကွ နေထိုင်ခဲ့ရသဖြင့် စိတ်ကျေနပ်မှု ရရှိခဲ့သည်။

သားအလတ် မောင်နေအောင်မှာလည်း ၁၉၂၇ ခုတွင် တတိယတန်း ရှေ့နေစာမေးပွဲ အောင်မြင်ပြီးနောက် နတ်မောက်မြို့အနီးရှိ ဘုန်းတော်ပြည့်ရွာသူကြီး ဦးဘိုးလှိုင်၏ သမီးမခင်လေးနှင့် ၁၉၃၀ ပြည့်နှစ်တွင် အမေစုကိုယ်တိုင် တောင်းရမ်း လက်ထပ်ပေးခဲ့သည်။ မောင်နေအောင်မှာ ဂျပန်ခေတ်တွင် တရားမမြို့အုပ် ခန့်ထားခြင်း ခံရသည်။ မောင်နေအောင်မှာ သားအားလုံးအနက် အတူတူ နေရချိန်များသဖြင့် အမေစုသည်၎င်းအပေါ်၌ သံယောဇဉ်ကြီးခဲ့သည်။ မွေးချင်းကိုးယောက်အနက် နို့ညှာဖြစ်သော သား မောင်အောင်သန်း (၁၉၁၁-၁၉၉၁) ကိုလည်း ရန်ကုန်တက္ကသိုလ်တွင် ၁၉၃၄၌ ဝိဇ္ဇာ (B.A) ဘွဲ့ရရှိပြီးနောက် နယ်ပိုင်ဝန်ထောက် ရာထူး ရရှိသည် အထိ ပညာသင်ကြားပေးခဲ့၏။ ဦးအောင်သန်းမှာ တက္ကသိုလ် တွင်နေစဉ် ယစ်မျိုးဝန်ထောက် ဦးဘ၊ ဒေါ်စံတို့၏ တတိယသမီး မခင်နုနှင့် အကြောင်းဆက်မိသည်။ မခင်နု၏ အစ်မ ဒေါ်ခင်တုတ်ကို ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က လက်ထပ်ခဲ့သဖြင့် ဦးအောင်သန်းနှင့် သခင်ထွန်းအုပ်သည် မယားညီအစ်ကို တော်လေသည်။ မခင်နုမှာ အမေစုတို့နှင့် အမျိုးတော်သော တောင်တွင်းကြီး ဇာတိ ဦးဘတင်၏ သမီး ဖြစ်သည့်အတိုင်း အမေစုသည် သဘောကျ ကျေနပ်ကာ အင်းစိန်မြို့သို့ ကိုယ်တိုင် သွားရောက် စေ့စပ် တောင်းရမ်း၍ ၁၉၃၆ ခု၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ကြီးကျယ်စွာ မင်္ဂလာဆောင်ပေးခဲ့လေသည်။ ဦးအောင်သန်းသည် မခင်နုနှင့် သားသမီး ငါးဦး ( စောလှအောင်သန်း၊ မရီရီသန်း၊ မတီတီအောင်သန်း၊ မောင်ချိုအောင်သန်း၊ မငယ်မေသန်း ) တို့ထွန်းကားခဲ့သည်။ သားအထွေးဆုံးနှင့် အလိုလိုက်ရဆုံး မောင်အောင်ဆန်းကိုကား နတ်မောက်မြို့ ဘုန်းတော်ကြီး ဦးဘောဘိတ၏ အထက်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြားပေးပြီးနောက် ၁၉၂၈ မှ ၁၉၃၂ ထိ ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းတွင် ၁၀ တန်း အောင်မြင်သည် အထိ ထားခဲ့သည်။၎င်းနောက် ရန်ကုန်တက္ကသိုလ်သို့ ပို့၍ ၁၉၃၇ တွင် ဝိဇ္ဇာ (B.A) အောင်မြင်သည် အထိ ပညာသင်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် မခင်ကြည်တို့မှာ ဂျပန်ခေတ်အတွင်း ၁၉၄၂ ခု၊ စက်တင်ဘာလ (၆) ရက်၊ တနင်္ဂနွေနေ့တွင် နှစ်ဦးသဘောတူ ချစ်ကြိုက်ကြ၍ B.I.A ပြည်သူ့ဆေးရုံကြီး (ယခု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်) တွင် လက်ထပ်ခဲ့ကြရာ အမေစုမှာ ကိုယ်တိုင်ကိုယ်ကျ အခြားသားသမီး များကဲ့သို့ တောင်းရမ်းလက်ထပ် မပေးရသော်လည်း ဗိုလ်ချုပ်ရာထူး လက်ခံရပြီးနောက် မယားပြ အဖြစ်နှင့် နတ်မောက်မြို့သို့ ဗိုလ်ချုပ်အောင်ဆန်း လာရောက်လည်ပတ်စဉ် မခင်ကြည်အား ခေါ်ဆောင်ခဲ့ရာ ချွေးမကလေး၏ ရိုသေကိုင်းရှိုင်းမှု၊ လိမ္မာရေးခြား ရှိမှု၊ တို့ကို သိမြင်ရသောအခါ အမေစုမှာ သားနှင့် ချွေးမကလေးပေါ်တွင် တပြုံးပြုံးနှင့် ကျေနပ် ဝမ်းမြောက်မိတော့၏။ ထို့နောက် အမေစု အသက် ၆၀ ပြည့်သောနှစ်တွင် ငယ်စဉ်တောင်ကျေးကစ၍ ပေါင်းသင်းခဲ့သော ခင်ပွန်း ဖြစ်သူ ဦးဖာ ၆၇ နှစ်မှာ လူကြီးရောဂါဖြင့် ၁၉၃၁ ခု၊ မေ ၁၈ ရက်တွင် ကွယ်လွန် အနိစ္စရောက်သွားရကား မုဆိုးမ ဘဝဖြင့် သားသမီးများကို အုပ်ထိန်းကာ စောင့်ရှောက်ခဲ့ရသေးသည်။ အသက် ၆၄ နှစ်အရွယ်တွင် အမေစုမှာ လောကဓံတရား၏ ရိုက်ခတ်ခြင်းကို ဒုတိယ အကြိမ် ခံရပြန်သည်။ အချစ်ဆုံး သမီးကြီး မခင်ညွန့် မီးယပ်ရောဂါဖြင့် ၁၉၄၆ တွင် ကွယ်လွန်သွားရာ အမေစုမှာ ပထမဆုံး သမီးအပူကို စတင်ခံစားခဲ့ရလေသည်။ ယင်းနောက် အချစ်ဆုံးသား များ ဖြစ်သည့် ဝန်ကြီး ဦးဘဝင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့မှာ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့တွင် ကျဆုံးသွားခဲ့ရသော အခါ တတိယမြောက် ပြင်းထန်သော အပူမီးကို ခံစားရပြန်လေသည်။ တစ်ဖန် ဦးနေအောင်၏ သမီး မြင့်မြင့်ကလေးမှာ ငယ်စဉ်ကပင် အမေစုနှင့်အတူ လာရောက်နေထိုင်ရကား ‘သားမှာ အချစ်၊ မြေးမှာ အနှစ်’ ဆိုသော စကားကဲ့သို့ မြေးကလေးကို အလွန်ပင် အချစ်ပိုခဲ့လေသည်။ သို့သော် မြင့်မြင့်ကလေးမှာ နတ်မောက်မြို့ ဗိုလ်ချုပ် အထိမ်းအမှတ် နိုင်ငံတော် တန်းမြင့်ကျောင်း၌ ဆဋ္ဌမတန်းတွင် ပညာသင်ကြားနေစဉ် အဖျားရောဂါဖြင့် အမေစု၏ လက်ပေါ်၌ ရုတ်တရက် အနိစ္စရောက်သွားလေရာ အမေစုမှာ စတုတ္ထအကြိမ် မြေးအပူနှင့် ကြုံတွေ့ခဲ့ရသည်။ သို့ဂလို လောကဓံတရားကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော်လည်း တုန်လှုပ်ချောက်ချားခြင်း မရှိဘဲ ရဲဝံ့စွာ ရင်ဆိုင်ကျော်လွှားရင်း နတ်မောက်မြို့ကို ရဲဘော်ဖြူများ သိမ်းပိုက်ထားချိန် အသက် ၇၅ နှစ်အရွယ် ၁၉၅၁ ခု၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္လာနေ့တွင် နတ်မောက်မြို့၌ပင် ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့ရရှာသည်။ အမေစု၏ ဈာပနကို ငါးရက်တိတိထား၏။ ဈာပန ကိစ္စ အဝဝကို အမေစု၏ မောင်ဖြစ်သူ ဘုန်းကြီး ဦးဃောဘိတက ကြီးကြပ်စီစဉ်ပေးခဲ့သည်။ နတ်မောက်၌ ရှိသော ဆွေမျိုးအားလုံးက ဗိုလ်ချုပ်၏ မိခင် ဖြစ်သည့် အတိုင်း ဂုဏ်ဒြပ်နှင့် လိုက်လျော ညီထွေကာ မယ်တော်ပျံကဲ့သို့ ကြီးကျယ် ခမ်းနားစွာ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ခေတ်ကာလ အခြေအနေကို လိုက်၍ ကျဉ်းကျဉ်းနှင့် ကိစ္စပြီးအောင် ပြုလုပ်ရန် ဦးကြီးတော် သိမ်တော်ကျောင်း ဆရာတော် ဦးဃောဘိတ က ဆုံးမခဲ့သဖြင့် အကျဉ်းရုံး၍ ကျင်းပခဲ့ရလေသည်။ အမေစု၏ သက်စေ့အဖြစ် သံဃာတော် ၇၅ ပါး ပင့်ဆောင်၍ တစ်ပါးလျှင် ဝတ္ထုငွေ ငါးကျပ်စီ လှူဒါန်း ပူဇော်ခဲ့ကြလေသည်။

ကိုးကားပြင်ဆင်

  • ဦးအောင်သန်း၊ အောင်ဆန်းမိသားစု၊ ရန်ကုန်၊ ဥဒေါင်းစာပေ၊ ပကြိမ် ၁၉၇၀၊ စာ ၄၃။
  • တက္ကသိုလ်ဆုမြိုင်၊ ဗိုလ်ချုပ်မိခင်၊ မြဝတီမဂ္ဂဇင်း ၁၉၅၃၊ စာ ( ၂၆၇-၂၈၀)

[၁]

  1. ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်ကြီး ဒေါ်စု။ ၂၅ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဇန်နဝါရီ ၂၀၁၂ တွင် ပြန်စစ်ပြီး။