ဦးစံထွားသည် ၁၉၂၀ ကျောင်းသားသပိတ်မှောက် ကျောင်းသားကြီးဖြစ်ခဲ့သည်။ မြို့မကျောင်းအုပ် ဆရာကြီး ဦးအေးသွယ်နှင့် ညီအစ်ကို အရင်း တော်စပ်သည်။ ဆရာကြီး ဦးစံထွားသည် မြို့မကျောင်းဆရာကြီး တစ်ဦးဖြစ်ခဲ့သည်။ မြန်မာနိုင်ငံဘာသာပြန် စာပေအသင်းကို ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့လေသည်။ ပြည်ထောင်စုသားတိုင်း အသိပညာ တိုးပွားစေမည့် ဘာသာခြားဖြင့် ရေးသားထားသည့် စာအုပ်စာတမ်းများကို ဘာသာပြန်ရန်၊ ပြည်ထောင်စု တိုင်းရင်းသား ဘာသာဖြင့် ရေးသားထားသည့် စာအုပ်စာတမ်းများကို နိုင်ငံခြားဘာသာသို့ ပြန်ဆိုရန်၊ မြန်မာမှုအရပ်ရပ်ကို စူးစမ်းရှာဖွေရန်၊ စာအုပ်စာတမ်း အရပ်ရပ်ကို ပုံနှိပ်ဖြန့်ချိရန် စသော ရည်ရွယ်ချက်များ ပါဝင်သည့် အသင်းဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့ကြလေသည်။ အသင်းကိုစီမံအုပ်ချုပ်ရန် အုပ်ချုပ်မှုကောင်စီ အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့လေသည်။ အုပ်ချုပ်မှုကောင်စီအဖွဲ့၏ ဥက္ကဋ္ဌမှာ ထိုစဉ်က ဝန်ကြီးချုပ်ဦးနုဖြစ်သည်။ ဦးစံထွားသည် ဘာသာပြန် စာပေအသင်း ဖွဲ့စည်းပုံအရ အသင်း တစ်ခုလုံး၏ တာဝန်ခံ အုပ်ချုပ်မှု ဒါရိုက်တာ (Managing Director) အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။ [၁]

စံထွား၊ ဦး (ဝဏ္ဏကျော်ထင်) (၁၉၀၃ -၁၉၉၆) ပြင်ဆင်ရန်

ဆရာကြီး ဦးစံထွားကို ၁၉၀၃ ခု၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မော်လမြိုင်မြို့ ၊ ဒိုင်းဝန်ကွင်း၊ ဆီဆုံရပ်၌ အဖ ဦးသာစည်နှင့် အမိ ဒေါ်ရီရီတို့မှ ဖွားမြင်သည်။ ငယ်စဉ်ကပင် မိဘနှစ်ပါး ကွယ်လွန် အနိစ္စရောက်သောကြောင့် ဆွေမျိုးများ ခွဲဝေတာဝန်ယူ စောင့်ရှောက်ခဲ့ရသည်။ ငယ်စဉ်က ဆီဆုံရပ် အနီးရှိ ခေတ်တန်းရပ်တွင် ရှိသော မြန်မာမူလတန်းကျောင်း၌ စတင် ပညာသင်ယူခဲ့ရသည်။ ထို့နောက် ဘုရင်ဂျီ ဘုန်းကြီးကျောင်း (St Patrick’s Institution) သို့ ပြောင်းရွှေ့သင်ကြားသည်။ ၁၉၂၀ ပြည့်နှစ်တွင် ကျင်းပသော ဒသမတန်းတွင် အမှတ်အများဆုံး ကျောင်းသား ၂၀ တွင် ပါဝင်သောကြောင့် ကောလိပ်ပညာသင်ဆု ရရှိသည်။ ထို့ပြင် ဝတ်လုံတော်ရ ဦးချစ်လှိုင် (နောင် ဂျီစီဘီအေ သမ္မတ ဦးချစ်လှိုင်) ၏ ပညာသင် ထောက်ပံ့ကြေးလည်း ရရှိခဲ့သည်။ တက္ကသိုလ် တက်နေစဉ် မမျှော်လင့်ဘဲ ရန်ကုန်တက္ကသိုလ် ပထမဆုံး ကျောင်းသားသပိတ်နှင့် ကြုံခဲ့ရပြီး သပိတ်မှောက် ကျောင်းသား များနှင့် အတူ တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။ ထိုစဉ်က သပိတ်စခန်းမှာ ဗဟန်းကြားတောရ ဦးအရိယ ကျောင်းတိုက်အတွင်းရှိ ဒေါ်ကြုတ်ဇရပ်တွင် ဖွင့်လှစ်ထားသည်။ သပိတ်မှာ အထက်တန်းကျောင်းများပါ ကူးစက်သွားပြီး ကျောင်းသားများအား စည်းကမ်းတကျ ထိန်းသိမ်းထားနိုင်ရန်အတွက် ကျောင်းသား ခေါင်းဆောင်များ စည်းဝေးကာ အမျိုးသား ပညာရေး ကောင်စီကို ဖွဲ့စည်းခဲ့သည်။ အမျိုးသား ပညာရေး ကောင်စီက သတ္တမတန်းနှင့် ဒသမတန်း စာမေးပွဲများကို မတ်လတွင် စစ်ရန် ကြေညာခဲ့သည်။ ထို့ကြောင့် သတ္တမတန်းနှင့် ဒသမတန်းများကို စာသင်ပေးရန် တက္ကသိုလ် ကျောင်းသား ဦးစံထွားသည် ကျောင်းဆရာဘဝသို့ ကူးပြောင်းသွားသည်။ ဤသို့ဖြင့် အမျိုးသား ကျောင်းဆရာ ဘဝကို စတင်ခဲ့ပေသည်။ ၁၉၂၃ ခုနှစ်တွင် မြန်မာနိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေး ပေးခဲ့ပြီး အမ်အေ ဦးမောင်ကြီး က ပညာရေး ဝန်ကြီးချုပ် ဖြစ်လာသည်။ အမျိုးသားကျောင်းများကို ထောက်ပံ့ကြေးပေးခဲ့သည်။ အထောက်အပံ့ခံ အမျိုးသားကျောင်းကို ရွှေတိဂုံ ခြေတော်ရင်း စစ်တန်းလျား နှစ်ခုနှင့် ဂျူဗလီဟော အနီးရှိ စစ်တန်းလျားများတွင် ဖွင့်လှစ်ခဲ့သည်။ ဆရာကြီး ဦးစံထွားသည်လည်း အမျိုးသား ကျောင်း တစ်လျောက်လုံးတွင် ဆရာအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် အမျိုးသား ကျောင်းဆရာကြီး ဦးဘလွင်အား ကျောင်းအုပ်အဖြစ် ခန့်လိုက်သောအခါ မြို့မ အမျိုးသားကျောင်းမှာ တခမ်းတနား ကြီးကျယ်လာတော့သည်။ ဆရာကြီး ဦးဘလွင်မှာ အလွန်စေတနာ ကောင်း၍ မြို့မကျောင်းမှ ကျောင်းဆရာများကို ညနေပိုင်းတွင် ဆရာကြီး ဦးဘလွင်က စာသင်ပေးပြီး ဆရာဖြစ် စာမေးပွဲကို ဝင်ရောက် ဖြေဆိုစေသည်။ ဆရာကြီး ဦးစံထွားမှာ ဦးဘလွင်၏ ကျေးဇူးကြောင့် အလယ်တန်းဆရာဖြစ် စာမေးပွဲကို အောင်မြင်သည်။ ဆရာကြီး ဦးစံထွားသည် ကျောင်းဆရာတာဝန် တစ်ဖက်နှင့်ပင် ကာလကတ္တား တက္ကသိုလ်မှ စစ်ဆေးသော ဥပစာတန်းနှင့် ဝိဇ္ဇာတန်းများကို ဝင်ရောက် ဖြေဆိုရာ ၁၉၂၉ ခုနှစ်တွင် ဝိဇ္ဇာတန်း(B.A)ကို ဝင်ရောက် ဖြေဆိုအောင်မြင်ခဲ့သည်။ ဒုတိယတန်း ရှေ့နေစာမေးပွဲကိုလည်း အောင်မြင်သည်။ ဝိဇ္ဇာတန်း အောင်မြင်ပြီး အထက်တန်း ဆရာ ဖြစ် သင်တန်းကို ဝင်ရောက်ဖြေဆိုရာ အောင်မြင်ပြန်သည်။ ဆရာကြီးသည် ပညာကို မနားမနေ ကြိုးစားရှာဖွေသူ ဖြစ်သည်နှင့်အညီ ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်သော ဘီအယ်လ် (B.L) သင်တန်းကို အချိန်ပိုင်းတက်ရောက် ပြီး ဖြေဆိုရာ ၁၉၃၆ ခုနှစ်တွင် (B.L) စာမေးပွဲကို အောင်မြင်ခဲ့ပြန်သည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးနောက် မြန်မာနိုင်ငံ အထက်တန်းကျောင်းများတွင် အခြေခံ ကမ္ဘာ့သမိုင်းကို သင်ကြားရန် ပြဋ္ဌာန်းလိုက်သည်။ သို့သော် သင်ကြားရန် စာအုပ် လိုအပ်နေသဖြင့် ဆရာကြီး ဦးစံထွားသည် အခြေခံ ကမ္ဘာ့သမိုင်းကို ‘လောကီထုပ္ပတ် လူတို့ဇာတ်’ အမည်ဖြင့် ဘာသာပြန် ထုတ်ဝေခဲ့သည်။ ဆရာကြီး ပြုစုသော အဆိုပါ စာအုပ်မှာ ၁၉၄၇ ခုနှစ်တွင် အကောင်းဆုံး ကျောင်းသုံး စာအုပ်ဆု ချီးမြှင့်ခြင်း ခံရသည်။

ဆရာကြီးသည် မြို့မ အမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ် (စစ်အတွင်း ခရိုင်ပညာရေးမှူး ဘဝအပါအဝင် )( ၂၈ ) နှစ်မျှ အမှုထမ်းခဲ့သည်။ ထို့နောက် စာပေဗိမာန်တွင်လည်း ဒုစာတည်းမှူး၊ စာတည်းမှူး ၊ အုပ်ချုပ်ရေးမှူး စသည်ဖြင့် ၁၉၄၈ မှ ၁၉၆၅ ခုနှစ်အထိ ၁၇ နှစ်ကြာမျှ အဆင့်ဆင့် ထမ်းရွက်ခဲ့သည်။ သို့ကလို ထမ်းရွက်ခဲ့မှုကြောင့် ဆရာကြီး ဦးစံထွားကို အမှတ် ၃၉ အေ၊ အင်းလျားမြိုင်လမ်း၊ ရွှေတောင်ကြား ၁ ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် နေထိုင်ရင်း စာပေများကို လေ့လာလျက်ရှိစဉ်အတွင်း ၁၉၉၆ ခု ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. https://www.myanmarisp.com/2010/Articles-3/art0105/[လင့်ခ်သေ]

အခြားကြည့်ရန် ပြင်ဆင်ရန်