ဦးစံသာအောင် ( ခရစ် ၁၉၂၅ - ၁၉၈၁ ) သည် ရခိုင်နှင့်မြန်မာ လူမှုရေးနယ်ပယ်၊ ပညာရေး နယ်ပယ်၊ စာပေယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ထင်ရှားသူဖြစ်ပြီး ၁၉၇၁-ခုနှစ် အမျိုးသားစာပေဆု၊ သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံဘာသာရပ်) ဆုရ စာရေးဆရာတစ်ဦး ဖြစ်သည်။

ဦးစံသာအောင်


ဆရာကြီးဦးစံသာအောင်ကို ၁၉၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် မြန်မာနိုင်ငံရခိုင်ပြည်နယ်စစ်တွေမြို့၊ ရွှေပြားရပ်၌ အဖဦးသာဇံဦး A.T.M , K.S.M (အငြိမ်းစား စက်ရှင်တရားသူကြီး)၊ အမိဒေါ်မဘု တို့မှ မွေးဖွားသည်။ ငယ်စဉ်က တီတီစီကျောင်း၊ သာယာဝတီ၊ မြင်းခြံ၊ စစ်တွေ အစိုးရ စာသင်ကျောင်းများတွင် ပညာသင်၍ ၁၉၄ဝ ပြည့်နှစ်တွင် တန်းမြင့် ကျောင်းထွက် စာမေးပွဲကို စစ်တွေ အစိုးရ အထက် တန်း ကျောင်းမှ အောင်မြင်သည်။ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးရသည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၀ ပြည့်နှစ်မှ ၁၉၄၁ ခုနှစ်အထိ လည်းကောင်း၊ ကာလကတ္တားတက္ကသိုလ်တွင် ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ လည်းကောင်း ပညာသင်ကြားပြီး ၁၉၄၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဂုဏ်ထူးဘွဲ့ကို အမြင့်ဆုံး ဖြစ်သော ပထမတန်းမှ အောင်မြင်ခဲ့သည်။ ပါမောက္ခဒေါက်တာမောင်မောင်ခ၏ ပထမဦးဆုံး ဂုဏ်ထူးတန်း ကျောင်းသား ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ ဟားဗတ်တက္ကသိုလ်တွင် ဘွဲ့လွန်ရူပဗေဒပညာကို လေ့လာဆည်းပူးခဲ့ရာ သန့်စင်ရူပဗေဒဘာသာဖြင့် မဟာဝိဇ္ဇာ (ရူပဗေဒ) ဘွဲ့ကို ၁၉၅၄ ခုနှစ်တွင် ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွင် ၁၉၅၀ ပြည့်နှစ်မှစ၍ သရုပ်ပြဆရာအဖြစ် စတင်အမှုထမ်းသည် ။ ၁၉၅၁ တွင် ရူပဗေဒ လက်ထောက်ကထိက အဖြစ်လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ကထိက အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် ရူပဗေဒ ပါမောက္ခအဖြစ် လည်းကောင်း အမှုထမ်းသည်။ ၁၉၇၀ပြည့်နှစ်အောက်တိုဘာလတွင် တက္ကသိုလ်များအုပ်ချုပ်ရေးရုံး၌ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံရပြီး ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်များ အုပ်ချုပ်ရေး အဖွဲ့မှ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့လေသည်။ ၁၉၇၂ ခုနှစ်၊ မတ်လတွင် အထက်တန်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။

သိပ္ပံနှင့် ရူပေဗဒနယ်ပယ် ပြင်ဆင်ရန်

ဦးစံသာအောင်သည် ၁၉၅၈ ခုနှစ်မှ စ၍ ပါမောက္ခ ဒေါက်တာမောင်မောင်ခနှင့် တွဲဖက်၍ အထက်တန်းကျောင်းသုံး ရူပဗေဒ စာအုပ်များကိုလည်းကောင်း၊ သိပ္ပံ ဥပစာတန်းများအတွက် အင်္ဂလိပ်-မြန်မာ ရူပဗေဒ စာအုပ်များကိုလည်းကောင်း ရေးသားခဲ့သည်။ တက္ကသိုလ် တတိယနှစ် မက္ကင်းနစ် စာအုပ်ကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ ပါမောက္ခ ဦးစံသာအောင်သည် စာပေအရေးအသား ကောင်းသူ တစ်ဦးလည်း ဖြစ်၍ ၁၉၇၁ ခုနှစ်အတွက် အမျိုးသားစာပေဆုကို သိပ္ပံနှင့် အသုံးချ သိပ္ပံဘာသာရပ်၌ 'ရူပဗေဒအကြောင်း သိကောင်းစရာ' စာအုပ်ဖြင့် ဆွတ်ခူးရရှိခဲ့သည်။ ရခိုင်အမျိုးသား စာဆိုများအနက် ဦးစံသာအောင်သည် အမျိုးသားစာပေဆုကို ပထမဦးဆုံး ဆွတ်ခူးခဲ့သူဖြစ်သည်။ သိပ္ပံ၊ ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ဆောင်းပါးများကို အင်္ဂလိပ်-မြန်မာသတင်းစာများ၊ ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များတွင်ရေးသားခဲ့သည်။ သိပ္ပံဆိုင်ရာ စာအုပ်များ ဖြစ်သော

  • ရူပဗေဒအကြောင်းသိကောင်းစရာ(၁၉၇၁)
  • ကွန်ပျူတာ (၁၉၇၃)
  • အက်တမ်နှင့် နျူကလီးယားစွမ်းအင် (၁၉၇၄)

စသည့်စာအုပ်များကိုလည်း ရေးသားပြုစုခဲ့သည်။

၁၉၅၄ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ် အထိ အိန္ဒိယ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗီယင်နာ အဏုမြူစွမ်းအင် အေဂျင်စီများတွင် ပြုလုပ်သော သိပ္ပံဆွေးနွေးပွဲများ၊ အဏုမြူဓာတ်ပေါင်းဖိုဆိုင်ရာ နှီးနှော ဖလှယ်ပွဲများ၊ သိပ္ပံကိရိယာ နှီးနှော ဖလှယ်ပွဲများ၊ အာကာသသိပ္ပံ ဆွေးနွေးပွဲများသို့ ပြည်ထောင်စု မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဂျပန် နိုင်ငံ၊ ၁၉၇၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ ၁၉၇၇ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု (ယခု ရုရှားဖရက်ဒေးရှင်းနိုင်ငံ) တို့၌ ပညာရေးလုပ်ငန်းများ သွားရောက်လေ့လာခဲ့သည်။

နိုင်ငံရေးနယ်ပယ် ပြင်ဆင်ရန်

၁၉၇၅ခုနှစ် အောက်တိုဘာလ တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအစည်းအဝေးတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင်တွင် အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြောက်ပွဲတွင် စစ်တွေမြို့ မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ အစည်းအဝေးတွင် သဘာပတိ အဖွဲ့ဝင်အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၁၉၇၉ ၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကို ခေါင်းဆောင်၍ အင်ဒိုနီးရှားနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။ [၁]

ယဉ်ကျေးမှုနှင့် ရှေးဟောင်းသမိုင်းသုတေသန ပြင်ဆင်ရန်

ဦးစံသာအောင်သည် ရှေးဟောင်း ပျူ၊ မွန်၊ မြန်မာ အက္ခရာရင်းမြစ် ပညာရှင် ဦးသာမြတ်ကို စံပြု၍ သိပ္ပံ ပညာ နယ်ပယ်မှ ဝိဇ္ဇာပညာရပ် နယ်ပယ်သို့ ကူးပြောင်းလာသူ တစ်ဦး ဖြစ်သည်။ ရခိုင်လူမျိုးတိုင်းရင်းသားများထဲမှ ယဉ်ကျေးမှုသမိုင်းသုတေသီပညာရှင်များ ဖြစ်သော ဦးစံရွှေဘု၊ ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၊ ဦးအောင်သာဦး တို့ထင်ရှားခဲ့သည့်အပြင် ဦးစံသာအောင်သည်လည်း ရူပဗေဒ ပါမောက္ခ၊ အထက်တန်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ထမ်း ဆောင်ခဲ့သော်လည်း ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု ပညာရှင် အဖြစ် ပိုမို ထင်ရှားခဲ့သည်။

သမိုင်းနှင့် ပတ်သက်၍ စာပေများလည်းရေးသားခဲ့ရာ အောက်ပါစာအုပ်များကိုလည်း ရေးသားပြုစုခဲ့သည်။

  • အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မှ ရခိုင်ပြည်သုံးအက္ခရာ(၁၉၇၄)
  • အာနန္ဒာစန္ဒြ ရှစ်ရာစု ရခိုင်ဝေသာလီမင်း (၁၉၇၅)
  • ရခိုင်ဒင်္ဂါးများ (၁၉၇၉)
  • ရှေးဟောင်းရခိုင်ပြည် ဗုဒ္ဓအနုပညာ - The Buddhist Art at Ancient Arakan  (၁၉၇၉) (အင်္ဂလိပ်ဘာသာဖြင့်)

အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မှ ရခိုင်ပြည်သုံးအက္ခရာ(၁၉၇၄) ပြင်ဆင်ရန်

ခေတ်ဦးရခိုင်နှင့် ပတ်သက်၍ ဦးစံသာအောင်၏ ပထမဦးဆုံး သုတေသန လက်ရာမှာ ၁၉၇၄ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေရေးသားခဲ့သော ‘အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည် သုံးအက္ခရာ’ စာအုပ် ဖြစ်သည်။ ဤစာအုပ်နှင့် ပတ်သက်၍ စာရေးသူက နိဒါန်းတွင် -

“ဤစာအုပ်တွင် ရှေးအိန္ဒိယနိုင်ငံသုံး ဗြာဟ္မီ အက္ခရာအကြောင်းကို လည်းကောင်း၊ ဗြာဟ္မီ အက္ခရာများ အကြောင်းကို လည်းကောင်း ဖော်ပြထားသည်။ ယင်းတို့ မည်သို့ ဆင့်ကဲပြောင်းလဲလာပုံကိုလည်း ရှင်းလင်းထားသည်။ ယင်းနောက် ရခိုင်ပြည်နယ်တွင် တွေ့ရသော ကျောက်စာများ၊ ခေါင်းလောင်းစာများ၊ ဒင်္ဂါးစာများ၊ ကြေးနီပြားစာ စသည်တို့ကို သမိုင်း အကျဉ်းချုပ်နှင့်တကွ မူရင်းစာကိုပါ ယနေ့သုံး မြန်မာအက္ခရာဖြင့် ပြန်ဆို ကူးရေး၍လည်း ဖော်ပြထားသည်။ ယင်းရို့ကို စုစည်းပြီး ၆ ရာစု မတိုင်မီ ရခိုင် ပြည် နယ်သုံး ဗျည်းနှင့် သရရို့ကို ထုတ်ယူ၍ ဖော်ပြထားသည်” ဟု ရှင်းလင်းထားသည်။

ထိုသို့ ရှင်းလင်းရာတွင် ဗြာဟ္မီ အက္ခရာများ ခေတ်အဆက် ဆက်ပြောင်းလဲလာပုံ ဇယား၊ ဓာတ်ပုံ၊ အဓိ ပ္ပာယ် ရှင်းလင်းချက်၊ မှတ်ချက်များနှင့် စနစ်တကျ ဖော်ပြထားသည်။ တဖန် ယင်းရို့ကို ခြုံငုံ သုံးသပ်၍ ရခိုင်ပြည်နယ်သုံး အက္ခရာများသည် ပျူအက္ခရာနှင့် လည်းကောင်း၊ ကဒံဗ၊ ပလ္လ အက္ခရာများနှင့် လည်း ကောင်း ကွဲပြား ခြားနားသည်။ ဆင့်ပွား မဟုတ်ဟု တင်ပြထားသည်။ ရှေးဟောင်းရခိုင် အက္ခရာရင်းမြစ် ပြောင်းလဲလာပုံနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် စနစ်တကျ လေ့လာ တင်ပြထားသော သုတေသနလက်ရာ တရပ် ဖြစ်သည်။

အာနန္ဒာစန္ဒြ ရှစ်ရာစု ရခိုင်ဝေသာလီမင်း (၁၉၇၅) ပြင်ဆင်ရန်

ရှေးဟောင်း ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာ့သမိုင်းတွင် ခေတ်အဆက်ဆက် စနစ်တကျ တူးဖော်မှု အားနည်းခဲ့ပါသည်။ ထို့ပြင် ရခိုင် ရာဇဝင်သည်လည်း အခြားသော ရာဇဝင်များ နည်းတူ ဒဏ္ဍာရီဆန်သော ရှေးဟောင်း အစဉ်အလာ ပြောစကားများ၊ ထူးကဲ အံ့ဩဖွယ်ရာများနှင့် ဆက်နွယ်နေသဖြင့် တိကျခိုင်မာမှု မရှိလှပေ။ သို့သော် အေဒီ ၇၂၉ ဝန်းကျင်တွင် ရေးထိုးခဲ့သည်ဟု ယူဆသော အာနန္ဒစန္ဒြ ကျောက်စာကို ရခိုင်ပြည် နယ် မြောက်ဦးမြို့ရှိ သျှစ်သောင်းဘုရား၌ တွေ့ရှိခဲ့ရာမှ ခေတ်ဦးရခိုင် သမိုင်းသည် ပိုမို ပီပြင်လာသည်။ အာနန္ဒစန္ဒြ ကျောက်စာကို သျှစ်သောင်းဘုရား အနီးတွင် တွေ့သာကြောင့် သျှစ်သောင်းဘုရား ကျောက်စာ ဟုလည်း ခေါ်ဝေါ်ကြသည်။  အာနန္ဒစန္ဒြ ကျောက်စာအရ ရခိုင် ဝေသာလီမြို့ဟောင်း သည် မြန်မာ့သမိုင်းတွင် အစော ဆုံး မြို့ပြနိုင်ငံများဟု ယူဆသော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ရို့နှင့် ခေတ်ပြိုင်ဟု ပညာရှင်များ က သတ်မှတ် ကြပါသည်။

အာနန္ဒစန္ဒြ ကျောက်စာကို ပထမဦးဆုံး အဓိပ္ပာယ် ဖော်ထုတ်၍ စာတမ်းရေးသားပြုစုကြသူများမှာ အင်္ဂလန်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ အစရှိသော နိုင်ငံတကာမှ သုသေတနပညာရှင်များဖြစ်ပါသည်။ အာနန္ဒစန္ဒြ ကျောက်စာနှင့်ပက်သက်၍ မြန်မာဘာသာဖြင့် အပြည့်အစုံဆုံး သုတေသန လက်ရာ ပြပါ ဆိုလျှင် ၁၉၇၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဦးစံသာအောင်၏ ‘အာနန္ဒစန္ဒြ၊ ရှစ်ရာစု ရခိုင်ဝေသာလီ မင်း’ စာအုပ် ကို ပြရမည်ဖြစ်သည်။ အဆိုပါစာအုပ်တွင် လိုအပ်သော ဓာတ်ပုံ၊ မြေပုံ၊ ရုပ်ပုံများ အပြည့်အစုံ ပါဝင်သည်။ ကျောက်စာကို တလုံးချင်း အဓိပ္ပာယ် ဖလှယ်၍ ကျောက်စာ ဖတ်ပုံ နည်းစနစ်ကို ရှင်းလင်းထားသည်။ ထို့ပြင် ခေတ်ဦး ရခိုင်မင်းဆက် အမည်များကို ကျောက်စာပါ သက္ကရာဇ်များနှင့် ညှိနှိုင်းထားရာ ရခိုင်သမိုင်း၊ ဒင်္ဂါးနှင့် ဗုဒ္ဓ အနုပညာ လေ့လာလိုသူများ အတွက်ပါ အထူး အသုံးဝင်လှပါသည်။

ရခိုင်ဒင်္ဂါးများ (၁၉၇၉) ပြင်ဆင်ရန်

ဦးစံသာအောင်၏ တတိယမြောက် သုတေသန လက်ရာမှာ ၁၉၇၉ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော ‘ရခိုင် ဒင်္ဂါးများ’ ဖြစ်သည်။ ယင်းစာအုပ်ကို ဦးစံသာအောင် ကွယ်လွန်ပြီးနောက် ၁၉၈၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ Lancashire and Chesice Numismatic Spciety မှ ‘Arakanse Coins’ အမည်ဖြင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။ ဘာသာပြန်သူမှာ မစ္စတာ ရော်ဘင်ဆင် (Mr. Robinson) နှင့် အေးဆက် (Aye Set) တို့ဖြစ်သည်။

ဩစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပင်မလာဂတ်မန်း (Pamela Gutman) သည်လည်း ၎င်း၏ Ph.D ပါရဂူဘွဲ့အတွက် ဦးစံသာအောင်နှင့်တွဲဖက်ကာ ‘ခေတ်ဦးရခိုင်’ (Ancient Arakan[၂]) ဟူသော သုတေသနခေါင်းစဉ်ဖြင့် မြောက်ဦးတွင်သုတေသစာတမ်း ပြုခဲ့ပါသည်။

ဦးစံသာအောင်၏ ‘ရခိုင်ဒင်္ဂါးများ’ စာအုပ်တွင် ဒင်္ဂါးများ ပေါ်ပေါက်လာပုံ၊ ရှေးဟောင်း ရခိုင်ဒင်္ဂါးများ၊ ရခိုင် ဝေသာလီ ဒင်္ဂါး များကို ရခိုင် ရာဇဝင်များနှင့် ညှိခြင်း၊ အာနန္ဒစဏ္ဍန္ဒမင်း ကျောက်စာပါ ရှေးမင်းများ၊ ဒင်္ဂါးစာများ ဖတ်ရန် ဗျည်းနှင့် သရများ၊ ဒင်္ဂါးပြုလုပ်သော ပစ္စည်း၊ အရွယ်အစားနှင့် အလေးချိန်၊ ရခိုင်ဒင်္ဂါး ၁၄၈ပြား၏ ဓာတ်ပုံများ စသဖြင့်ပြည့်ပြည့်စုံစုံဝေဝေဆာဆာဖော်ပြထားပါသည်။ “ရှေးဟောင်း ဒင်္ဂါးတပြားသည် ခေတ်တခေတ်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စာပီ အနုပညာနှင့် ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ ယဉ်ကျေးမှုကြီး တရပ်လုံးကို လွှမ်းခြုံထားရကား အမျိုးသား သမိုင်းကို သိလို သူတိုင်း ဒင်္ဂါးသမိုင်းကို လေ့လာကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုသို့သော သမိုင်းအတွက် ဦးစံသာ အောင်၏ ‘ရခိုင်ဒင်္ဂါးများ’ သည် ပုဗ္ဗမင်္ဂလာပင် ဖြစ်တော့သည်။ သက္ကတဘာသာ ကျွမ်းဝင်လိုသူများ၊ ရှေး ဟောင်း အက္ခရာ လက်ရေးပညာကို လေ့လာလိုသူများ၊ သမိုင်းပညာသျှင်များ၊ ဘောကဗေဒ ပညာရှင် များ စသည်ရို့ လေ့လာထိုက်သည့် ကျမ်းတဆူ ဖြစ် သည်” ဟု ကြိုဆိုဝေဖန်ထားပါသည်။

ရှေးဟောင်းရခိုင်ပြည် ဗုဒ္ဓအနုပညာ(၁၉၇၉) ပြင်ဆင်ရန်

ဦးစံသာအောင်၏ နောက်ဆုံးလက်ရာမှာ ၁၉၇၉ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည့် ခေတ်ဟောင်း ရခိုင် ဗုဒ္ဓ အနုပညာလက်ရာများ ‘The Buddhist Art of Ancient Arakan’ စာအုပ် ဖြစ်သည်။ ဤစာအုပ်တွင် အေဒီ ၈ ရာစု အာနန္ဒြမင်း မတိုင်မီ ရခိုင် ရာဇဝင်လာ မင်းဆက်များ ကို ခေတ် သုံးခေတ် ပိုင်းခြား၍ မင်းဆက် ဇယားများနှင့် တင်ပြသည်။ ထို့နောက် ဓညဝတီနှင့် ဝေသာလီမြို့ဟောင်း တို့ကို မြေပုံအညွှန်းနှင့် အသေးစိတ် လေ့လာ တင်ပြထားသည်။ ထိုမှတဆင့် ရခိုင်ဒေသမှ တူးဖော် တွေ့ရှိရသော ဗုဒ္ဓ ယဉ်ကျေးမှု ဆိုင်ရာ ရုပ်ပွားတော်များ၏ မုဒြာဟန် အမျိုးမျိုးကို ဆွေးနွေး တင်ပြ သည်။ ထို့ပြင် ထူးခြားသော မကိုဋ်ဆောင်း ရုပ်ပွားတော်များနှင့် ပြည့်ဖြိုးဟန် (ဗိုက်ပူ) ရုပ်ပွားတော်များ ကို လေ့လာ ရှင်းလင်း ထား သည်။ ဗုဒ္ဓ ရုပ်ပွားတော်များ အပြင် ရခိုင် ရှေးဟောင်းဒင်္ဂါးများ၊ အုတ်ခွက် များ၊ ကြေးနီပြား၊ ကြေးခေါင်း လောင်းနှင့် ကြေးဆီမီးတိုင် ရုပ်တု အမျိုးမျိုး ဓာတ်ပုံ၊ မြေပုံ ၊ ကျောက်စာ မိတ္တူများ ပါဝင်ရာ ခေတ်ဦးရခိုင် ဗုဒ္ဓ အနုပညာနှင့် ပတ်သက်၍ အားရဖွယ် ကျမ်းတစောင် ဟု ပညာရှင်များ၏ သုံးသပ်မှုကိုရရှိခဲ့သည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။

ဘဝဖြတ်သန်းမှု ပြင်ဆင်ရန်

ဗုဒ္ဓဘာသာကိုးကွယ်သည်။ အားကစား အနေဖြင့် ရေကူးခြင်းကိုအထူးဝါသနာပါခဲ့ပြီး ရန်ကုန်တက္ကသိုလ်ရေကူးအဖွဲ့ချုပ်မှ ၁၉၅၀ခုနှစ်တွင်ကျင်းပခဲ့သည့် အင်းယားကန်ဖြတ်ရေကူးပြိုင်ပွဲတွင်ဆုတံဆိပ်ရရှိခဲ့သည်။

၁၉၅၄ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ ရခိုင်ကုန်သည်မိသားစုမှ သမီးဖြစ်သူ  စောစော(ဒေါ်) (ခ) မော်လီဇံ နှင့်အိမ်ထောင်ကျခဲ့သည်။ သားသမီးများအဖြစ် ဒေါက်တာစောထွန်းအောင်၊ ဒေါက်တာနှင်းပွင့်အောင်၊ ဒေါက်တာရွှေဇင်အောင်၊ ဦးစောမြအောင်တို့ကိုဖွားမြင်ခဲ့သည်။

တက္ကသိုလ်များ တိုင်းရင်းသားစာနှင့် ယဉ်ကျေးမှု ကော်မတီတွင် စတင်တည်ထောင်သည့်နှစ်မှ စ၍ ၁၉၇၀ ပြည့်နှစ် အထိ ဒုတိယ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၀ ပြည့်နှစ်မှ ကွယ်လွန်သည်အထိ နာယက အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဦးစံသာအောင်သည် ၁၉၈၁ ခုနှစ် မေလ ၂၅ ရက်၊ အသက် (၅၆ )နှစ်အရွယ်တွင်ရုတ်တရက် ကွယ်လွန်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှ ထုတ်ဝေသည့် မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်းမာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါသည်။
  2. https://openresearch-repository.anu.edu.au/handle/1885/47122
  • စောထွန်းအောင်၊ ဒေါက်တာ။ ‘ဦးစံသာအောင်နှင့် ဘဝမှတ်တိုင်များ’၊ ရခိုင်တန်ဆောင်၊ အမှတ် ၁၉ (၁၉၆၆) စာ ၁၅-၂၃။
  • စံသာအောင်၊ ဦး။ ‘အေဒီ ခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ’။ ရန်ကုန်၊ ဥမ္မာအောင်စာပေ၊ ၁၉၇၄။
  • တိုးလှ၊ ဦး။ ‘ရခိုင်ဒင်္ဂါးများ၊ စာအုပ်ဝေဖန်ချက်’၊ တက္ကသိုလ် ပညာပဒေသာ စာစောင်။ တွဲ ၁၃၊ မှတ် ၅ (စက်တင်ဘာ ၁၉၇၉) စာ ၁၇ဝ-၁၇၂။
  • Embree, John F.Biliography of the People’s and cultures of Mainland Southeast Asia, by John F. Embree and Lillian Ota Dotson. New Haven: Yale University, 1950.