ဆင်ခိုးမကလေး

မြန်မာ့အက သဘင်သည် (၁၈၅၂-၁၉၃၀)

ဆင်ခိုးမကလေးသည် မြန်မာသဘင်လောကတွင် အဆိုအက နှစ်ဌာန၌ နာမည်ကျော်ကြားခဲ့သူ သဘင်ပညာရှင်တစ်ဦးဖြစ်သည်။ သူ၏ငယ်မည်မှာ မရွှေမျှင် ဖြစ်၍၊ သက္ကရာဇ် ၁၂၁၄-ခုနှစ်တွင် တောင်တွင်းကြီးမြို့၌ ဖွားမြင်၏။ ဆင်ခိုးမကလေးသည် ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်နှင့် အသားအရေ ညိုစိမ့်စိမ့်ရှိ၍၊ ချောမောလှပ ယဉ်ကျေးသည်။ ငယ်စဉ်ကပင် အကတတ်မြောက်၍၊ မြေဝိုင်းမင်း သမီးဖြစ်ခဲ့၏။ ပထမဦးစွာ တွင် တောင်တွင်းကြီးမြို့ လယ်တော်အုပ်နှင့် အကြောင်းပါ၍၊ 'ညာဘွား'နှင့် 'သက် ထား'အမည်ရှိသော သားနှစ်ယောက်ကို ရသည်။ ထို့နောက် ၁၂၃၆ ခုနှစ်ခန့်တွင် မန္တလေးသို့ တက်ရောက်ရာ၊ ရနောင်မင်းသားမြင်၍ သိမ်းပိုက်မည်ပြုလေသည်။ ထိုအခါ ဆင်ခိုးမကလေးက 'ကျွန်မမှာ ငယ်လင် ယောက်ျား လက်ရှိဖြစ်သည်။ သူနှင့်ကွာရှင်းပြီးမှ အသိမ်းအပိုက်တော်ခံဝံ့ပါမည်'ဟုလျှောက်၍၊ ရနောင်မင်းသားသည် သားအကြီး ညာ ဘွားကို မန္တလေးတွင်ထားခဲ့စေပြီးလျှင် တောင်တွင်းကြီးသို့ လယ်တော်အုပ်နှင့် ကွာရှင်းရန် ဆင်ခိုးမကလေးကို ပြန်လွှတ် သည်။ တောင်တွင်းကြီး၌ လယ်တော်အုပ်နှင့် ကွာရှင်းပြီးနောက် ဆင်ခိုးမကလေးသည် မိန်းမတစ်ဦးအား ငွေ ၅ဝဝိ/ ပေး၍၊ မိမိခင်ပွန်းဟောင်းကို မိမိကိုယ်စား ပြုစုရန်မှာကြားပြောဆိုရလေသည်။ ဤသို့စီစဉ်နေခိုက်တွင်ပင် ရနောင်မင်းသားက ကြာသည်ဟု ခြေမြန်တော်များလွှတ်၍ တောင်တွင်းကြီးမှ ဆင်နှင့်တင်၍ ခေါ်စေသည်။ ယင်းကိုအကြောင်းပြု၍ ဆင်ခိုးမ ကလေးဟု တွင်သည်။ လယ်တော်အုပ်မှာကား ဆင်ခိုးမကလေးကို တမ်းတ၍ ရူးမတတ်ဖြစ်လျက် ကျန်ရစ်ရှာလေသည်။

အမည်တွင်ပုံ ပြင်ဆင်ရန်

ရနောင်မင်းသားသည် ဆင်ခိုးမကလေးအား လွန်စွာမြတ်နိုးတော်မူသဖြင့် ဇနီး ၆ ယောက်တွင် အထူးပြု၍ အိမ်တော်သော့ကိုအပ်သည်။ ရနောင်မင်းသားနှင့် သင့်မြတ်၍ ဖွားမြင်သော သားတော်တစ်ပါးမှာ အခါလည်အရွယ်တွင် သေဆုံးသွားသည်။ ရနောင်မင်းသားသည် မှုပြစ်မကင်း၍ ရာဇဝတ်တော် သင့်သောအခါတွင် ဆင်ခိုးမကလေးသည်လည်း ရိုက်ဒဏ် ၁၃ ချက်ခံရ၏။ ထို့နောက် ရွှေလှံဗိုလ်အိမ်တွင် ခြေချင်းခတ်၍ အချုပ်ချထားရာမှ သီပေါမင်း၏ မိဘုရားခေါင်ကြီးအမိန့်နှင့် လွှတ်လိုက်လေသည်။ ဆင်ခိုးမကလေးသည် မိဘုရားခေါင် ကြီး၏ ချစ်မြတ်နိုးခြင်းကို ခံယူရ၏။ 'ဆင်ခိုး၊ ယိုးဒယားသင်စေ'ဟု မိန့်တော်မူ၍၊ ယိုးဒယားရာမ ဆရာဦးဖိုးမြထံတွင် ၃နှစ် ပညာသင်ယူရလေသည်။ မိဘုရားခေါင်ကြီးက 'နိုင်ငံတော်တွင် ဆင်ခိုးအပြင် မင်းသမီးမရှိစေနှင့်'ဟုပင်မိန့်၍ မြှောက်စား တော်မူသည်။ အကျဉ်းခံနေရသော ရနောင်မင်းသားသည် မိမိကိုယ်ကို ကတ်ကျေးနှင့်ထိုး၍ အဆုံးစီရင်လိုက်ပြီးသည့်နောက်၌ မိဘုရားခေါင်ကြီးက ဆင်ခိုးမကလေးကို အိမ်ထောင်သစ်ချထားပေးမည်အပြုတွင် ဆင်ခိုးမကလေးက မိမိ၏ ခင်ပွန်းဟောင်း ရှိသေးကြောင်းနှင့် လျှောက်တင်သဖြင့် တောင်တွင်းကြီးရှိ လယ်တော်အုပ်ကို အမြန်ခေါ်စေ၍ ပြန်လည်လက်ဆက် ပေးလေသည်။

အင်္ဂလိပ်ခေတ် ပြင်ဆင်ရန်

မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်စိုးသောအခါ ဆင်ခိုးမကလေးသည် နာမည်ကြီး ဇာတ်တော်ကြီးထွက် မင်းသမီးဖြစ်သည့်အားလျော်စွာ မိမိပညာကို မတိမ်ကောစေအောင် ဇာတ်ထောင်၍ ကပြရင်း ရှာဖွေစားသောက်ခဲ့ရရှာလေသည်။ မန္တလေး အပျက်တွင် အရှင်နှစ်ပါး ပါတော်မူကြောင်းကို ဖွဲ့နွဲ့သီဆိုခဲ့ရာ ဆုလာဘ်များစွာရခဲ့၏။ ထို့ပြင်လည်း ရတနာဂီရိစံ သီပေါမင်း တရားကြီး၏ သမီးတော်များနားထွင်းမင်္ဂလာ ကျင်းပခဲ့စဉ်က ရတနာဂီရိသို့ သွားရောက်အသုံးတော်ခံခဲ့ရသည်။ ထို့နောက် ကြည့်မြင်တိုင်ငါးကျော်ဖိုမှ အရပ်လူကြီး မောင်မောင်ဘနှင့် အကြောင်းပါ၍ သားတစ်ယောက်ရ၏။

ဘဝနိဂုံး ပြင်ဆင်ရန်

သားအကြီး မောင်ညာဘွားသည် လူရွှင်တော်ဘဝမှ ဆိုင်း ဆရာဖြစ်လာပြီးနောက် ကုန်သည်လုပ်သည်။ သားအငယ် မောင်သက်ထားမှာမူ မိခင်ပညာကိုဆက်ခံ၍ ဇာတ်မင်းသား ဖြစ်လာသည်။ နတ်မောက်၊ ကျောက်ပန်းတောင်းနှင့် တောင် တွင်းကြီးနယ်တွင် ဆင်ခိုးမကလေး၏အမည်ကို အထူးလူသိ များသည်။ ဆင်ခိုးမကလေးသည် အဆိုအကပညာတွင် ပိုင်ပိုင် နိုင်နိုင်ရှိ၍၊ လက်ညှိုးထိုးကရာ၌ အလွန်ယဉ်ကျေး၏။ အထူး သဖြင့် 'ခရာသံ'ဒိုးပတ်အက အလွန်ကောင်းသည်ဟု ဆိုလေ သည်၊ အရွယ်ကြီးသည့်အချိန်တွင် စီးပွားရေးချို့တဲ့၍၊ မိမိပညာ ၏ တန်ဖိုးကို အကျိုးမခံရဘဲ၊ ဆင်းရဲငြိုငြင်စွာ အသက် ၇ဝ ကျော်အရွယ်၌ ကွယ်လွန်သွားလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)