အလင်္ကာကျော်စွာ စောင်းပညာရှင် ဆရာညိန်း ပြင်ဆင်ရန်

ခေတ်သစ် စောင်းပညာရှင် ဆရာညိန်းသည် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နေ ပန်းထိမ်ဆရာကြီး အမှုခင်(ခေါ်)ဦးခင် နှင့် ဒေါ်မိမိ တို့မှ ၁၂၄၀ ပြည့်နှစ်တွင် ဖွားမြင်သည့် သားဦးရတနာဖြစ်သည်။ အစ္စလာမ်ဘွဲ့အမည်မှာ အဗ်ဒူလ် ကရင်မ် ဖြစ်သည်။

ဖခင်ကြီး အမူခင်သည် ပန်းထိမ်လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသော်လည်း စောင်းပညာကို ထူးချွန်စွာ တတ်မြောက်သူ ဖြစ်သည်။ မင်းညီမင်းသားများအား စောင်းပညာကို သင်ကြားပေးသဖြင့် ဆုတော်လာဘ်တော်များ မကြာခဏ ချီးမြှင့်ခံရသည်။

အမူခင်သည် ပန်းထိမ်လုပ်ငန်း နားသည့်အချိန်များတွင် စောင်းကို တီးခတ်ပျော်မွေ့နေလေ့ရှိသည်။ ၇-နှစ်သားအရွယ်တွင် ဆရာညိန်းသည် ဖခင်၏စောင်းကို ယူတီးလေ့ရှိသဖြင့် ဖခင်ကြီးက သားငယ်မမီနိုင်သော ခပ်မြင့်မြင့် တစ်နေရာတွင်စောင်းကိုတင် ထားရသည်။ ဆရာညိန်းသည် ဖခင်ကြီး လစ်သည်နှင့် ကုလားထိုင်ပေါ်တွင် ခုံဆင့်ပြီး စောင်းကို ရအောင်ယူကာ တီးခတ်လေ့ရှိသည်။

ဆရာညိန်း၏ စောင်းဝါသနာ ထက်သန်မှုကို ဖခင်ကြီး သိရှိသည့် အခါ မိမိတပည့်များ စောင်းပညာ လာရောက် ဆည်းပူးချိန်တွင် သားငယ်ကို အနားတွင်ထိုင်၍ ပညာယူစေသည်။ စိတ်ဓာတ်ပြင်းပြသော ဆရာညိန်းသည် ဖခင်ထံမှ စောင်းပညာ အမွေကို စနစ်တကျ ခံယူနိုင်ခဲ့သည်။

ဆရာညိန်းသည် နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးဖိုးစိန်နှင့် ဦးစိန်ကတုံးတို့၏ ဇာတ်သဘင်များကိုလည်း မပြတ်ကြည့်ရှုသည်။ အပြော အဆို၊ အငို၊ အချီအချ၊ ကနည်းကဟန် ကကွက်၊ ဆိုင်းချက်စည်းဝါး တို့ကို လေ့လာသည်။ ဆိုင်းစုံ၊ ပတ္တလား၊ နှဲ၊ ပလွေ၊ မောင်း၊ ဆိုင်းပါ မကျန် တီးပုံတီးနည်းများကို အထူးစိတ်ဝင်စားစွာ မှတ်သားသည်။

မကြာမီ ဆရာညိန်းသည် သီချင်းကြီး၊ သီချင်းခံ၊ ဘွဲ့၊ ဘောလယ်၊ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ယိုးဒယားတို့ကိုပါ သံနေသံထား ဆီလျော် ခံ့ညားအောင် ရေးစပ်နိုင်သည်အထိ ကျွမ်းကျင်လာသည်။ မိဘများက ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာသောအခါ ဆရာညိန်းသည် ရန်ကုန်ရှိ ဂီတပညာရှင်ကြီး များထံမှ ဆက်လက်လေ့လာ ဆည်းပူးသည်။ အခြေခံ ခိုင်မာအောင် ကြိုးပမ်းသည်။ ဆရာညိန်း၏ အားထုတ်မှု၊ စောင်းပညာ ကျွမ်းကျင်မှုသတင်းသည် နယ်များသို့ ပျံ့နှံ့သွားသည်။ ဆရာညိန်းသည် ရှင်ပြုနားသ၊ ထိမ်းမြားမင်္ဂလာ၊ ပွဲနေပွဲထိုင်၊ ဂုဏ်ပြု ဧည့်ခံပွဲများပါမကျန် လက်ခံတီးရသည်။ ဆရာညိန်း၏ ပညာဂုဏ် တစ်ဟုန်ထိုး ကျော်ကြားသွားသည်။

ဆရာညိန်းသည် နိုင်ငံခြားမှလာသည့် ဂီတာကို မြန်မာတီးဟန်ဖြင့် တီးနိုင်စေရန် သံမှန်ကို လေးပေါက်ကြိုးဖြင့် ပြောင်းကာ မြန်မာဟန်ဖြင့် စတင်တီထွင်သူ ဖြစ်သည်။ ထို့ကြောင့် ရကန် ဦးတင်သည် မန္တလေးနှင့် သီပေါတွင် ဆရာညိန်းထံမှရသည့် ဂီတာကြိုး ညှိနည်းဖြင့် မြန်မာ သီချင်းကြီးများကို တီးနိုင် စွမ်းပြနိုင်ခဲ့သည်။ ဂီတာစိမ်းမောင်မှာ နောက်မှ ရကန် ဦးတင်ထံမှ ပညာရခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ ရှေးတယောထိုးနည်းမှ အနောက်နိုင်ငံ တယောပြားကို ထိုးနည်းအဖြစ် တီထွင်သူမှာလည်း ဆရာညိန်းပင်ဖြစ်သည်။ ဆရာညိန်းသည် စောင်းကြိုး ၁၃ ကြိုးမှ ၁၅ ကြိုးထိ တီထွင်သူဖြစ်သည်ဟု ဆရာ ဦးအောင်သန်းကဆိုသည်။ ၁၄ ကြိုးကို ပုလဲသံစဉ် ညှိ၍ မည်သည့်သီချင်းကိုမဆို ပုလဲသံစဉ်ဖြင့်ရအောင် တီးနိုင်သဖြင့် ပုလဲဝိဇ္ဖာ ဆရာညိန်း ဟုလည်းတွင်သည်။

ဆရာညိန်းသည် တူတော်သူ မောင်အေး(အလင်္ကာကျော်စွာ ရွှေပြည်အေး) တို့နှင့်အတူ သီပေါသို့ ရောက်ခဲ့သည်။

သီပေါ ဟော်နန်းတွင် စောင်းတီးလက်စွမ်းပြစေရာ ဟော်တွင်ရှိနေသော စောင်းဆရာကြီး ဣန္ဒာဒေဝ မောင်မောင်ကြီးက “ဆရာညိန်း စောင်းတီးနေပုံကို အံ့ဩမဆုံးဖြစ်ပြီး ပုလဲသံစဉ် တီးစွမ်းသူအနေနှင့် မိမိ၏တစ်သက်တွင် မတွေ့ဘူးသေးကြောင်း တအံ့တဩ ချီးကျူးခဲ့ကြောင်း ဒေါ်စောမြအေးကြည်ထံမှ ကြားသိရသည်။

ဆရာညိန်းသည် ရသမျှ ဂီတပညာကို ယူတတ်သကဲ့သို့ ရှိသမျှ ဂီတပညာကို ပေးတတ်သူဖြစ်သည်။ ဂီတဝိသောဓနီ ကျမ်းဖြစ်မြောက်ရေးအတွက် စောင်းဆရာကြီး မာမူမောင်မောင်လတ်ကို များစွာအထောက် အကူပြုခဲ့သည်ဟု သိရသည်။

တေးဂီတအနုပညာလောကတွင် ကျင်လည်နေသော ဆရာညိန်းသည် စန္ဒရား ဆရာကြီး ဦးနု၏နှမ မအုန်းပွင့်ကို နီးနီး ကပ်ကပ် စောင်းပညာ သင်ကြားပေးရင်း မအုန်းပွင့်နှင့် အကြောင်းပါသည်။ သားသမီး မထွန်းကားသဖြင့် ဦးနု၏ အငယ်ဆုံးသား နို့စို့အရွယ်ကလေးကို ချစ်ခင်တွယ်တာပြီး သားရင်းပမာ မွေးစားသည်။ ကလေးသည် ငယ်စဉ်က အေးလွန်းလှသောကြောင့် မောင်အေးဟု ဆရာညိန်းကိုယ်တိုင်က အမည်ပေးခဲ့သည်ဟု (မိုးသောက်ကြယ်မဂ္ဂဇင်း) တွင် ပခုက္ကူ ဦးဘတင်က တင်ပြထားသည်။

စွယ်စုံကျမ်းလာ အလင်္ကာကျော်စွာ ရွှေပြည်အေး အတ္ထုပတ္တိတွင် –

“ရွှေပြည်အေးကို မွေးကင်းစကပင် ရန်ကုန်အနောက်ပိုင်း ၄ လမ်းနေ ဦးနု၏ယောက်ဖနှင့် နှမဖြစ်သူ ဦးအောင်ဖြိုး ဒေါ်ခင်တို့က ဖခင်၏ နေ့နံနှင့်မသင့်ဎ ခေါ်ယူမွေးစားခဲ့သည်။ ရွှေပြည်အေး၏ မွေးစားဖခင် ဦးအောင်ဖြိုးအိမ်၌ ဦးအောင်ဖြိုး၏ နှမဖြစ်သူ ဒေါ်အုန်းပွင့်၏ခင်ပွန်း ဘိလပ်ပြန် စောင်းဆရာညိမ်း တို့လည်း အတူတကွနေထိုင်ကြရာ ရွှေပြည်အေးမှာ ငယ်စဉ်ကပင် ဂီတ အနုပညာနှင့် ပွန်းတီးခဲ့ရသည်။ ငယ်စဉ် ၆ နှစ်သား အရွယ်ကပင် အကအခုန်ဝါသနာထုံသဖြင့် အဆိုရခက်သော ဖိုးစိန်နှင့်အောင်ဗလ တို့၏ သီချင်းများကို မထစ်မငေါ့ သီဆိုနိုင်လေသည်။

ကိုးနှစ်သားအရွယ် မင်းပွဲစိုးပွဲများ၌ စောင်းဆရာညိမ်း၊ စန္ဒရား ဦးဘလတ်၊ ဦးသာဒင်စသည့် ဂီတပညာရှင်ကြီးများ သီဆို တီးမှုတ်သော တူရိယာဝိုင်းတွင် သီချင်းကြီး သီချင်းခန့်များကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သဖြင့် ကလေးအဆိုတော် တင်မောင်အေး အမည်ဖြင့် လူသိများခဲ့သည်။

ရွှေပြည်အေးသည် စောင်းဆရာညိမ်း၊ တယောဘရီ၊ ရကန်ဦးတင်စသည့် ပညာရှင်များထံမှ တွေ့မြင် မှတ်သား သင်ကြားရာ ၁၀ နှစ်သား အရွယ်မှာပင် တယောထိုးကောင်းစွာ တတ်ကျွမ်းခဲ့သည်။ ၁၃ နှစ်သားတွင် မွေးစားဖခင်မိခင်များ ကွယ်လွန်သွားသော်လည်း စောင်းဆရာညိန်းနှင့် ဇနီးတို့က သား အဖြစ်ဆက်လက် မွေးစားသည်။ ဆရာညိန်းသည် မြန်မာ့ တူရိယာ ဂီတပညာရှင်များကို ချီးမြဩင့်အားပေးနေသော သီပေါ စော်ဘွားကြီး ဆာစော ချယ်ထံသို့ သွားရောက်သည့်အခါ သား တပည့်ရွှေပြည်အေးကို ခေါ်ဆောင်သွား၍ စော်ဘွားကတော် ဒေါ်စောမြအေးကြည်ထံတွင် သီချင်းကြီး၊ သီချင်းခန့်၊ ကြိုးသီချင်းများကို သင်ကြားစေခဲ့သည်။ ရွှေပြည်အေးအား ငယ်စဉ်ကပင် မိဘများက စိန်ဂျွန်း အထက်တန်းကျောင်း၌ အပ်နှံပညာသင်ကြားပေးသော် လည်း အဋ္ဌမတန်းအထိသာ ပညာသင်ကြားခဲ့ပြီး ဂီတနယ်တွင်သာ ပျော်မွေ့ခဲ့သည်” ဟု ဖော်ပြပါရှိသည်။

ဦးဘတင်အဆိုအရ ဆရာညိန်း၏ဇနီးသည် ဦးနု၏နှမ ဒေါ်အုန်းဖြစ်ပြီး ဆရာညိန်းသည် ရွှေပြည်အေးကို မွေးစကပင် မွေးစားသည် ဟူ၍ ဖြစ်သည်။ စွယ်စုံကျမ်းလာ ရွှေပြည်အေး အတ္ထုပတ္တိ အရ ဆရာညိန်း၏ ဇနီးမှာ ဦးနု၏ ယောက်ဖဖြစ်သူဦးအောင်ဖြိုး၏နှမ ဒေါ်အုန်းပွင့်ဖြစ်ပြီး ရွှေပြည်အေး ၁၃ နှစ်သားအရွယ် မူလမွေးစားမိဘများ ကွယ်လွန်ချိန်မှ ဆရာညိန်းနှင့် ဇနီးတို့က သားအဖြစ် ဆက်လက်မွေးစားသည်ဟူ၍ ဖြစ်သည်။

စာပေဗိမာန်ထုတ် မြန်မာ့စောင်း ဒုတိယတွဲတွင် ဖော်ပြထားချက်များနှင့် လုံးဝကွဲလွဲပါသည်။

ဆရာညိန်းသည် အားလပ်သည့် အချိန်များတွင် အနားမနေဘဲ မြန်မာ သမားတော်ကြီးများထံ မြန်မာ့ ဗိန္နောဆေးပညာကို ဆည်းပူးသည်။ မြန်မာ့ဆေးကျမ်းများဖြစ်သော နရသုခိ၊ နရမာလာ၊ နရတန်ဆောင် စသော ဆေးပညာကို ကျွမ်းသည်။ ရောဂါများကို ပိုင်နိုင်စွာကုသနိုင်သဖြင့် ဝေဒနာရှင်များက ဆရာညိန်းကို အားထားယုံကြည်ကြသည်။

ပဉ္စမမြောက် ဂျော့ဘုရင် နန်းတက်ပွဲကျင်းပသည့် ၁၉၁၀ ခုနှစ်တွင် အသုံးတော်ခံရန် အင်ပါယာတစ်ဝန်းရှိ ဂီတအနုပညာ သည်များအား ဖိတ်ကြားသည်။ ဤတွင် မြန်မာ့ယဉ်ကျေးမှု ဂီတအနုပညာသည် ဆရာညိန်းလိုက် ပါရသည်။ (အင်္ဂလန်နိုင်ငံ)တွင် ဆရာညိန်းက မြန်မာ့စောင်းကို လက်စွမ်းပြ တီးခတ်ရာ အတိုင်းတိုင်း အပြည်ပြည်က လာရောက်လာသူ အပေါင်းက အထူးချီးကျူး ဩဘာပေးကြသည်။ ထိုပွဲတွင် ဆရာညိန်းသည် မြန်မာ့ဓလေ့ ထုံးစံအတိုင်း ခေါင်းပေါင်းဆံစ ဖော်ပေါင်းသည်။ မြန်မာ့ဝတ်စား တန်ဆာ ရင်ဖုံးအကျီနှင့် တောင်ရှည် ပုဆိုးကို သပ်ရပ်စွာ ဆင်မြန်းသည်။ နိုင်ငံခြားပရိသတ် အပေါင်းက တအံ့တဩ ကြည့်ရှုကြသည်။ ဆရာ့ပုံတူ ပန်းချီလာဆွဲသူတို့ များလှသဖြင့် ပုံဆွဲချိန်တစ်ခု သတ်မှတ်ပေးရသည်။

နိုင်ငံရပ်ခြားတွင် ဆရာညိန်းသည် မန္တလေးမြို့က ဦးဘ ဒေါ်မေတို့၏ သားကြီး၊ အင်္ဂလန်သို့ ပညာတော်သင် ရောက်နေသူ တူတော်မောင် ကိုဆက်၏ မိတ်ဆက်ပေးမှုဖြင့် စကော့လူမျိုး ဆရာဝန်တစ်ဦး၏ သမီးလေး နှင့်ဆုံသည်။ ကိုဆက်သည် နောင်အခါ ဆေးပါရဂူကြီး ဖြစ်လာသည်။ မိခင်ဒေါ်မေသည် ဆရာညိန်း၏ အစ်မတော်သည်။ စကော့ ဆရာဝန် သမီးလေးသည်သွေးလေ ချောက်ချားပြီး စိတ္တဇပမာ ခံစားနေရသည့် ဝေဒနာသည် ဖြစ်သည်။ ဆရာညိန်းက မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် သွေးလေ၊ သလိပ် သည်းခြေစသည်ဖြင့် ခွဲခြားပြီး ဆေးတိုက်ကျွေးသည်။ ဆရာသည် စိတ်ပညာဖြင့် ရောဂါကိုကုသရာ၌ တူရိယာနှင့် ကုသည့်နည်းကို အထူး ယုံကြည်သည်။ မိမိစောင်းကို သာယာနာပျော်ဖွယ် တီးခတ်ပြသည်။ ဝေဒနာရှင်သည် စောင်းသံတွင် စိတ်ညွတ်နူးပြီး ရောဂါ တဖြည်းဖြည်း ပျောက်ကင်းသွားသည်။ ဤသတင်းကို ကြားရသူအပေါင်းက တအံ့တဩ ဖြစ်ကုန်ကြရသည်။ နောက်ထပ်လည်း အလားတူ ဝေဒနာရှင်နှစ်ဦးကို ဆက်လက် ကုသအောင်မြင်သည်။ အံ့ဩဖွယ် မြန်မာ့ကုထုံးကို ချီးကျူး သည့်အနဖြေင့် ဆရာဝန်ကြီးများအသင်းက ဆရာညိန်းအား Mental Specialist စိတ်ပညာ အထူးကုဘွဲ့ ချီးမြှင့်သည်။

ဆရာကြီးထံ ပညာသင်ကြား ဆည်းပူးခဲ့ကြသူများတွင် ပြည်မြို့ နဝင်းရပ် တူရိယာဆရာကြီး ဦးမောင်လေး ဂီတာ ဦးစိန်းမောင်၊ အလင်္ကာကျော်စွာ ရွှေပြည်အေး၊ ဒေါ်အေးမိ၊ သင်္ချာပါမောက္ခ ဦးအောင်လှ၏ ဇနီး ဒေါ်မေသန်းစသည့် မြန်မာအနုပညာ မြတ်နိုးသူများ ပါဝင်သည်။

ဆရာညိန်းသည် ဇနီးသည် ကွယ်လွန်သော် နောက်ထပ် မွေးစားသားတစ်ဦးဖြစ်သည့် တူဝမ်းကွဲတော်သူ ဗလညိမ်းနှင့်အတူ ရန်ကုန်၊ ကျောက်မြောင်းရပ်တွင် နေထိုင်သည်။ မြန်မာ့တိုင်းရင်းဆေး ပညာဖြင့် ဝေဒနာသည်များအား စေတနာဖြင့် ဆေးကုသပေး သည်။ ဗလညိမ်းသည် စောင်းတီးသာမက အဆိုအကတွင်လည်း အလွန်တော်သည်။ စောင်းတီးရာတွင် ဆရာ့နည်းတူ (စောင်းအခေါ်) လက်ညှိကောင်းသူဖြစ်သည်ဟု သိရသည်။

ထိုစဉ် ကိုလံဘီယာဓာတ်ပြား ကုမ္မဏီက ဆက်သွယ်လာသဖြင့် ပရိသတ်အများ ကြိုက်နှစ်သက်ကြသည့် ပုလဲပေါက်ပါသည့် သီချင်းများကို တီး၍ ဓာတ်ပြားသွင်းပေးခဲ့သည်။ ဆရာညိန်း ဝင်ငွေကောင်းခဲ့သည်ဟု သိရသည်။

ဆရာညိန်းသည် မြန်မာ့တူရိယာ ရိုးရာမပျက်ရန် ပန်တျာမူမှန် ညှိနှိုင်းရေးအဖွဲ့ဝင်အဖြစ် ဂီတမူမှန် ထုတ်လုပ်ရေးလုပ်ငန်းကို ဆောင်ရွက်သဖြင့် အလင်္ကာကျော်စွာဘွဲ့ကို ချီးမြှင့်ခြင်းခံရသည်။

ဆရာညိန်းသည် အသက် ၈၀ ကျော်အရွယ်ရောက် သော်လည်း မျက်စိကောင်းသည်။ (မျက်မှန်မပါဘဲ) စာကိုဖတ်နိုင်သည်။ သွားခိုင်ခံ့သည်။ ကွမ်းသီးကို ညက်အောင်ဝါးနိုင်သည်။ သက်လုံကောင်းသည်။ ခရီးရှည် လမ်းလျှောက်နိုင်သည်။ ဆံပင်အနည်းငယ်ဖြူ သည်မှအပ ကျန်းမာရေး ကောင်းသဖြင့် သမားတော်ကြီး ပီသသည်ဟု ဆိုကြသည်။

ဆရာညိန်းတွင် ဒေါ်ရီနှင့် ဒေါ်ရန်ဟူ၍ မွေးချင်းနှစ်ဦးရှိသည်။ ဒေါ်ရီ၏သမီး မအမာစီနှင့် ဒေါ်ရီ၏သား မဂိုလမ်းယူနီဗာဆယ် ကုမ္ပဏီပိုင်ရှင် ကိုခင်ထွန်းတို့က အိုမင်းပြီဖြစ်သော ဆရာညိန်းအား မိမိတို့ စောင့်ရှောက်လို သဖြင့် မိမိတို့နှင့်အတူ လိုက်နေရန်ခေါ်ဖူး သည်။ ဆရာညိန်းက တပည့်တပန်းများနှင့် နေရသည်က မိမိဘဝ အေးချမ်းကြောင်း၊ ချမ်းသာကြောင်းဖြင့် ငြင်းဆန်ခဲ့သည်။

ဤတွင် တူမဖြစ်သူက ဆရာညိန်း အလ္လာဟ်အမိန့်ခံလျှင် ကြုံတွေ့နိုင်မည့် ဘာသာရေး အခက်အခဲကို အရဲစွန့်ကာထောက်ပြ ပြောဆိုသည်။ ဆရာညိန်းကမိမိတွင် ယုံကြည်ချက်အပြည့်အဝရှိသည်။ နမာဇ်ဝတ်ပြုသည်။ ရိုဇာဥပုသ်သီလ စောင့်ထိန်းသည်။ တစဗီ စိပ်ပုတီးနှင့် တရားဘာဝနာပွားနေသည်။ မိမိအကြောင်းမသိ၍ စိုးရိမ်နကြေသည်။ မိမိသည် မွတ်စလင်ပီသသူ တစ်ဦးဖြစ်ကြောင်း မှတ်သားပါဟု တပည့်များ ရှေ့မှောက်တွင် စိတ်အားထက်သန်စွာ ပြောဆိုခဲ့ကြောင်းသိရသည်။

ဗမာမွတ်စလင်မ် စာစောင်တွင် အတွဲ ၁၊ အမှတ်၂တွင် ဆရာညိန်း အကြောင်းတင်ပြသူ ဖျောက်ဆိပ်က ဆရာ၏နှမ ဒေါ်ရီရီ၏ အကြိမ်ကြိမ် မေတ္တာရပ်ခံချက်အရ မိမိကိုယ်တိုင် တပည့်တပန်းများရှေ့တွင် အရဲစွန့်ကာ မေးရာ -“မင်းက ငါ့ထက် အီမန်မြဲတယ်လို့ ထင်သလား၊ ငါ့အစ္စလာမ့် စိတ်ဓာတ်ဟာ မင်းတို့လို အပျော့စားမဟုတ်ဘူး။ ဒါပေမဲ့ငါက မာအ့ရေဖတ် သမားဆိုတော့ မင်းတို့ ဘာ နားလည်မလဲ” ဟု ပြန်ပြောခံရကြောင်း ဖော်ပြထားသည်။

ဆရာညိန်းသည် ၁၉၅၉ ခု ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျောက်မြောင်း သုဓမာလမ်း နေအိမ်၌ပင် အလ္လာဟ်အရှင့် အမိန့်တော် ခံယူသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ