အလယ်ခေတ်က ပါလက်စတိုင်းပြည်၌ ဖြစ်ပွားကြသော ကရူးဆိတ် စစ်ပွဲများအနက်၊ တတိယစစ်ပွဲ၌ အလွန်ထင်ရှား ကျော်ကြားသော မွတ်စလင် ခေါင်းဆောင်ဘုရင်တစ်ဦးကား ဆဲလဒင်ဖြစ်၏။ တရားနှင့်အညီ မင်းပြုသဖြင့် မွတ်စလင်တို့က အထူးချစ်ခင် လေးစားကြည်ညိုကြသည်။ ရန်သူများအပေါ်တွင်လည်း ကြင်နာစွာ ပြုမူဆက်ဆံတတ်သဖြင့် ခရစ်ယန်တို့ကပင် ဆဲလဒင်မှာ သဘောထားမြင့်မြတ်သူဖြစ်ကြောင်း ဝန်ခံကြသည်။ ဆဲလဒင်၏ အမည်ရင်းမှာ ယူစွပ် အစ်ဗင် အိုင်ယွတ် ဖြစ်သည်။ စက်မက်ရေးတွင် ဝါသနာထုံ၍၊ စွမ်းရည်သတ္တိ ထူးချွန်သော အာရှမိုင်းနားပြည်နယ်ဘက်မှ ကုဒ (Kurd) လူမျိုးတစ်ဦး ဖြစ်သည်။ သူ၏ခမည်းတော်မှာ ဆဲလဂျွတ်တစ်ရက် (Seljuk Turks) လူမျိုးတို့၏ လက်အောက်ခံ၊ အာမီးနီးယားပြည်ရှိ နယ်တနယ်၏ ဘုရင်ခံ ဖြစ်လေသည်။ ငယ်ရွယ်စဉ်အခါက ဆီးရီးယားပြည်ဘုရင်ဖြစ်သော နူးရက်ဒင်း၏ လက်အောင်တွင် ဝင်ရောက်အမှုထမ်းခဲ့၏။

ဆလာဒင်
Sultan of Egypt and Syria
နန်းသက်1174–1193
နန်းတက်ချိန်1174, Cairo
ရှေ့မင်းဆက်Nur ad-Din Zangi
နောက်မင်းဆက်Al-Afdal (Syria)
Al-Aziz Uthman (Egypt)
မွေးဖွား1138
Tikrit, Iraq
ကွယ်လွန်4 March 1193 (aged 55)
Damascus, Syria
ထာဝရ အိပ်စက်ရာ နေရာUmayyad Mosque, Damascus, Syria
အိမ်ထောင်ဖက်Ismat ad-Din Khatun
အမည် အပြည့်အစုံ
Ṣalāḥuddin Yūsuf ibn Ayyūb
မင်းဆက်Ayyubid
ခမည်းတော်Najm ad-Dīn Ayyūb
ကိုးကွယ်မှုSunni Islam (Shafi'i)[][][]

၁၁၆၇-၆၈ ခုနှစ်များတွင် နူးရက်ဒင်း၏ အမိန့်အရ အီဂျစ်ပြည်သို့ချီတက်တိုက်ခိုက်သည့် စစ်တပ်ကို ဦးစီးခဲ့ရသည်။ အီဂျစ်အရေးကို အောင်မြင်သောအခါ နူးရက်ဒင်းက ဆဲလဒင် အား အီဂျစ်ပြည်အမတ်ချုပ်ကြီးအဖြစ် ခန့်အပ်လေသည်။ အီဂျစ်ပြည်မှ ကေးလစ်ဘုရင် ကွယ်လွန်သောအခါ ဆဲလဒင်မှာ အချုပ်အချာအာဏာပိုင် ဖြစ်လာလေ၏။ ထို့နောက် ဆီးရီးယား ဘုရင် နူးရက်ဒင်း ကွယ်လွန်သောအခါ သူ၏နေရာကို ဆက်ခံ သူနန်းလျာကို ငယ်ရွယ်၍ မလေးမစားပုန်ကန်ကြသဖြင့် ဆဲလ ဒင်ကဝင်၍ ကိုယ်တိုင်ကွပ်ကဲကာ ဆီးရီးယားပြည်ကို သိမ်းပိုက် လိုက်လေသည်။ ယင်းသို့ဖြင့် ဆဲလဒင်သည် အီဂျစ်နှင့် ဆီးရီး ယားပြည် နှစ်ပြည်တို့၏ စူလတန်ဘုရင်အဖြစ် ခံယူလေရာ၊ ဘဂ္ဂဒက်မြို့တော်မှ ကေးလစ်ဘုရင်က အသိအမှတ်ပြုလေသည်။

ထိုခေတ်အခါတွင် မွတ်စလင်တို့သည် လူမျိုးရေးအရ တစ်ဦးနှင့်တစ်ဦး မညီညွှတ်နိုင်ကြသဖြင့် အင်အားဆုတ်ယုတ် နည်းပါးနေလေသည်။ ဆဲလဒင်သည် စူလတန်ဘုရင်အဖြစ်ကို ရရှိသောအခါ၊ မွတ်စလင်တို့၏ စည်းရုံးညီညာမှုကို ပြန်လည် တောင့်တင်းတိုးတက်အောင် ဆောင်ရွက်လေ၏။ ကရူးဆိတ် စစ်ပွဲများကြောင့် ခရစ်ယန်များလက်ထဲသို့ ကျရောက်သွားသော ပါလက်စတိုင်းပြည်ရှိ မြို့နယ်များကို သူ့လက်ထက်တွင် ပြန် လည်သိမ်းပိုက်လေသည်။


ယင်းသို့ဖြင့် စူလတန်အဖြစ်ကို ခံယူပြီးနောက်တွင် ဆဲလ ဒင်သည် ခရစ်ယန်တို့နှင့် စစ်ခင်း၍သာနေရလေ၏။ ၁၁၈၇ ခုနှစ်တွင် ဆိုက်ဗီးရီးယပ်အနီးတွင် ခရစ်ယာန်တို့အား အပြီး အပိုင်နှိမ်နင်းလိုက်၍၊ ထိုနှစ် အောက်တိုဘာလတွင် ခရစ်ယာန် တို့ အထွတ်အမြတ်ပြုရာ သာသနာမြေဖြစ်သည့် ဂျေရုဆလင်မြို့ ကို သိမ်းပိုက်လိုက်လေသည်။

ထို့ကြောင့် အင်္ဂလန်ပြည်ဘုရင်ပထမရစ်ချတ်နှင့် ပြင်သစ် ပြည်ဘုရင် ဖိလစ်တို့က ခေါင်းဆောင်ကာ၊ တတိယ ကရူးဆိပ် စစ်တပ်ကြီးချီလာ၍ ဆဲလဒင်နှင့်တိုက်ခိုက်လေသည်။

ရစ်ချတ်ဘုရင်နှင့် ဖိလစ်ဘုရင်တို့သည် ၁၁၉၁ ခုနှစ်တွင် ဧကမြို့ကိုသိမ်းပိုက်ခဲ့၏။ ထို့နောက်တွင် ရစ်ချတ်နှင့် ဖိလစ်အစရှိသော အခြားခရစ်ယန်ခေါင်းဆောင်တို့ သဘောကွဲ လွဲကြ၍၊ ပြည်တော်သို့ပြန်သွားကြသဖြင့်၊ ရစ်ချတ်တစ်ဦးတည်း ခေါင်းဆောင်ကာ၊ ဆဲလဒင်နှင့်တိုက်ခိုက်နေလေ၏။ ထိုအတောအတွင်း အင်္ဂလန်ပြည်တွင်းရေး မငြိမ်မသက်ဖြစ်လာ၍၊ ရစ်ချတ် သည် အင်္ဂလန်သို့ပြန်ရန်ကိစ္စ ပေါ်ပေါက်လာသောအခါ ဆဲလဒင်နှင့် သုံးနှစ်စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုရန် စေ့စပ်ရလေ သည်။ ဆဲလဒင်ကလည်း ရစ်ချတ်၏စွမ်းရည်ကို သိထားသဖြင့် စေ့စပ်ချက်ကို လက်ခံကာ ၁၁၉၂ ခုနှစ်တွင် စစ်ပြေငြိမ်းလိုက် လေ၏။ ယင်းသို့ဖြင့် သုံးနှစ်အတွင်း ဂျေရုဆလင်မြို့သို့ ဘုရားဖူး လာသူခရစ်ယန်များအား နှောင့်ရှက်ခြင်းမပြုရန် သဘောတူခွင့် ပြုလိုက်လေသည်။ ဆဲလဒင်ကား မိမိ၏ အယူဝါဒကို လွန်စွာ ကြည်ညိုလေးစားကာ၊ အယူဝါဒတရား၏ ကျင့်စဉ်အတိုင်း ရိုသေစွာလိုက်နာကျင့်သုံးသူ ပုဂ္ဂိုလ်ထူးတစ်ဦး ဖြစ်ပေသည်။

ထို့ကြောင့်ပင် အယူဝါဒရေး၏ ကျက်သရေဆောင်အဖြစ် 'ဆဲလဒင်'ဟူသော ဘွဲ့ကိုခံယူရရှိခြင်းဖြစ်လေသည်။ ဆဲလဒင်၏ စိတ်ထားမြင့်မြတ်ပုံမှာ ရန်သူဖြစ်သော ရစ်ချတ်ဘုရင် စစ်တိုက် နေခိုက်တွင် ဖျားနာစဉ်က၊ စားဖွယ်လက်ဆောင်များ ပေးပို့ခဲ့ ခြင်းဖြင့် သိသာနိုင်၍၊ ရစ်ချတ်၏စွမ်းရည်ကို သူရဲကောင်းပီပီ များစွာချီးကျူးခဲ့သူလည်း ဖြစ်ပေသည်။ ၁၁၉၃ ခုနှစ်တွင် ဆဲလဒင်သည် ဒမက်စကပ်မြို့၌ ဖျားနာ၍ ကွယ်လွန်လေသည်။ []

  1. Spevack၊ Aaron (2014) [2008]။ The Archetypal Sunni Scholar: Law, Theology, and Mysticism in the Synthesis of Al-Bajuri။ State University of New York Press။ p. 44။ ISBN 978-1-4384-5371-2
  2. Lēv၊ Yaacov (1999)။ Saladin in Egypt။ Brill။ p. 131ISBN 9004112219
  3. Halverson၊ Jeffry R.; Corman၊ Steven R.; Goodall Jr.၊ H.L. (2011)။ Master Narratives of Islamist Extremism။ Palgrave Macmillan။ p. 201ISBN 0230117236
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)