ဆာဖာရီဥယျာဉ် (နေပြည်တော်)

(ဆာဖာရီဥယျာဉ်(နေပြည်တော်) မှ ပြန်ညွှန်းထားသည်)

ဆာဖာရီဥယျာဉ်သည် နေပြည်တော်ပျဉ်းမနားမြို့နယ်(ရေဆင်း)အနီး၊ ရန်ကုန်-မန္တလေး ကားလမ်း အရှေ့ဘက် မိုင်တိုင်အမှတ် (၂၅၆/၁) နှင့် (၂၅၃/၀) မိုင်တိုင် အကြားတွင် တည်ရှိသည်။[၁] ဆာဖာရီဥယျာဉ်ကို ၂၀၁၀-ပြည့်နှစ် နိုဝင်ဘာလအတွင်းမှ စတင် တည်ဆောက်ခဲ့ပြီး အာရှဆာဖာရီပြကွက်သည် ၃၅ ဒသမ ၁၀ ဧက၊ ဩစတြေးလျ ဆာဖာရီပြကွက်သည် ၃ ဒသမ ၅၃ ဧက၊ အာဖရိက ဆာဖာရီပြကွက်သည် ၅၉ ဒသမ ၆၄ဧက ကျယ်ဝန်းပြီး စုစုပေါင်း ၂၉၁.၅၂ ဧက ကျယ်ဝန်းသည်။ ဆာဖာရီဥယျာဉ်ကို ၂၀၁၁-ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ဆာဖာရီဥယျာဉ်သည် တောတွင်းတိရစ္ဆာန်များ၏ ဓလေ့စရိုက်များကို သဘာဝအတိုင်း လေ့လာနိုင်မည့်အပြင် မြန်မာနိုင်ငံရှိ ရှားပါး တောရိုင်းတိရစ္ဆာန်များနှင့် ကမ္ဘာ့နိုင်ငံအချို့ရှိ တောရိုင်းတိရစ္ဆာန်များ၏ သဘာဝအလျောက် နေထိုင်ကျက်စားပုံများကို လေ့လာနိုင်မည့် ဥယျာဉ်တစ်ခု ဖြစ်သည်။

ဆာဖာရီဥယျာဉ် (နေပြည်တော်) အဝင်ပေါက်
ဆာဖာရီဥယျာဉ် (နေပြည်တော်)

သမိုင်းကြောင်း ပြင်ဆင်ရန်

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်အရ တိရစ္ဆာန်များကို သဘာ၀အတိုင်း ကျင်လည် ကျက်စား နေထိုင်ရန် ဖန်တီးထားသည့် ဥယျာဉ်တစ်ခု ဖြစ်ပေါ်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် (၁၆-၅-၂၀၁၀) ရက်နေ့မှ စ၍ မြေနေရာရွေးချယ်ခြင်းအား အသေးစိတ် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ (၁၂-၈-၂၀၁၀) ရက်နေ့တွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၏ မြောက်ဘက်ကပ်လျှက် (၂၉၁.၅၂)ဧက အား ဥယျာဉ်တည်ဆောက်ရန် မြေနေရာအဖြစ် အတည်ပြု ရွေးချယ်ခဲ့သည်။ ယင်းနောက် ဝန်ကြီးမှ အောက်ပါ ကော်မတီများအား ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

  1. ဆာဖာရီဥယျာဉ် (နေပြည်တော်) တည်ဆောက်ရေးကြီးကြပ်မှုဗဟိုကော်မတီ
  2. ဆာဖာရီဥယျာဉ် (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းကော်မတီ
  3. လုပ်ငန်းအနီးကပ်ကြီးကြပ်ရေးကော်မတီ
  4. ဘဏ္ဍာရေးကော်မတီ
  5. အရည်အသွေးစစ်ဆေးရေးကော်မတီ
  6. ပစ္စည်းဈေးနှုန်းနှင့် ပစ္စည်းအရည်အသွေးစိစစ်ရေးကော်မတီ

ဆာဖာရီဥယျာဉ်အား (၁၀-၉-၂၀၁၀)ရက်နေ့တွင် တည်ဆောက်ကာ (၄)လအကြာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြီးစီးခဲ့ပြီး (၁၂-၂-၂၀၁၁) ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဆာဖာရီဥယျာဉ်သည် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၏ မြောက်ဘက်ကပ်လျက် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၂၅၇/၀)အနီး ရှိပြီး မူလ (၂၉၀.၅၂)ဧက ရှိသည်။ ဥယျာဉ်တွင် အာဖရိက ဆာဖာရီပြကွက် ၊ ဩစတေးလျပြကွက် ၊ အာရှပြကွက် ဟူ၍ (၃) မျိုးရှိပြီး အာရှပြကွက်နှင့် ဩစတေးသျှပြကွက် တို့အတွက် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ တိရစ္ဆာန် (၈၄)ကောင်၊ တိရစ္ဆာန် ဥယျာဉ် (ရတနာပုံ)မှ တိရစ္ဆာန်(၆)ကောင်၊ လှော်ကားသဘာဝဥယျာဉ်မှ တိရစ္ဆာန် (၄၅)ကောင် ၊ ပုပ္ပားတောင် အမျိုးသားဥယျာဉ်မှ တိရစ္ဆာန်(၉)ကောင်အပြင် တောင်အာဖရိကမှ ရှားပါးတိရစ္ဆာန်များ ဝယ်ယူဖြည့်တင်း ပြသလျက်ရှိသည်။

ဆာဖာရီဥယျာဉ်အား ပြည်သူလူထုများ အပန်းဖြေ အနားယူနိုင်ရန်နှင့် မြန်မာနိုင်ငံသာမကာ ကမ္ဘာ့နိုင်ငံအချို့၌ရှိသော တောရိုင်းတိရစ္ဆာန်များ၏ သဘာ၀အလျောက် နေထိုင်ကျက်စားမှုအချို့ကို မျိုးဆက်ပြန့်ပွားနိုင်ရေးအတွက် ထိန်းသိမ်းမွေးမြူသွားရန် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ် သဘာ၀တရားများကို ပြည်သူများအကြား သိရှိသဘောပေါက်လာစေရန် ရည်ရွယ် ပြသလျက်ရှိသည်။

တိရစ္ဆာန်အမျိုးအစားအလိုက်ပြသထားမှု ပြင်ဆင်ရန်

  • နို့တိုက်သတ္တဝါ (၁၈မျိုး) ၂၀၈ ကောင်
  • ကျေးငှက်သတ္တဝါ (၁မျိုး) ၉ ကောင်
  • စုစုပေါင်း (၁၉မျိုး) ၂၁၇ ကောင် [၁]

အာရှ ဆာဖာရီပြကွက်တွင် ရှားပါးတိရစ္ဆာန်ပေါင်း အကောင်ရေ၁၀၀ ကျော်၊ ဩစတြေးလျ ဆာဖာရီပြကွက်တွင် ရှားပါးတိရစ္ဆာန်အကောင်ရေ ၂၀ ဝန်းကျင်၊ အာဖရိကပြကွက်တွင် ရှားပါးတိရစ္ဆာန် အကောင်ရေ ၇၀ ဝန်းကျင်ကို တောတွင်းသဘာဝအတိုင်း ထားရှိထားမည်ဖြစ်ပြီး Buggy ကားများဖြင့်သာ လှည့်လည်ကြည့်ရှုနိုင်မည် ဖြစ်သည်။

ဥယျာဉ်အတွင်းဝန်ဆောင်မှုပေးခြင်း ပြင်ဆင်ရန်

ဆာဖာရီဥယျာဉ်(နေပြည်တော်)တွင် -

  • လာရောက်လည်ပတ်သူများအား နားနေဆောင်များစီစဉ်ထားခြင်း၊
  • ဥယျာဉ် ကားများစီစဉ်ထားခြင်း၊
  • ကလေးများဆော့ကစားရန် ကလေးကစားကွင်းများထားရှိခြင်း၊
  • ရုံးပိတ်ရက်နှင့် အခါကြီးရက်များအတွင်း တိရစ္ဆာန်လိမ္မာများ ပြသဖျော်ဖြေပေးခြင်း၊
  • နေရာရှုခင်းများပြင်ဆင် ဆင်ယင်ထားရှိခြင်း၊
  • ရေပန်းအလှများဆောင်ရွက်ထားခြင်း၊
  • အပျော်စီးရေယာဉ်များ စီစဉ်ထားခြင်း၊
  • ဆင်ပုခက်တင်စီးခြင်း၊ မြင်းပုစီးခြင်း၊
  • အခမဲ့သန့်စင်ခန်းများထားရှိပေးခြင်းဖြင့် စသည့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဆာဖာရီဥယျာဉ်(နေပြည်တော်)။ သစ်တောဦးစီးဌာန။ 23 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၆ တွင် ပြန်စစ်ပြီး။