လက်စတာနယ်စားဘွဲ့ရ ဆိုင်မွန်ဒီမွန့်ဖတ်သည် ဇာတိ အားဖြင့် ပြင်သစ်လူမျိုးဖြစ်သော်လည်း ဗြိတိသျှ ပါလီမန်ကို စတင်၍ အခြေခံချခဲ့သူ နိုင်ငံပြု သုခမိန်ကြီး အဖြစ်ဖြင့်၎င်း၊ စစ်သူရဲကောင်းကြီး အဖြစ်ဖြင့်လည်းကောင်း ထင်ရှားလေသည်။

မွန့်ဖတ်သည် ပြင်သစ်နိုင်ငံတွင် မွေးဖွား၍ သူ၏ ဖခင်သည်လည်း အင်္ဂလန်ပြည် လက်စတာနယ်စားဘွဲ့ရ ပြင်သစ်လူမျိုးဖြစ်သည်။ အင်္ဂလန်ပြည့်ရှင် ဂျွန်ဘုရင် လက်ထက်၌ ထိုအဆောင်အယောင် ရာထူးဘွဲ့ထူးများကို ရုပ်သိမ်းခြင်းခံရသည်။ ၁၂၃ဝ ပြည့်နှစ်တွင် သားဖြစ်သူ ဆိုင်မွန်ဒီမွန့်ဖတ်သည် ပြင်သစ် ပြည်တွင်းရေး အရှုပ်အထွေးများကြောင့် အင်္ဂလန်ပြည်သို့ လာရောက်၍ တတိယ ဟင်နရီဘုရင်ထံ၌ ခစားလေသည်။ ဟင်နရီဘုရင်လည်း ဂျွန်ဘုရင်လက်ထက်က သူ၏ဖခင်ထံမှ သိမ်းယူထားခဲ့သော နယ်စား အဆောင်အယောင်များကို ပြန်လည် ချီးမြှင့်သည့်အပြင် ၁၂၃၈ ခုနှစ်တွင် နှမတော် အယ်လီနာမင်းသမီးနှင့် လက်ထပ်ပေးခဲ့လေသည်။

၁၂၄ဝ ပြည့်နှစ်တွင် မွန့်ဖတ်သည် ကွန်းဝေါနယ်စား ရစ်ချတ်နှင့်အတူ ကရူးဆိတ်စစ်ပွဲသို့ လိုက်ပါ သွားလေသည်။ အင်္ဂလန်ပြည်သို့ ပြန်လည်ရောက်ရှိသောအခါ ပြင်သစ်နိုင်ငံ၌ တိုက်ခိုက်နေသည့် အင်္ဂလိပ်စစ်တပ်ကို ကွပ်ကဲရန် တာဝန်ပေးအပ်ခြင်း ခံရသည်။ ၁၂၄၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိ အင်္ဂလိပ်ပိုင် ဂက်စကိုနီပြည်နယ် ဘုရင်ခံအဖြစ် ခန့်အပ်ခြင်း ခံရလေသည်။

မွန့်ဖတ်သည် ဘုရင်နှင့် မကြာခဏ မသင့်မမြတ်ဖြစ်၍ ဘုရင်ခံ ရာထူးမှ နုတ်ပယ်ခြင်း ခံရ၏။ ထိုအချိန်တွင် မှူးမတ်များ၊ သူရဲကောင်းများနှင့် မြို့ရွာ ခေါင်းဆောင်များသည် ဟင်နရီဘုရင်၏ တရား လက်လွှတ် အုပ်ချုပ်ပုံကို မကျေနပ်ကြသဖြင့် ဘုရင်အား တော်လှန်ရန် ကြံစည်လျက်ရှိကြလေသည်။ ၁၂၅၈ ခုနှစ်တွင် မွန့်ဖတ်သည် ဘုရင်နှင့် ဆန့်ကျင်ဖက်ဂိုဏ်း၌ ခေါင်းဆောင်ဖြစ်လာ၍ တိုင်းပြည်အုပ်ချုပ်ရေးကို ဘယ်ရွှန် သူကောင်းမျိုးများ ပါဝင်ဖွဲ့စည်းထားသည့် ကော်မတီများလက်သို့အပ်ရန် ဘုရင်အား အကျပ်ကိုင်၍ လက်မှတ်ရေးထိုးစေသည်။ သို့ရာတွင် ၁၂၆၁ ခုနှစ်၌ ဘုရင်သည် ထိုကော်မတီများကို ဖျက်သိမ်းလိုက်သဖြင့် မွန့်ဖတ် ခေါင်းဆောင်သော ဘယ်ရွန်သူကောင်းမျိုးတို့သည် လက်နက်စွဲကိုင်၍ ဘုရင်ကို တော်လှန်ကြသည်။

မွန့်ဖတ်တို့ဖက်မှ အရေးသာသဖြင့် ၁၂၆၄ ခုနှစ်တွင် ဟင်နရီဘုရင်နှင့် သားတော် အက်ဒွပ်မင်းသားကို လူးတိုက်ပွဲ၌ လက်ရဖမ်းမိကြ၏။ ထိုသို့အားဖြင့် မွန့်ဖတ်၏ လက်ထဲသို့ တိုင်းပြည် အုပ်ချုပ်ရေးအာဏာ ရောက်ရှိသွားရာ ၁၂၆၅ ခုနှစ်တွင် ကောင်စီ အစည်းအဝေးကြီးကို ဆင့်ခေါ်လေသည်။

ထိုကောင်စီ အစည်းအဝေးသို့ ရှေးအစဉ်အလာအရ မှူးမတ်များနှင့် ဘုန်းတော်ကြီးများသာမက ရှိုင်းယားနယ်တစ်နယ်မှ နိုက်သူရဲကောင်းနှစ်ဦးကျစီနှင့် မြို့နယ်တစ်နယ်မှ ကိုယ်စားလှယ်နှစ်ဦးကျစီကိုလည်း ဖိတ်ခေါ်၍ တိုင်းပြည်ရေးရာကို ဆွေးနွေးတိုင်ပင်၏။ ထိုကောင်စီ အစည်းအဝေးသို့ သာမန်လူတန်းစား ကိုယ်စားလှယ်များ ပထမဦးဆုံးအကြိမ် တက်ရောက်ခွင့်ရသဖြင့် ယင်းအစည်းအဝေးကို ပထမဦးဆုံးပါလီမန်လွှတ်တော် အစည်းအဝေးဟု ခေါ်စမှတ်ပြုကြလေသည်။

ထိုအတွက်ကြောင့် မွန့်ဖတ်သည် လက်ရှိ အင်္ဂလန်ပြည် ပါလီမန်လွှတ်တော်ကို အခြေခံ ချပေးသူအဖြစ် ထင်ရှားသည်။


မကြာမီ မွန့်ဖတ်နှင့် ဂလော့စတာနယ်စားတို့ မသင့်မြတ်ကြသောကြောင့် တိုက်ခိုက်ကြလေသည်။ ထိုအချိန်တွင် ဟင်နရီဘုရင်၏ သားတော် အက်ဒွပ်မင်းသားလည်း အချုပ်တွင်းမှ လွှတ်မြောက်လာ၍ ဂလော့ စတာနယ်စားနှင့် ပူးပေါင်းကာ မွန့်ဖတ်၏ တပ်ကို တိုက်လေ၏။ နောက်ဆုံး၌ လူအင်အား အဆမတန်သာ သော အက်ဒွပ်မင်းသားစစ်တပ်၏ လက်ချက်ဖြင့် မွန့်ဖတ်သည် တိုက်ပွဲ၌ ကျဆုံးလေသည်။

အက်ဒွပ်မင်းသားသည် ထီးနန်းကို ဆက်ခံပြီးလျှင် မွန့်ဖတ်စတင်ခဲ့သော ပါလီမန်စနစ်ကို ဆက်လက် ကျင့်သုံးလေသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)