ညောင်ကန်ဆရာတော်များ ပြင်ဆင်ရန်

သက္ကရာဇ် ၁၂၁၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက် ကြာသပတေးနေ့၊ မင်းလှသီရိသီဟသူ ရေးသားကောက်နုတ်အပ် သော ဆရာတော်များဦးရေစာရင်းအရ ညောင်ကန်ဆရာတော် သည်

  • (၁) ညောင်ကန်ဆရာတော်ရှင်ပုညသေဋ္ဌ
  • (၂) ညောင်ကန်ဆရာတော်ရှင်သဒ္ဓမ္မရံသီ(ဦးညွန့်)
  • (၃) ညောင်ကန်ဆရာတော်ရှင်ကဝိန္ဒ(ဦးရောင်)
  • (၄) ညောင်ကန်ဆရာတော်ရှင်ပုညရံသီ(ဦးပိုး)
  • (၅) ညောင်ကန်ဆရာတော်ရှင်ဇမ္ဗုဓဇ(ဦးပုတ်)
  • (၆) ညောင်ကန်ဆရာတော်ရှင်မေဓာလင်္ကာရ(ဦးကျီး)
  • (၇) ညောင်ကန်ဆရာတော်ရှင်ဒီပ(ဦးကံ)

ဟူ၍ ၇ ပါးရှိခဲ့ရာ၊ အလွန်ထင်ရှား၍ သာသနာတော်နှင့် လောကအား ကျေးဇူးများသော ရှင်သဒ္ဓမ္မရံသီ၊ ရှင်ကဝိန္ဒ၊ ရှင်ပုညရံသီ၊ ရှင်ဇမ္ဗုဓဇ၊ ရှင်မေဓာလင်္ကာရဟူသော ညောင်ကန် ဆရာတော်ငါးပါးတို့၏ အကြောင်းအရာ ထေရုပ္ပတ္တိကိုသာ ထုတ်နုတ်ရေးသားပါအံ့။

ညောင်ကန်ဆရာတော်ရှင်သဒ္ဓမ္မရံသီ(ဦးညွန့်) ပြင်ဆင်ရန်

ညောင်ကန်ဆရာတော် ရှင်သဒ္ဓမ္မရံသီကား သက္ကရာဇ် ၁၁၁ဝ ပြည့်နှစ်တွင် ဖွားမြင်တော်မူသည်။ နံတော် သောကြာ သား၊ ဇာတိ မင်းအိုရွာ၊ လူမည် ဦးညွန့်၊ သက်တော်စေ့တွင် ရဟန်းပြုသည်။ ရဟန်မည် ရှင်သဒ္ဓမ္မ ရံသီတည်း။

ထိုဆရာတော်သည် သာသနာပိုင် မင်းအိုဆရာတော်ဘုရား ကြီး၏တပည့်ရင်းဖြစ်၏။ ဥဘတောဝိဘင်းကို ပြန်ဆိုနိုင်သဖြင့် အလုံမြို့ အထက်တိုက်အောက်တိုက် သံဃာစုတွင် နိဿယည်း ဆရာအဖြစ် သာသနာပိုင် မောင်းထောင်ဆရာတော်ဘုရားကြီး စာချွန်တော်ပေးအပ်ခြင်းကို ခံရသည်။ ထိုဆရာတော်သည် သမာဓိအထူးရှိသည်ဟု ဆရာစဉ်ဆက် ချီးမွမ်းတော်မူကြ၏။ ရတနာပူရ စတုတ္ထမြို့တည်နန်းတည် မင်းတရားကြီး နန်း တက်တော်မူစက ရွှေမြို့တော်သို့ပင့်၍၊ အရှေ့မြောက်ယွန်းအရပ် တွင် ဆောက်လုပ်အပ်သော အောင်မြေဘုံကျော်ကျောင်းတိုက်ကို ညောင်ကန်ဆရာတော်ဘုရား အား တင်လှူတော်မူသည်။ သီရိ သဒ္ဓမ္မာဘိပရမဓဇမဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်နာမံကိုလည်း လှူတော်မူသည်။

ရတနာပုရအဝမြို့တော်သို့ရောက်သောအခါ၊ မြို့တော်အရှေ့ မြောက်ထောင့်အရပ် မဟာအောင်မြေဘုံစံ အုတ်ကျောင်းတိုက်၌ သီတင်းသုံးတော်မူသည်။ နောက်မကျန်းမမာရှိလျှင်၊ ရတနာပုရ အဝမြို့တွင် အနောက်တောင် ယွန်းအရပ် ဘုံကျော်ကျောင်းကြီး မြောက်ဘက်ရှိ ဝါဆိုကျောင်းသို့ပြောင်း၍ သီတင်းသုံးတော်မူ သည်။ သက်တော် ၈၄ နှစ်၊ ဝါတော် ၆၄ ဝါ၊ သက္ကရာဇ် ၁၁၉၄ ခုနှစ်တွင် သီတင်းသုံးရာ ဝါဆိုကျောင်း၌ပင် ဘဝ ပြောင်းတော်မူသည်။

ညောင်ကန်ဆရာတော်ရှင်ကဝိန္ဒ (ဦးရောင်) ပြင်ဆင်ရန်

ညောင်ကန်ဆရာတော် ရှင်ကဝိန္ဒ၊ ဒုတိယညောင်ကန် ဆရာတော်ကား သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် ဖွားမြင်တော်မူ သည်။ နံတော် တနင်္လာသား၊ ဇာတိ အလုံမြို့ကျေး ညောင်ကန် ရွာ၊ လူမည် ဦးရောင်၊ အသက် ၁၅ နှစ်တွင်သာမဏေပြုသည်။ ရှင်သာမဏေမည် ရှင်ကဝိန္ဒ၊ သာမဏေ ၆ ဝါသက်တော်စေ့ တွင် ရဟန်းပြုသည်။ ရဟန်းမည်လည်း ရှင်ကဝိန္ဒပင်တည်း။ ထိုဆရာတော်သည် အသိပညာနှင့် အထူးပြည့်စုံ၏ဟု ဆရာစဉ် ဆက်ချီးမွမ်းကြသည်။ စတ္တာလီသနိပါတ်ဇာတ် အဋ္ဌကထာ နိဿယ၊ ပဏ္ဏသနိပါတ်ဇာတ် အဋ္ဌကထာနိဿယ၊ ငါးရာငါး ဆယ်ဇာတ်ဝတ္ထု၊ မင်္ဂလတ္ထဒီပနီစကားပြေ၊ သင်္ချာပကာသက စာကိုယ်နိဿယ စသော ကျမ်းဂန်များကို ရေးသားတော်မူ သည်။ ယခုအသုံးပြုနေသော ငါးရာငါးဆယ်ဇာတ်ဝတ္ထုမှာ ယင်းဆရာတော်ရေးသားသော ဇာတ်ဝတ္ထုဖြစ်သည်။

အမရပုရမြို့တည်နန်းတည်မင်းတရားကြီး၏ မြောက်နန်းမ တော်မိဖုရားဆောက်လုပ်အပ်သော အမိုးဘုံ ၄ ဆင့်ကျောင်းမ၊ မာရဘင်ဆီး၊ ဦးကင်ရာဇပလ္လင်တည်း၊ ဝဲယာထီးဖြူစိုက်၊ အတွင်းအပြင် အထက်အောက် ရွှေပိန်းချကျောင်းတော်ကြီးကို သက္ကရာဇ် ၁၁၅၃ ခုနှစ် ပြာသိုလဆန်း ၁ဝ ရက် အင်္ဂါနေ့တွင် မင်္ဂလာဘုံကျောင်းဟု ကမ္ပည်းမော်ကွန်းထိုးဖြင့် ရေစက်သွန်း ချ၍၊ ညောင်ကန်ဆရာတော်အား တင်လှူတော်မူသည်။

သက်တော် ၆၈ နှစ်၊ ဝါတော် ၄၈ ဝါ၊ သက္ကရာဇ် ၁၁၇၃ ခုနှစ်တွင်၊ မင်္ဂလာဘုံကျော်ကျောင်းတော်ကြီး၌ပင် ဘဝပြောင်းတော်မူသည်။ ဘွဲ့တံဆိပ်တော်ကား ကဝိန္ဒာဘိသဒ္ဓမ္မ ဓဇမဟာဓမ္မရာဇာဓိရာဇဂုရု ဖြစ်သည်။

ထိုဆရာတော်ကား ကျောင်းအမ မြောက်နန်းမတော်မိဖုရား အမိန့်တော်နှင့် သားတော်ပြည်မင်းသား မဟာသီရိသီဟသူဓမ္မ ရာဇာ သင်္ကန်းအများကပ်လှူလာသည်ကို စကားတခွန်းမျှမြွက် တော်မမူ၊ အလှူခံ၍တရားဟောပြီးလျှင် မင်းသားပြန်၍သွားရ တော့သည်။ နှုတ်ခွန်းဆက်မည်ကိုထားဘိ၊ မော်၍မျှကြည့်တော် မမူချေ။ သိုစဉ် ဣန္ဒြေကို သိမ်းဆည်းတော်မူနိုင်သည်။

ညောင်ကန်ဆရာတော်ရှင်ပုညရံသီ(ဦးပိုး) ပြင်ဆင်ရန်

ညောင်ကန်ဆရာတော် ရှင်ပုံညရံသီ အုတ်ကျောင်းဆရာ တော်ကား သက္ကရာဇ် ၁၁၄ဝ ပြည့်နှစ်တွင် ဖွားမြင်တော်မူ သည်။ နံတော် ကြာသပတေးသား၊ အဖ မောင်ဖြူ၊ အမိ ရှင်ညက်၊ လူမည် ဦးပိုး၊ အသက် ၁၅ နှစ်က ရှင်သာမဏေ ပြုသည်။ သာမဏေမည် ရှင်ပုည၊ သာမဏေဝါ ၆ ဝါရသည့် ကာလ သက်တော်စေ့ ၍ ရဟန်းပြုသည်၊ ရဟန်းအမည် ရှင်ပုညရံသီ ဖြစ်သည်။ အမရပုရ မြို့တည်နန်းတည်မင်းတရားကြီး၏ နန်းမတော် အရှင်မိဖုရားခေါင်ကြီးက ကိုးကွယ်တော်မူသည်။ အမရပုရ ရွှေမြို့တော်တွင်း အရှေ့မြောက်ထောင့်အရပ် မင်းအိုတိုက်တွင် သီတင်းသုံးတော်မူသည်။

ရတနာပုရ အဝရွှေမြို့တော်ကြီးသိုူ့ရောက်သောအခါ၊ ရွှေမြို့တော် အရှေ့မြောက်ထောင့် ထီးလှိုင်ရှင်ဘုရား ရွှေစေတီ ဘုရားအနီး ကျောင်းဦးပြာဿာဒ်နှင့် အမိုး ဘုံသုံးထပ်ကျောင်းမ မာရဘင်ဆီး၊ ဦးကင်ရာဇပလ္လင်တည်၊ ဝဲယာထီးဖြူစိုက်၊ သရွတ် အင်္ဂတေတို့ဖြင့် အုတ်ကျောင်းတော်ကြီး ဆောက်လုပ်၍ပြီးသော အခါ၊ သက္ကရာဇ် ၁၁၈၉ ခုနှစ် တပို့တွဲလဆန်း ၃ ရက်နေ့ ကျောင်းတော်ကြီးအနောက်မြောက်မြေလပ်၌ မင်းတဲကြီးစွာ ဆောက်လုပ်စေ၍၊ အရှင်နှစ်ပါးထွက်တော်မူပြီးလျှင်၊ ကြီးကျယ် စွာ မင်းပွဲသဘင် ဆင်ယင်ကျင်းပလျက်၊ တံဆိပ်တော်ရ မရ ဆရာတော်တို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းတို့အသုံး အဆောင် ပဒေသာပင်ရေတရာကျော် လှူဒါန်းတော်မူလျက်၊ အုတ်ကျောင်းတော်ကြီးကို မဟာအောင်မြေဘုံစံကမ္ပည်းမော်ကွန်း ထိုးမှတ်သမုတ်တော်မူ၍၊ မင်းဧကရာဇ်ကိုယ်တော်တိုင် ရွှေ ကရားဖြင့် ရေစက်သွန်းချတော်မူပြီးလျှင်၊ ညောင်ကန်ဆရာတော် ဦးပိုးအား တင်လှူတော်မူသည်။

ဆရာတော်သည် သက်တော် ၅၁ နှစ်၊ ဝါတော် ၃၂ ဝါ တွင် သီတင်းသုံးတော်မူရင်း အုတ်ကျောင်းတော်ကြီး၌ပင်၊ သက္ကရာဇ် ၁၁၉၁ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၅ ရက်နေ့ ဘဝပြောင်းတော်မူသည်၊ ဘွဲ့တံဆိပ်တော်ကား ပုညာဘိသီရိ သဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရု ဖြစ်သည်။ ယင်းဆရာတော်ပြုစုသော ကျမ်းဂန်များကား အဘိဓမ္မတ္ထ သင်္ဂဟအဋ္ဌကထာနိဿယနှင့် သုဗောဓာလင်္ကာရ နိဿယ နှစ်စောင်သာ ပိဋကတ်သမိုင်းတွင် တွေ့ရသည်။

ညောင်ကန်ဆရာတော်ရှင်ဇမ္ဗုဓဇ (ဦးပုတ်) ပြင်ဆင်ရန်

ညောင်ကန်ဆရာတော်ရှင်ဇမ္ဗုဓဇ ဦးပုတ်၊ ဒုတိယအုတ် ကျောင်းဆရာတော်ကား သက္ကရာဇ် ၁၁၄၉ ခုနှစ် နယုန်လ ဆုတ် ၅ ရက် အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။ ဇာတိအလုံ မြို့ကျေး ညောင်ကန်ရွာ အဖ မောင်အို၊ အမိ ရှင်မွှေး၊ လူမည် ဦးပုတ်၊ အသက် ၁၃ နှစ် ရှင်သာမဏေပြုသည်။ သာမဏေဝါ ၈ ဝါ သက်တော်စေ့ တွင် ရဟန်းပြုသည်။ သာမဏေမည်၊ ရဟန်းမည် ရှင်ဇမ္ဗုဓဇဖြစ်သည်။

ရတနာပုရ စတုတ္ထမြို့တည်နန်းတည် မင်းတရားကြီး၏ နန်းမတော်အရှင်မိဖုရားကြီးက ကိုးကွယ်တော်မူသည်။ အဝရွှေ မြို့တော် အရှေ့မြောက်ထောင်အရပ် မဟာအောင်မြေဘုံစံ အုတ် ကျောင်းတော်ကြီးကို နောင်တော် ဦးပိုး ပျံလွန်တော်မူပြီးနောက်၊ ဆရာတော်ဦးပုတ်အား တင်လှူသဖြင့်၊ ထိုကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူသည်။ ထိုအခါ ဒုတိယအုတ်ကျောင်းဆရာ တော်ဟူ၍လည်းကောင်း၊ ညောင်ကန်ဆရာတော်ဟူ၍လည်းကောင်း၊ ဆရာတော် ဦးပုတ် ဟူ၍လည်းကောင်း ထင်ရှားကျော်စောတော်မူသည်။

ညီတော်မင်းတရားကြီး လက်ထက် အမရပူရရွှေမြို့တော် ကြီး အရှေ့မြောက်ယွန်းအရပ် မင်္ဂလာဘုံကျောင်း ညောင်ကန် တိုက်၌ ညီတော်မင်းတရားကြီး နန်းမတော်အရှင်မိဖုရားခေါင် ကြီးက ဝါဆိုကျောင်းဆောက်လုပ်၍ တပ်လှူတော်မူသည်။

ထိုအခါ ညီတော်မင်းတရားကြီးက ဆရာတော်ဦးပုတ် ကျော်စောလှသည်။ ကျမ်းဂန်တတ်ပါ၏လောဟု သဲအင်း သာသနာပိုင်ဆရာတော်ဘုရားကြီးကို လျှောက်ထားရာ၊ ဆရာ တော်ဘုရားကြီးက ဆရာတော်ဦးပုတ်ကို ခေါ်စေ၍ ဆန်းကြယ် နက်နဲခက်ခဲသော အရာဌာနဂဏိပဗ္ဗပြဿနာတို့ကို တစ်ခုပြီး တစ်ခု မေးမြန်းတော်မူသောအခါ ဆရာတော်ဦးပုတ်က ဆန်း၊ အလင်္ကာ၊ သဒ္ဒါ၊ နေတ္ထိနည်းတို့ဖြင့် ဆန်းပြားကျယ်ဝန်းစွာ ဖြေဆိုလျှောက် ထားလေလျှင်၊ သာသနာပိုင်ဆရာတော်ဘုရား ကြီးက ညောင်ကန်ဆရာတော်သည် အတော်နှင့်အကျော်မှာ အကျော်ပင်နည်းသေးသည်ဟု မိန့်တော်မူလေသည်။ ဆရာတော်ဦးပုတ်သည် သက်တော် ၅၅ နှစ်၊ ဝါတော် ၃၅ ဝါတွင် မင်္ဂလာဘုံကျော်ကျောင်း၌ပင် ဘဝပြောင်းတော်မူ သည်။ ဘွဲ့တံဆိပ်တော်ကား ပထမဘွဲ့တံဆိပ်တော် စက္ကိန္ဒာ ဘိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု၊ ဒုတိယ ဘွဲ့တံဆိပ်တော်စက္ကိန္ဒာ ဘိသီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရု ဖြစ်သည်။ ထိုဆရာ တော်ကြီးကား သီလ သမာဓိနှင့် ပြည့်စုံတော်မူ၍ ပရိယတ္တိ ဓမ္မ၌ အလွန်မွေ့လျော်တော်မူသည်။

တစ်နေ့သ၌ မင်းတရားကြီးက မှန်နန်းရာဇဝင်တော်ကြီးကို ပြုစုအံ့သောငှာ ဆရာတော်ကြီးကိုပင့်လျှောက်သည်။ ဆရာတော် ကြီး ကြွတော်မမူချေ။ မုံရွေးဇေတဝန် ဆရာတော်ကိုပင့်လျှောက် လျှင် ကြွ၍ရေးသားတော်မူသည်။ မုံရွေးဇေတဝန်ဆရာတော်ကြီး သည် တစ်ခါတစ်ရံ ကျောင်းတော်သို့မပြန်၊ နန်းတော်ကြီး၌ပင် ကျိန်းစက်တော်မူသည်။ ဤအကြောင်းကို ဆရာတော်ဦးပုတ် ကြားသိတော်မူလျှင်၊ ရှေးအခါက နန်းတော်အိမ်တော်များမှာ သမားဖြူသမားညိုသာရှိပေသည်။ ယခုအခါမှာမူကား သမားဝါ လည်းရှိတော့သည်ပင်ဟု မိန့်တော်မူသတတ်။

ထိုဆရာတော်ဦးပုတ်သည် ပါရာဇိကဏ်ပါဠိတော်နိဿယ၊ သမ္မောဟဝိနောဒနီ အဋ္ဌကထာနိဿယ၊ နယမုခဒီပနီ ပါဌ်နိဿ ယ၊ ဝုတ္တောဒယဆန်းနိဿယသစ်၊ သဒ္ဒနီတိနိဿယ ၃ တွဲ၊ ရူပသိဒ္ဓိနိဿယ၊ ဝိနည်းငယ်လေးစောင်နိဿယ၊ ကဗျာသဒ္ဒ သင်္ဂဟကျမ်း၊ ကဗျာသာရတ္ထသတ်ပုံ၊ သီဟိုဠ်ရာဇဝင်ချုပ်ပါဌ် နိဿယ သံပေါက်စသော လောကီလောကုတ္တရာ ပါဠိမြန်မာ ကျမ်းပေါင်း ၅၄ ကျမ်းတို့ကို ရေးသားစီရင်ခဲ့သဖြင့် သာသနာ တော်နှင့် လောကအားအလွန်ကျေးဇူးများသော ပုဂ္ဂိုလ်ထူး ဖြစ်သည်။

ညောင်ကန်ဆရာတော်ရှင်မေဓာလင်္ကာရ (ဦးကျီး) ပြင်ဆင်ရန်

ညောင်ကန်ဆရာတော်ရှင်မေဓာလင်္ကာရ ပြည်ဆရာတော် ကား သက္ကရာဇ် ၁၁၅ဝ ပြည့်နှစ် ဝါဆိုလဆန်း ၇ ရက် ကြာသပတေးနေ့တွင် ဖွားမြင်တော်မူသည်။ ဇာတိ အလုံ မြို့ကျေး ညောင်ကန်ရွာ၊ အဖ မောင်ဖြူ၊ အမိ ရှင်ညွန့်၊ လူမည် ဦးကျီး၊ အသက် ၁၂ နှစ်တွင် ရှင်သာမဏေပြုသည်။ ရှင်မည်မေဓာ၊ သာမဏေဝါ ၇ ဝါ၊ သက်တော်စေ့ ရဟန်းပြု သည်၊ ရဟန်းမည် ရှင်မေဓာလင်္ကာရတည်း။

ထိုဆရာတော်သည် ရတနာပုရ အဝမြို့တည်နန်းတည် မင်းတရားကြီးလက်ထက် ရွှေမြို့တော်မြောက်ထောင့် မဟာ အောင်မြေဘုံစံ အုတ်ကျောင်းတော်ကြီးဝယ် သီတင်းသုံးတော်မူ သော ညောင်ကန်ဆရာတော်ဦးပိုးထံတွင် စာပေကျမ်းဂန် သင် ကြားပို့ချကာနေသည်။

ညီတော် မင်းတရားကြီးလက်ထက် အမရပုရ ရွှေမြို့တော် ကြီးသို့ရောက်သောအခါ၊ ရွှေမြို့တော်အရှေ့ တောင်ယွန်းအရပ် တွင် မင်းတရားကြီး၏ သားတော် ဒါယကာပြည်မင်းသားက တိုက်တာအသစ်တည်ထောင်ကာ ဝါဆိုကျောင်းဆောက်လုပ် လှူဒန်းကိုးကွယ်သည်။ ထိုအခါမှစ၍ ပြည်ဆရာတော်ဟု ထင်ရှားသည်။

နောက်တစ်ဖန် မင်းတုန်းမင်းတရားကြီးလက်ထက် သီရိ မဟာမင်္ဂလာဒေဝီဘွဲ့ခံ မြောက်နန်းမတော်မိဖုရားသည် မန္တလေး မြို့မြောက်ပြင်၌ မဏ္ဍလာရာမ မမ္ပည်းတပ်သော ကျောင်းတိုက် ကြီးကိုတည်ထောင်၍ ပြည်ဆရာ တော်ဘုရားကြီးကို တင်လှူ တော်မူသည်။ ထိုဆရာတော်ဘုရားကြီးကား ပရိယတ္တိ၊ ပဋိပတ္တိ၊ သီလ၊ သမာဓိ၊ ပညာ၊ ဟိရိဩတ္တပ္ပနှင့် ပြည့်စုံ၏။ ဗြဟ္မစိုရ် တရား ၄ ပါးနှင့်ပြည့်စုံ၏ဟု ဆရာတော်စဉ်ဆက်တို့ ချီးမွမ်း ကြသည်။ သက်တော် ၇၅ နှစ်၊ ဝါတော် ၅၅၊ သက္ကရာဇ် ၁၂၂၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်နေ့တွင် ဘဝ ပြောင်းတော်မူသည်။ ဘွဲ့တံဆိပ်တော်ကား၊ မေဓာဘိပဏ္ဍိတဓဇ မဟာဓမ္မရာဇာဓိရာဇဂုရုနှင့် မေဓာဘိဝံသသဒ္ဓမ္မဓဇမဟာဓမ္မရာဇာ ဓိရာဇဂုရု ဖြစ်သည်။

ထိုဆရာတော်ကြီးသည် ငါးရာငါးဆယ်ဇာတ်ပါဠိတော် နိဿယသစ်၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာနိဿယသစ်၊ ခန္ဓဝိဘာဝနီဋီ ကာပါဌ်၊ ကစ္စာယနသရူပတ္ထဒီပနီ စသော ကျမ်းဂန်များစွာတို့ကို ရေးသားစီရင်ခဲ့သည်။ မှတ်ချက်။ ။ ဟင်္သာတစ်မြို့ မြစ်ကွေးဆရာတော် ရှင်ပညာဝံသရေးသား သော ပြည်ဆရာတော်အတ္ထုပ္ပတ္တိ၌ ညောင်ကန်ဆရာတော် (၁၂)ပါးပြဆိုထားသည်။ ညောင်ကန်ဆရာတော်ဟုခေါ်ဝေါ်ခြင်းမှာ ညောင်ကန်ရွာ ကျောင်း၌ သီတင်းသုံးဘူး၍၎င်း၊ ညောင်ကန်ရွာဇာတိဖြစ်၍၎င်း ခေါ်ဝေါ်ကြဟန်တူသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)