တင်တင်မူ

တင်တင်မူ ပြင်ဆင်ရန်

တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့သော မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ တင်တင်မူကို ရုပ်ရှင်ချစ်ပရိသတ်တွေ သိကြလိမ့်မယ် ထင်ပါသည်။ ဒါပေမယ့် လူငယ်တွေကတော့ တော်တော်ဝေးသွားလို့ မသိနိုင်လောက်ဘူး။ မင်းသမီးကြီး တင်တင်မူဟာ စီးကရက်ကို လက်ကြားညှပ်လို့ စတိုင်ကျကျသောက်ပြီး အထက်တန်းလွှာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးကြီးတစ်ယောက်ဖြစ်သည်။

တင်တင်မူသည် အနုပညာတွင် ဝါသနာထုံသကဲ့သို့ အားကစားဘက်တွင်လည်း ထူးချွန်သူတစ်ဦးဖြစ်သည်။ မုဒုံဇာတိဖြစ်သူ တင်တင်မူသည် ၁၉၄၇ ခုနှစ်က ကာယဗလမောင်မယ်ရွေးပွဲ၌ မုဒုံမယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် အနုပညာ လောကသို့စတင်ခြေချခဲ့သည်။ ထိုစဉ်က တင်တင်မူ၏အမည်မှာ မုဒုံအမာတင်ဖြစ်ပြီး ၎င်း၏ ပထမဆုံးသော ဇာတ်ကားမှာ မင်းသားဇေယျနှင့်အတူ ပါဝင် သရုပ်ဆောင်ထားသည့် လင်နှင့်အပျို ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားမှ ဒါရိုက်တာ ဦးချန်ထွန်းက အမာတင်(ခ) မသက်တင်ကို တင်တင်မူဟု အမည် ပြောင်းပေးခဲ့ရာမှ ရုပ်ရှင်မင်းသမီး တင်တင်မူဖြစ်လာခဲ့သည်။ တင်တင်မူအမည်ဖြင့် ရွှေပေါ်မြတင်ဇာတ်ကားကို ဆက်လက်ရိုက်ကူးခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ချစ်ခြင်းငယ်ပြိုင် ဇာတ်ကားတွင် မင်းသားကျော်ဝင်းနှင့် တွဲဖက် သရုပ်ဆောင်ခဲ့ရာမှ ၎င်းတို့နှစ်ဦး မေတ္တာမျှကာ လက်ထပ်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် ရုပ်ရှင်မင်းသမီးတင်တင်မူသည် နေ့ဘက်တွင် ရုပ်ရှင် ရိုက်ကူးပြီး ညဘက်တွင် ပြဇာတ်ကခဲ့သည်။ တင်တင်မူ၏ ပထမဆုံးကပြခဲ့သည့် ပြဇာတ်မှာ ပင်မြင့်မာလာပြဇာတ်ဖြစ်ပြီး ၁၉၄၉-၁၉၅၅ ခုနှစ်များအတွင်း တင်တင်မူ၏ ထင်ရှားသောပြဇာတ်များမှာ ပင်မြင့်မာလာ၊ မုန်းချစ်သနား၊ ညိုပြာညက်ကယ်၊ ချစ်တော့ချစ်တယ်၊ ချစ်ပန်းသဇင်၊ ချစ်သမျှကို၊ လူကုံထံ၊ ငယ်ကျွမ်းဆွေ၊ ခိုင်းတော့သက်ဝေ၊ ချစ်ပန်းနှစ်ခိုင် စသည်တို့ဖြစ်သည်။ တင်တင်မူသည် ပြဇာတ် ၃၀ ကျော် ကပြသရုပ်ဆောင်ခဲ့ရာတွင် ဒဂုန် ဆရာတင်၏ ငယ်ကျွမ်းဆွေပြဇာတ်တွင် အသက်အဖြစ် ပါဝင်ကပြခဲ့ရာ အလွန် နာမည်ကြီးခဲ့ပြီး ယင်းပြဇာတ်ကို ၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော် ရာတွင်လည်း တင်တင်မူပင် ပြန်လည်ပါဝင်သရုပ်ဆောင်ခဲ့သည်။

မင်းသမီးကြီး တင်တင်မူဟာ ၁၉၆၅ ခုနှစ်မှာ “သဲလွန်စ” ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုနဲ့ အကယ်ဒမီ ရရှိခဲ့သည်။ ဒါပေမဲ့ မာနကြီးလှတဲ့ တင်တင်မူဟာ ဇာတ်ပို့ဆုကို သူကိုယ်တိုင် သွားယူခဲ့ခြင်း မရှိပါဘူး။ ပြည်သူချစ်သော နာမည်ကြီး သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဝင်းဦးကိုလည်း တင်တင်မူက တင်ပေးခဲ့တယ်လို့ ပြောလို့ ရပါတယ်။ “နှစ်ယောက်ထဲနေချင်တယ်” ဇာတ်ကားမှာ တင်တင်မူနဲ့ တွဲဖက် သရုပ်ဆောင်အပြီးမှာ ဝင်းဦး တစ်ယောက် နာမည်ပိုကြီး လာခဲ့ပါတယ်။ တင်တင်မူရယ်လို့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တဲ့တလျှောက် မင်းသမီးကြီးဟာ ဇာတ်ကားပေါင်း မြောက်မြားစွာကို ရိုက်ကူးခဲ့တယ်။ ဇာတ်ကားပေါင်း များစွာမှာ ဇာတ်ကောင် စရိုက်ပေါင်း များစွာကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူပါ။ ဇာတ်ကားပေါင်းများစွာ သရုပ်ဆောင်ခဲ့ရင်း မင်းသမီးကြီးဟာ အနုပညာနယ်ပယ်ထဲက သရုပ်ဆောင် မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်မင်းသား ကျော်ဝင်း နဲ့ လက်ထပ်ခဲ့ပါတယ်။

တင်တင်မူရဲ့ ခင်ပွန်းဖြစ်တဲ့ ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်ဝင်း ဟာလည်း ၁၉၅၂ ခုနှစ်မှာ “မာလာရီ” ဇာတ်ကားနဲ့ အကယ်ဒမီရခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား ကိုကျော်ဝင်း အကယ်ဒမီရခဲ့စဉ် ၁၉၅၂ ခုနှစ်တုန်းကဆို အကယ်ဒမီရယ်လို့ မခေါ်ကြသေးပါဘူး။ အမျိုးသားပညာသည်ဆုလို့ ခေါ်ဝေါ်သတ်မှတ်ခဲ့စဉ်ကပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ သမီး ဒေစီကျော်ဝင်းဟာလည်း သူတို့ရဲ့ အနုပညာအမွေကို ဆက်ခံခဲ့သူပါ။ သမီးဖြစ်သူ မင်းသမီးဒေစီကျော်ဝင်းဟာလည်း ပရိသတ်ချစ်ခြင်းကို ခံရတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒေစီကျော်ဝင်းဟာ ၁၉၇၁ ခုနှစ်မှာ “အားနွဲ့သူပါရှင်” ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့ပါတယ်။

အခုလို ခင်ပွန်း၊ ဇနီးနဲ့ သမီး မိသားစုသုံးယောက်စလုံး အကယ်ဒမီရခဲ့တဲ့ ဖြစ်စဉ်ဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ရှာမှရှားတဲ့ ဖြစ်စဉ်ပဲတစ်ခုပါပဲ။