တဘောင်

နမိတ်ကိုရေးသားသောကဗျာတစ်မျိုး

တဘောင်ဟူသည် သူငယ်၊ သဘင်သည်နှင့် သူရူးတို့ ပြောဆိုကြသော နိမိတ်စကားဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုသည်။[၁] ဆရာကြီး ဦးဘရင်က တဘောင်ဟူသော စကားမှာ တံဘာသ မှ ပြောင်းလာခြင်း ဖြစ်သည်။ `တံ´ သည် ထို ဟူသော ညွှန်ကြားခြင်း နိဒဿန ဖြစ်သည်။ `ဘာသ´မှာ ပြောဆိုခြင်း ဖြစ်သည်။ ထိုသို့သော နောင်အခါ၌ မည်သို့မည်ပုံဖြစ်မည်ကို ကြိုတင်ပြောဆိုထားခြင်းဟု အဓိပ္ပါယ် ဖွင့်ပါသည်။

တဘောင်နှင့် စနည်း မတူပေ၊ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ က တဘောင်နှင့် စနည်း ဤသို့ခွဲခြားပြသည်။ တဘောင်ဟူသည် ကြားရသော အသံဖြစ်၏။ သဘင်သည်၊ သူရူး၊ ကလေးသူငယ်တို့၏ နှုတ်ဖျားမှ သီဆိုအော်ဟစ်ကြသော အသံသည် တမင်နားမထောင်ရဘဲ ကြားရသောအသံ ဖြစ်၍ တဘောင်ဟု ခေါ်၏။ တမင်ချောင်း၍ နားထောင်မှ ကြားသိရသောအသံကိုကား စနည်းဟု ခေါ်ဆိုသည်။ [၂]

မြန်မာတို့ယုံကြည်မှုအရ တဘောင်ဆိုသည်မှာ ပညာရှိ၊ ဗေဒင်ကျမ်းဂန်တတ်တို့က အနာဂတ်တွင် ဖြစ်ဖွယ်ရှိသည့် အကြောင်းတရားတို့ကို တွက်ချက်ကာ အပြောအဆိုရလွယ်စေရန် ရေးသားစီရင်ထားသော ကဗျာ(သို့) လင်္ကာ ဟုသတ်မှတ်နိုင်သည်။ သဘောင်နှင့် သိုက်စာမှာ သဘောချင်းအားဖြင့် တူညီသည်ဟု ဆိုနိုင်သည်။ သို့သော် သိုက်စာမှာ အချိန်အားဖြင့် ပိုမိုသောသဘောတွင်ရှိပြီး စာကိုယ်အားဖြင့်လည်း ပိုရှည်တတ်ပေသည်။

နမူနာတဘောင်များပြင်ဆင်

ဗိုလ်ချုပ်အောင်ဆန်းခေတ် တဘောင်ပြင်ဆင်

အင်းကို ဟင်္သာ ဆင်းလတံ့
ဟင်္သာကို လေးနှင့်ခွင်းလတံ့
ရှောတိုးကို မိုးကြိုးပစ်လတံ့

ကုန်းဘောင် တဘောင်ပြင်ဆင်

အင်းကို ဟင်္သာဆင်းမည်။
ဆင်းမဲ့ဟင်္သာ မုဆိုးလေးနဲ့ပစ်မည်။
ပစ်မဲ့မုဆိုး ထီးရိုးရိုက်မည်။
ထီးရိုးကို မိုးကြိုးပစ်မည်။
သံခမောက်ဆောင်း လေးယောက်ပေါ်မည်။
ဧရာဝတီ ခမ်းလိမ့်မည်။
လက်ပံလည်း ရှားလိမ့်မည်။
ကြက်မ,တွန်လို့ မိုးလင်းမည်။
ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းမည်။
ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာဝပြော လိမ့်မည်။

သီပေါမင်းတဘောင်ပြင်ဆင်

တုန်းအောက်က သီတွန် လူလွန်မသား
မုန့်ဆီကြော် အလယ်အက်တယ် ပြည်ဖျက်မယ့်သား။

အဓိပ္ပာယ်: မင်းတုန်းမင်းနှင့် သီလရှင်ဝတ်သွားသောမိဖုရား၏သားဖြစ်သူ သီပေါမင်းလက်ထက်တွင် တိုင်းပြည်မငြိမ်သက်မှုများဖြစ်ရာ ပျက်သုဉ်းခဲ့ရသည်။

ဘိုးတော်ဘုရားလက်ထက်နှောင်းတဘောင်ပြင်ဆင်

တပင်တိုင်ခဝါချပြီမို့ နာကြတဲ့အသီးတွေ၊
တွန့်လို့သာကြေ၊
အသီးတွေရာသီပြောင်း သာသနာမောင်း ရှေ့ကဆော်၊
ဒေါင်းတွေကအော်၊
ဒေါင်းအော်ရင်မနေသာ သူပါလိမ့်မယ်လေး။
ခြင်္သေ့မင်းက တန်းခိုးကြွယ်
တိုးလို့ကွယ် ပျက်လိမ့်ဦး၊
ဂူအောင်းတဲ့ ခင်ကြီးပျော်လို့ရယ်
သမီးတော် လွှတ်လိုက်ပါဦး၊
ဇာနည်ကြက်မသူတွန်လျှင်
ဇမ္ဗူတခွင် လင်းလို့မဆုံး။

အယူတော်မင်္ဂလာဦးနိုး

ဦးဖိုးလှိုင်၏အတိတ်တဘောင်ပြင်ဆင်

သာသနာဘဝဂ်ခရီးမှာတော့ဖြင့်၊
ကနက်ထီးတွေနဲ့ ဖျက်ဆီးဖို့ခရီးကြုံ၊
ရွှေပေးမယ် မယ်မယုံ၊ ငွေပေးမယ် မယ်မယုံ
နယ်အကုန်ဖျက်မဲ့အရေး၊ ပြန်စလို့တွေး။
တံတားတွေအလျင်ဆောက်လို့၊ဘုရားရင်မောက်လိမ့်၊
ဘုရားတွေရင်မောက်ရင်ဖြင့်၊ အခြားပြည်ဝင်နှောက်ပါလိမ့်။
အခြားပြည်ဝင်နှောက်ရင်ဖြင့်၊
ပြည်တော်ပြန်မယ်ထွေးကို နန်းအပ်မှအေး။

ယောအတွင်းဝန်ဦးဘိုးလှိုင် (မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်၊ ခရစ်နှစ် ၁၈၉၆)

ရွှေပေါ်ကျွန်းဆရာတော်ကြီး၏တဘောင်ပြင်ဆင်

မီးကုန်ယမ်းကုန် ရိက္ခာကုန်
တပ်တွင်းသူပုန်ထလိမ့်မည်။
သူပုန်ထကာမင်း မိစ္ဆာ
ချက်ချင်း ကျလိမ့်မည်။
မင်းကျင့်တရား ထုံး(၁၀)ပါး
နဂါးတပ်က အောင်လိမ့်မည်။
စိတ်ဝမ်းကွဲလျှင် ချက်ချင်းပင်
ထိုးစစ်ဆင်လိမ့်မည်။
တပေါင်းစစ်ချီ ဒေါင်းစစ်သည်
သောင်းချီတက်လိမ့်မည်။
ထိုနေ့အခါ ပြည်မြန်မာ
သာယာဝပြောမည်။
မိစ္ဆာရဲ့လမ်းက ကျယ်ပါဘိ
နောက်တက်မယ့် မင်းကငယ်ပါဘိ။

ထိုနေ့အခါ မင်းမိစ္ဆာ
ယတြာ ဘယ်လိုကောင်းကောင်း
တပေါင်းမကျော်ပြီ။
မန်းတောင်က သောင်တမန်ရေနှစ်ခါဖွေး
ပြည်တော်ပြန်မိန်းကလေးတက်မှအေး။

ရွှေပေါ်ကျွန်းဆရာတော် (၁၉၉၂)

ကိုးကားပြင်ဆင်

  1. မြန်မာစာအဘိဓာန် (ဒုတ်ယအကြိမ်)။ စာ- ၁၄၃။
  2. ဦးအေးချို(မဟာဝိဇ္ဇာ)၏ မြန်မာ့စကား