အန်တိုနီ တရောလပ်

(တရောလပ် အန်တိုနီ မှ ပြန်ညွှန်းထားသည်)

ထရောလပ်သည် အင်္ဂလိပ်ဝတ္ထုရေးဆရာဖြစ်သည်။ သူ့ကို လန်ဒန်မြို့တွင် ခရစ် ၁၈၁၅ ခုနှစ်၌ မွေးဖွား၏။ သူ၏ ဖခင်သည် မူလက ဝတ်လုံတော်ရအလုပ်ကို လုပ်နေရာမှ လယ်ယာနှင့် ကုန်သည်လုပ်ငန်းဘက်သို့ ပြောင်းလိုက်ရာ စီးပွားပျက်သည်သာ အဖတ်တင်ခဲ့၏။ မိခင်မှာကား မူလကပင် စာရေးဆရာ၏ ဇာတိပါလာသဖြင့် ဝတ္ထုနှင့် ခရီးသွားဆောင်းပါးကြီးများကို ရေးသားကာ၊ စီးပွားပျက်သည့်အိမ်ထောင်ကို ဖေးမပြုစုခဲ့ရသည်။

အန်တိုနီ တရောလပ်၏ ပုံတူ

ထိုကဲ့သို့သော အခြေမျိုးကြောင့် အန်တိုနီထရောလပ်သည် ငယ်စဉ်ကပညာကို ဆုံးခန်းတိုင် ပေါက်မြောက်စွာ မသင်ခဲ့ရရှာချေ။ အသက် ၁၉ နှစ် အရွယ်ကပင်လျှင် ဝမ်းရေးအလို့ငှာ အိုင်ယာလန်ပြည်နယ် စာတိုက်ဌာန၌ အလုပ်လုပ်ခဲ့ရသည်။ ထိုဌာနတွင် ၁၈၄၁ ခုမှ ၁၈၅၉ ခုနှစ်တိုင်တိုင် အလုပ်လုပ်ခဲ့ရာ၊ အက်စပက်တော်ရာထူးကို ရရှိခဲ့၏။

ထိုနောက် ၁၈၅၉ ခုနှစ်မှ ၁၈၆၇ ခုနှစ်အထိ အထူးအလုပ်ဝတ္တရားဖြင့် အနိုင်နိုင်ငံသို့ စေလွှတ်ခြင်းခံရ၍၊ အနောက်အိန္ဒိယ ကျွန်းစု၊ အီဂျစ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလီးယားကျွန်း၊ နယူးဇီးလန်ကျွန်း၊ တောင်အာဖရိကတိုက်ဟူသော ဒေသတို့သို့ ဝတ္တရားဖြင့် လှည့်လည်ပြီးလျှင် အင်္ဂလန်ပြည်သို့ ပြန်လည်ရောက်ရှိကာ၊ တာဝန်ဝတ္တရားကို ဆက်လက်ထမ်းရွက်ရသည်။ ဤကဲ့သို့ အနိုင်နိုင်ငံတို့သို လှည့်လည်အမှုထမ်းခဲ့သဖြင့်၊ ရရှိသော ဗဟုသုတတို့ ကိုမူတည်ကာ၊ သူရောက်ရှိခဲ့သောဒေသအကြောင်း သူသွားခဲ့သော ခရီးစဉ်အကြောင်းဟူသည်တို့ကို စာအုပ်ရေးသား ထုတ်ဝေခဲ့သည်။

မူလက အိုင်ယာလန်တွင် အမှုထမ်းခဲ့သဖြင့်၊ အိုင်ရစ်လူမျိုးတို့၏ ပုန်ကန်တော်လှန်သည်တို့ကို အခြေတည်ကာ ဝတ္ထုများရေးသားခဲ့၏။ သို့သော် သူ၏ဝတ္ထုများသည် မထူးခြားလှချေ။ နောင်အခါ၌ကား ထရောလပ်သည် ဝိတိုရိယဘုရင်မလက်ထက် အင်္ဂလန်နိုင်ငံတွင် လူလတ်တန်းစားတို့၏ အထက်လွှာရှိ လူ့သဘာဝ အခြေအနေတို့ကိုဖွဲ့ဆိုသော ဝတ္ထု ခြောက်အုပ်ရေးသား ထုတ်ဝေလိုက်ရာ နာမည်ကျော်ကြားလာခဲ့သည်။

ထရောလပ်သည် ထိုဝတ္ထုတို့တွင် သရုပ်မှန်ကို အတိအကျ ဖော်ပြ၍၊ လောကကို ခနဲ့သောသဘောဖြင့် ရေးသားလေရာ၊ အကြောင်းအရာတို့သည် သာမညပင် ဖြစ်စေကာမူ၊ တိကျမှန်ကန်သော အဖွဲ့အနွဲ့တို့သည် လူ၏စိတ်ကို ဆွဲဆောင်စေသည်။ ထိုဝတ္ထုများအပြင် နိုင်ငံရေးနှင့်ဆိုင်သော ဝတ္ထုပေါင်း ဆယ်အုပ်မျှကို ရေးသားသည်။ သူရေးသားသော စာအုပ်များမှာ အုပ်ပေါင်း ၅ဝ မျှရှိလေသည်။ [၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)