တောင်တော်ဆရာတော်ကား သက္ကရာဇ် ၁၁၈ဝ ပြည့်နှစ် ခန့်တွင်ဖွား မြင်သည်။ ဇာတိမန္တလေးတောင်၏ အရှေ့မြောက်ယွန်းခုနစ်မိုင်ခန့်၌ သခင်မတောင် ဟူ၍လည်းကောင်း၊ မယ်ဥတောင် ဟူ၍လည်းကောင်း၊ မရွှေဥတောင်ဟူ၍လည်းကောင်းခေါ်အပ်သောတောင်၏ တောင်ဘက်ခြေရင်း ရှိရှောဖြူကုန်းရွာ ဖြစ်သည်။

သက်တော်စေ့ရဟန်းပြုသည်။ ရဟန်းမည်းရှင်မာလာတည်း။ မန္တလေးမြို့သို့ရောက်သောအခါ မင်းတုန်း မင်းတရားကြီး၏ ကောင်းမှု မဟာဝိသုတာရာမတိုက်တော်ခေါ် အရှေ့တိုက်တော်၌ ဒုတိယမောင်းထောင်သာသနာပိုင် အရှငေ်ဥယျဓမ္မထံ ပိဋကတ်ကျမ်းဂန်များကိုသင်ကြားသည်။

၁၂၃၆ ခုနှစ်တွင်မင်းတုန်းမင်းတရားကြီးသည် သီပေါမင်းသားနှင့်အတူသား တော်လေးပါးတို့ကို ရှင်သာမ ဏေပြုပြီးလျှင် မာလာလင်္ကာရ သိီရိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု တောင်တော် ဆရာတော်ထံအပ်နှံ၍ နန်းတော်အတွင်း လွှတ်တော်ရှေ့တွင် ကျောင်းတော်ဆောက်လုပ်ကာ တောင်တော်ဆရာတော်ကို သီတင်းသုံးစေလျက် မင်းသားတို့ကိုပညာ သင်ကြားစေသည်။ သီပေါမင်းအထွတ်အမြတ်သို့ရောက်သောအခါ ယင်းကျောင်းတော်ကိုအသစ်ပြုပြင်ဆောက်လုပ်၍ မှန်စီရွှေချထားသဖြင့်နန်းတွင်းမှန်ကျောင်းဟုခေါ်ကြသည်။ တောင်တော်ဆရာတော်၏ဘွဲ့တံဆိပ်မှာလည်း မင်းတုန်းမင်းတရားကြီး လှူဒါန်းသော တံဆိပ်ဟု ယူဆသည်။

၁၂၂ရ ခုနှစ်တပို့တွဲလတွင် သာသနာပိုင် ဒုတိယမောင်းထောင်ဆရာတော်ပျံလွန်ရာ နောက်ထပ်သာသနာပိ်ုင် မတင်မြှောက်တော့ဘဲ သာသနာရေးသာသနာမှုကိုသုဓမ္မာအဖွဲ့ကစီမံအုပ်ချုပ်သည်။ ၁၂၄ဝ ပြည့်နှစ်သီတင်းကျွတ်လဆန်းခုနစ်ရက်နေ့ မင်းတုန်းမင်းတရားကြီးနတ်ရွာစံပြီးနောက် သီပေါမင်းနန်း တက်သောအခါမင်းတုန်းမင်းလက်ထက်ကဖွဲ့စည်းထားသော သုဓမ္မာဆရာတော်ရှစ်ပါးအနက် ကျန်ရှိသောလေးပါးတွင် နောက်ထပ်ဆရာတော်ရှစ်ပါးထည့်သွင်းသဖြင့် သုဓမ္မာဆရာတော်တစ်ကျိပ်နှစ်ပါးဖြစ်လာရာ တောင်တော်ဆရာတော်လည်း အပါအဝင်ဖြစ်သည်။ ၁၂၄၄ ခုနှစ်တပေါင်းလတွင် သီပေါမင်းသည် သုဓမ္မာစရပ်၌ ဆရာတော်သံဃာတော်၊ မင်းညီမင်းသား၊မှူးမတ် ပရိသတ်အစုံအညီ၌ တောင်တော်ဆရာတော်အား မာလာလင်္ကာရသာသနဓဇဓမ္မသေနာပတိမဟာဓမ္မရာဇာဓိ ရာဇဂု ရုဘွဲ့တံဆိပ်တော်ကိုကပ်လှူ၍ အမိန့်တော်ပြန်တမ်းကို ဖတ်ကြား စေပြီးလျှင် သာသနာပြုသာသနာပိုင်အပ်နှင်းတော် မူသည်။

၁၂၄၆ ခုနှစ်ဝါခေါင်လတွင်ဆရာတော် သံဃာတော် ရှစ်ဆယ်တို့အား ရာဇဂုရုဘွဲ့တံဆိပ်ကို ငါးမျိုး သတ် မှတ်ပိုင်းခြား၍ကပ်လှူသောအခါ သာသနာပိုင်တောင်တော်ဆရာတော်ကြီးအား 'မာလာလင်္ကာရ ဓဇဓမ္မသေနာပတိ အတုလဓိပတိသီရိပဝရမဟာဓမ္မရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်တော်ကိုထပ်မံလှူပြန်သည်။ တောင်တော်ဆရာတော်ကြီးသည် အရှေ့ပြင် တိုက်တော်နှင့် နန်းတွင်းမှန်ကျောင်း၌ လှည့်လည် သီတင်းသုံးသည်။ အနောက်ပြင်တိုက်တော်အတွင်း ရေတွင်းဒါယကာကြီးဦးထွန်းဆောက်လုပ်လှူဒါန်းသော ကျောင်းဦးပြာသာဒ်၊ စနု၊ သုံးထပ်ဇေတဝန် အနောက်ဆောင်များပါရှိသောကျောင်းကြီး၌ သီတင်းသုံးသည်။ ၁၂၄ရ ခုနှစ်သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ် အစိုးရ လက်ထက်၌လည်း တောင်တော်ဆရာတော်ကြီး ကိုပင် ဆက်လက်၍ သာသနာပိုင်အဖြစ်အသိအမှတ်ပြုသည်။ ထိုအခါသာသနာပိုင် ဆရာတော်ကြီးကသာသနာရေး သာသနာမှုကိုဆောင်ရွက်ရာ၌ အကူအညီရရန်ဝဲယာအဖြစ် လှထွေဆရာတော်နှင့်ပခန်းဆရာတော်နှစ်ပါးကိုအင်္ဂလိပ် အစိုးရထံ တောင်းရာ အစိုးရကခွင့်ပြုသည်။ တစ်လလျှင် သာသနာပိုင်ဆရာတော်အားဆွမ်းဆန် ၂၅ အိတ်၊ဝဲ၊ယာ ဆရာတော်နှစ်ပါးအား တစ်ပါးလျှင် ၁ဝ အိတ်စီ၊ ဆွမ်းဆန် ၄၅ အိတ်ထောက်ပံ့သည်။ ယင်းဆွမ်းဆန်တော်တို့ကို သာသနာပြုဆရာတော်တို့ဝေငှသုံးစွဲကြသည်။

မြန်မာဘုရင်မင်းမြတ်ရှိစဉ်က သာသနာရေး သာသနာမှုတို့ကိုသုဓမ္မာဇ ရပ်၌စီရင်ဆုံးဖြတ်ကြသည်။ အင်္ဂလိပ်အစိုးရလက်ထက် ရောက်သောအခါ မန္တလေးမြို့ရိုးအတွင်းစွယ်တော်စင်၏ အရှေ့ဘက်ရှိ ကင်းဝန်မင်းကြီးအိမ်၌စီရင်ဆုံးဖြတ်သည်။ တောင်တော်ဆရာတော်ကြီးသည် သက်တော် ရ၆ ခန့် ၁၂၅၆ ခုနှစ်တွင် နောက်တိုက်တော်၌ပျံလွန်တော်မူသည်။[]


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)