မုန့်ဟင်းခါးဆိုသည်မှာ မြန်မာနိုင်ငံ တနံတလျားတွင် နယ်တိုင်းနယ်တိုင်း ချက်ပြုတ်စားသောက်ကြသော စားစရာတမျိုးဖြစ်သည်။ ချက်ပြုတ်ပုံမှာလည်း မတိမ်းမယိမ်းပင်ရှိသည်။ သို့ပေမဲ့ ထားဝယ်မုန့်ဟင်းခါးမှာ အများနှင့်မတူဘဲ တမူထူခြားလျက်ရှိသည်။ မုန့်ဟင်းခါးကို ထားဝယ်စကားဖြင့် (မုက္လွန်းဆီ) ဟု ခေါ်သည်၊ ထားဝယ်ရိုးရာ စားစရာများကို ကျွမ်းကျွမ်းကျင်ကျင် ချက်တတ်ဖို့ဆိုသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပါ၊ ထားဝယ်မုန့်ဟင်းခါးသည် ဟင်းနှစ်မျိုးနှင့် ရောစပ်ပြီး စားသောက်ရသည်။ ဟင်းရည်နှစ်မျိုးမှာကား မုန့်ဟင်းခါးရည်တမျိုး၊ မုန့်လက်သုပ်ရည်တမျိုးဖြစ်သည်၊ မုန့်လက်သုပ်ရည်သည် ချဉ်ပြုံးပြုံးဖြင့် သောက်လို့ကောင်းလှသည်။ မုန့်တီကိုတော့ ထားဝယ်စကားဖြင့် (မုဗန်) ဟုခေါ်သည်။ ချက်သည့်အခါတွင် အိုးနှစ်အိုးနှင့် သီးခြားချက်ရသည်။ မုန့်ဟင်းခါး ချက်နည်းမှာ အောက်ပါအတိုင်းဖြစ်သည်။

မုန်ဟင်းခါးရည်ချက်ပုံမှာ ပြင်ဆင်ရန်

ငှက်ပျောအူ နုနုကလေးများကို နူးအောင် ပြုတ်ထားရသည်။ (ရခိုင်ငှက်ပျော) ပြုတ်ပြီးသည့်အခါ အရည်ကိုစစ်ထားရသည်။ မုန့်ဟင်းခါးရည် ချက်မည့်အိုးထဲတွင် ဆီထည့်ရသည်၊ ဆီပူလာသည့်အခါ နနွင်းထည့်ရသည်။ အရန်သင့်ထောင်းထားသည့် ကြက်သွန်ဖြူ၊ ဂျင်း(ချင်း)၊ စပါးလင် (ဗျစ်သွန်ဗန်) များကိုဆီသတ်ပေးရသည်။ ဆီသတ်ပြီးလျှင် ငါးပုပ်ခြောက် အား ထည့်ရသည်။ သမအောင် ရောမွေပေးရသည်။ ပွက်ပွက်ဆူလာသည့်အခါ ငှက်ပျောဖတ်များကို ထည့်ရသည်။ ဆား၊ ဟင်းချိုမှုန့်တို့ကို လိုအပ်သည်ထက် လျှော့ချပြီးထည့်ပါသည်။ အရသာများ ရလာတဲ့အခါမှာ ကညင်ရွက် (လန်ဂေါ်ရွက်) ကို ထည့်ရသည်။ တချို့များတွင် ကညင်ရွက် (လန်ဂေါ်ရွက်) အရင့်အားလည်း နူးအောင်ထည့်ချက်ကြသည်။ နာနာလေး မွေပေးရသည်။ အရည်မှာ ပျစ်နှစ်နေပါတော့သည်။ ပျစ်နှစ်လာပြီဆိုလျှင် မုန့်ဟင်းခါးရည် တမျိုး ရရှိပြီဖြစ်သည်။

မုန့်လက်သုပ် ဟင်းရည်ချက်နည်း ပြင်ဆင်ရန်

ချိုသည့်ပင်လယ်ငါးကို သုံးကြသည်။ ငါးကွမ်းညှပ်ငါးမုငါးရွှေငါးမန်း စသည့် ပင်လယ်ငါးများကို အသုံးပြုကြသည်။ ချက်ပြုတ်မည့်ငါးကို အတုံးကြီးကြီးတုံးရသည်၊ သန့်စင်အောင် ရေဆေးရမည်၊ ငါးတုံးများကို ဆားနယ်ပြီး အုန်းရည်(ပုန်းရည်) ထားဝယ်စကားဖြင့် (အောင်းရယ်)နှင့် ထည့်ပြုတ်ရသည်။ ကျက်ပြီဆိုလျှင် အအေးခံရသည်၊ ငါးများကိုအရိုးနွှာရသည်။ ကြက်သွန်ဖြူ၊ စပါးလင် ဂျင်းများကို ဆီသတ်ပြီး ပြန်ချက်ရသည်။ ကြက်သွန်နီဥများကို ကြီးလျှင် နှစ်ခြမ်းခွဲကာ သေးလျှင်အလုံးလိုက်ထည့်ပြီး ချက်ရသည်၊ ထို့နောက် ပအုန်းရည်(အောင်းရယ်)အားထည့်ရသည်။ ပွက်ပွက်ဆူလာပြီလျှင် မုန့်လက်သုပ် ဟင်းရည် တစ်မျိုးရရှိပါပြီ။

ဟင်းရည်နှစ်မျိုးတည်းဖြင့် မပြီးသေးပါ၊ အကြော်၊ မကျည်းသီးချဉ်ရည်၊ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ ဆီကျက် (ကြက်သွန်ဖြူဥတုံးကလေးများကို ဆီသတ်ထားသည်) ပဲမှုန့် စသည်တို့ဖြင့် ရောစပ်ပြီး ဟင်းရည်နှစ်မျိုးဖြင့် စားရသည်။

တမူထူးခြားနေသည့် ထားဝယ်မုန့်ဟင်းခါးကို ထားဝယ်သို့ရောက်လျှင် မည်သည့်ရပ်ရွာတွင်မဆို ရရှိနိုင်သည်။ ထားဝယ်လူမျိုးများ၏ ရိုးရာ စားစရာတခုလည်း ဖြစ်သည်။ မုန့်လက်သုပ်ထဲသို့ စာကလေးခွေ ထည့်၍လည်းစားသုံးနိင်ပါသည်။