ထီးလှိုင်ရှင်စေတီသည် အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုးအတွင်း မယ်နုအုတ်ကျောင်း၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ပုဂံခေတ်တွင် ကျန်စစ်သားမင်းသည် အနော်ရထာမင်း၏ အမျက်ဘေးမှ တိမ်းရှောင်စဉ်က ဤကုန်းမြေကို ရောက်ရှိခဲ့သည်။ ဤကုန်းမြေတွင် နားနေစဉ် နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာသော တပ်များသည် ကျန်စစ်သားအား မျက်စိအောက်တွင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်၍ ကြောက်စိတ်ဝင်ပြီး ရှောင်ပြေးကြသည်ဟု ဆိုသည်။ ဤအဖြစ်ကို တွေ့မြင်သော ကျန်စစ်သားသည် ဤကုန်းမြေအား အောင်မြေအဖြစ် သတ်မှတ်ခဲ့သည်။ နန်းစံဘုရင်အဖြစ်သို့ရောက်သောအခါ ဤနေရာတွင် ထီးလှိုင်ရှင်ဘွဲ့အမည်ဖြင့် စေတီတည်ထားသည်။ မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်တွင် သတိုးမင်းဖျားသည် ဤထီးလှိုင်ရှင်ကုန်းကို အမှီပြု၍ အင်းဝနေပြည်တော်ကို တည်ထောင်ခဲ့သည်။

ဘကြီးတော်မင်း လက်ထက်တွင် မိဖုရားခေါင်ကြီး မယ်နုသည် ဤစေတီကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်၍ ထီးတော်သစ် တင်လှူပူဇော်စေခဲ့သည်။ စေတီမှာ မြေစိုက်စေတီအမျိုးအစားဖြစ်သည်။ ဂေါပကအဖွဲ့မှ အနီးကပ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့်လည်း လိုအပ်သော အကြံဉာဏ် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများပေး၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. အင်းဝ-ပင်းယဒေသရှိရှေးဟောင်းအဆောက် အအုံများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ စာ-၁၄