ဒန္တပေါနသိက္ခာပုဒ်
အမှု—လူသာမဏေတို့က မပေးအပ်(မကပ်အပ်)သော အာဟာရကို စားမှု။
အမှုသည်—ရဟန်းတပါး။
သုသာန် ကိုယ်တော်
ပြင်ဆင်ရန်ဝေသာလီမြို့၌ ရဟန်းတပါးသည် ပံသုကူရသော ပစ္စည်းကိုသာ သုံးစွဲ၏။ သုသာန်၌ စွန့်ပစ်အပ်သော ခွက်ကို သပိတ်လုပ်၍၎င်း, သုသာန်၌ စွန့်ပစ်အပ်သော အဝတ်ကို သာသင်္ကန်းချုပ်ပြီး၍၎င်း, သုသာန်ကရသောခုဋင် ထိုင်ခုံကိုသာ သုံးစွဲ၏၊ သုသာန်, သစ်ပင်အောက်, တံခါးခုံစသည်တို့၌ သေလွန်ပြီးသော မိဘဘိုးဘွားတို့ကို ရည်စူး၍ထားအပ်သော အစားအသောက်များကိုသာ ကိုယ်တိုင်ယူ၍ စားသောက်၏၊ ဤသုသာန်ကိုယ်တော်ကို လူတို့က “ဘိုးဘွားမိဘတို့ကို ရည်စူး၍ ထားအပ်သော စားဘွယ်တို့ကို ဘာ့ကြောင့် ကိုယ်တိုင်ယူပြီး (သူများလာမပေးဘဲ) စားရသလဲ, ဝလိုက်တာလဲ ဖီးလို့, အသားတွေလဲ ကျစ်ကျစ်လျစ်လစ်ရှိ၏၊ လူသားကို စားနေဟန်တူသည်”ဟု လူတို့ ကဲ့ရဲ့ကြလေသည်၊ [မည်သူကမှ မိမိလက်ရောက်အောင် မပေးဘဲစားခြင်းကို လူကြီး လူကောင်းတို့ မပြုကြသောကြောင့် ထိုရဟန်း၏ ကိုယ်တိုင်ယူ၍ စားမှုကို ကဲ့ရဲ့ကြခြင်းဖြစ်သည်။]
ထိုအကြောင်းကို ရဟန်းများကြား၍ ရဟန်းများကလည်း ဘာ့ကြောင့် မပေးအပ်(မကပ်အပ်)သော အစာကို ခံတွင်းဝသို့ ဆောင်ရသလဲ”ဟု ကဲ့ရဲ့ကြ၍ ဘုရားရှင်အား လျှောက်ကြသောကြောင့် “ယောပန ဘိက္ခု၊ မုခဒွါရံ အာဟာရံ အာရေယျ, ပါစိတ္တိယံ”ဟု မူလပညတ်ကို ထားတော်မူရလေသည်၊ [ဤ၌ “အဒိန္နံ = မပေးအပ်” ဟူရာဝယ် “မိမိပစ္စည်းပင်ဖြစ် သော်လည်း လူ-သာမဏေစသူတို့က မိမိလက်ရောက်အောင် မပေးအပ်သည်ကို ဆိုလိုသည်၊ ထို့နောက် အချို့ ရဟန်းတို့သည် “ရေ၌၎င်း, ဒန်ပူ၌၎င်း သူတပါးက မပေးလျင်(မကပ်လျှင်)သောက်ကောင်း ခဲကောင်းမည် မထင်-ဟု သံသယ ဖြစ်ကြသောကြောင့် “အညတြ ဥဒကဒန္တပေါဏာ” ဟု ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရပြန်သည်။[၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်ယော ပန ဘိက္ခု အဒိန္နံ မုခဒွါရံ အာဟာရံ အာဟရေယျ အညတြ ဥဒကဒန္တပေါနာ, ပါစိတ္တိယံ။[၁]
မြန်မာပြန်
ပြင်ဆင်ရန်အကြင် ရဟန်းသည် (ရေ-ဒန်ပူကိုကြဉ်၍ ရေ-ဒန်ပူမှ တပါး) မပေးမကပ်အပ်သော အာဟာရကို ခံတွင်းဝသို့ ဆောင်အံ့ (မျိုအံ့)၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ [၁]
အကပ်မြောက်အင်္ဂါ ၅-ပါး
ပြင်ဆင်ရန်၁-ကပ်မည့်သူက ရှေ့ရှု ဆောင်ခြင်း,
၂-အကပ်ခံမည့်ရဟန်း၏ ၂ တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ ရောက်ခြင်း
၃-အား အလတ်စားရှိသူ မြှောက်ချီနိုင်သော ဝတ္ထုဖြစ်ခြင်း,
၄-ကိုယ်ဖြင့် ဖြစ်စေ ကိုယ်နှင့်စပ်နေသော(ကိုင်ထားသော) ခွက်စသည်ဖြင့်ဖြစ်စေ ပစ်၍ ဖြစ်စေ ဤ ၃-မျိုးတွင် တမျိုးမျိုးဖြင့် ကပ်သူကပေးခြင်း,
၅-ကိုယ်ဖြင့်ဖြစ်စေ ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက်တုတ်စသည်ဖြင့် ခံ၍ တို့၍ ထိ၍ဖြစ်စေ ဤ ၂-မျိုးတွင် တမျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းကခံယူခြင်း, ဤအင်္ဂါ ၅-ပါးပြည့်စုံမှ အကပ်မြောက်သည်။
[ဆောင်] ရှေးရှုလည်းဆောင်, ၂ တောင့်ထွာရောက်, မြှောက်နိုင်ဝတ္ထု, သုံးခု ပေးခြင်း, ခံခြင်းနှစ်လှောက်, ကပ်ခံမြောက်, မှတ်လောက် အင်္ဂါ ၅-ပါးတည်း။ [၁]
ချဲ့ဉုးအံ့
ပြင်ဆင်ရန်“ရှေးရှုဆောင်”ဟူရာ၌ လက်ဖြင့် ရှေ့တိုးပေးမှရှေ့ရှုဆောင်ရာ ရောက်သည်မဟုတ်သေး၊ ဥုးခေါင်းပေါ်၌ ရွက်ထားသော စားဘွယ်ခွက်ကို လှူလို၍ ဥုးခေါင်းကို အနည်းငယ်စောင်းညွတ်ပေးလိုက်လျှင် ရှေ့ဆောင်ရာ ရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာ ယူစားနိုင်၏၊ အားအလတ်ရှိသူ ကြွမြှောက်နိုင်သော ယာဂုအိုးကြီးကို ရှင်ငယ်ကလေးက မကြွနိုင်၍ မြေပေါ်၌ပင် လှိမ့်လျက် ကပ်ရာ၌လည်း ရဟန်းက လက်ထိုးပေးကာ (ထိရုံ ထိ၍ဖြစ်စေ) အကပ်ခံနိုင်၏။
ဤစကားအရ-ယခု ကာလ တယောက်လည်း ကြွနိုင်သော စားပွဲကို ဟင်းဖိတ်မည်စိုး၍ ၂-ယောက် ၃-ယောက်ကိုင်လျက် ကပ်ခြင်း, စားပွဲ အခင်းတို့ ကြမ်းပြင်မှာ ထိနေလျက်ကပ်ခြင်း, ကပ်မည့်သူက ရှေ့ရှုဆောင်၍ ၂-တောင့်ထွာ အတွင်း ရောက်ရှိသောဝတ္ထုကို လက်မြှောက်လှမ်းယူ၍ အကပ်ခံခြင်းများ၌ အကပ်မြောက်သည်ချည်းမှတ်။[၁]
ဟတ္ထပါသ်တိုင်းနည်း
ပြင်ဆင်ရန်၂-တောင့်ထွာ ဟတ္ထပါသ်တိုင်းရာ၌ ရှေ့ကလာ၍ ကပ်ရာဝယ် ရဟန်းက ထိုင်နေလျှင် ထိုရဟန်း၏ တင်ပါး နောက်ဘက် အစွန်းဖြင့်, ရပ်နေလျှင် ဖနောင့်စွန်းဖြင့်, စောင်းလျက်လှဲနေလျှင် စောင်းသော နံပါး၏ ပြင်ဘက်စွန်းဖြင့် တိုင်းရမည်၊ ဝမ်းလျားမှောက်၍ နေရာ ဦးခေါင်း နား၌လာ၍ ကပ်လျှင် ဥုးခေါင်းစွန်း၏ အနီးဆုံးဖြစ်သော လည်ပင်းဖြင့် တိုင်းရမည်၊ ဤသို့လျှင် အကပ်ခံသူ၏ လှမ်းယူသော လက်မှတပါး အနီး အဆုံးကိုယ်အင်္ဂါ၏ နောက်ဘက်စွန်းဖြင့် တိုင်း၍...ကပ်သူ့အတွက်လည်း လှမ်း၍ ပေးသော လက်မှတပါးအခြားသော အနီးဆုံးအင်္ဂါ၏ ဤဘက် အစွန်းဖြင့် တိုင်းတာရမည်၊ စားပွဲကြီးအလယ်ခြား၍ အကပ်ခံကြရာ၌ အနီးဆုံး အင်္ဂါချင်း ဟတ္ထပါသ်ကို သတိပြုရာ၏။][၁]
မုခဒွါရံ
ပြင်ဆင်ရန်“ခံတွင်းအဝ”ဟူသည် ပါးစပ်ပေါက်မဟုတ်, အောက်ပိုင်း အဝဖြစ်သော လည်ချောင်းပေါက်တည်း၊ မူခတော-ခံတွင်းမှ၊ ဟေဋ္ဌာ-အောက်ဖြစ်သော၊ ဒွါရံ-အပေါက်သည်၊ မုခဒွါရံ-မည်၏၊ ထိုကြောင့် အာဟာရကို ပါးစပ်ကဖြစ်စေ နှာခေါင်းပေါက်ကဖြစ်စေ သွင်းရာ၌လည်ချောင်း ပေါက်၏ အတွင်းရောက်လျှင် မျိုရာရောက်၏၊ လည်ချောင်းမရောက်ခင် ပါးစပ်အတွင်း၌ ငုံရုံငုံပြီး(အရည်တစက်မျှ လည်ချောင်းတွင်း မဝင်စေဘဲ) ထွေးပစ်နိုင်လျှင် အကပ်မခံသော်လည်း အပြစ်မရှိသေး၊ ထိုကဲ့သို့ ပြုနိုင်လျှင် ညနေဘက်မှာလည်း ဝိကာလဘောဇန အပြစ်မရှိ၊ သို့သော် အကျိုးမရှိသော ထိုအလုပ်မျိုးကို မလုပ်ခြင်းသာလျှင် ကောင်း၏။ [၁]
အာဟာရံ
ပြင်ဆင်ရန်ယာဝကာလိက စသော ၄-ပါးကို အာဟာရဟုဆိုသည်၊ ထိုအာဟာရကို အကပ်ခံရာ၌ ရထရေဏုမြူသည် အကပ်ခံနိုင်သော အသေးဆုံး အာဟာရတည်း၊ အကပ်ခံပြီးသော အာဟာရ၌ ရထရေဏုမြူ ကျလျှင်လည်း အကပ်ပျက်တော့သည်သာ၊ လှည်းရထားတို့သွားသည့်အခါ ထသော မြူမှုန့်ကို ရထရေဏုမြူဟု ခေါ်၏၊ တံမြက်လှည်း၍ လေတိုက်၍ ထသောမြူများလည်း ရထရေဏုမြူပင်၊ ထို့အောက်ငယ်သော နံရံပေါက်မှ ဝင်လာသော နေရောင်ဖြင့်မြင်ရသောမြူကို တဇ္ဇာရီမြူဟုခေါ်၏။ ထိုတဇ္ဇာရီ မြူမှုန့်နှင့် အဏုမြူ ပရမာဏုမြူတို့မှာ အကပ်မပျက်နိုင်၊ မြူမှုန့် (ဖုံ)များကို ယာဝဇီဝိက အာဟာရတွင် ပါဝင်သည်ဟုမှတ်။
အညတြ ဥဒကဒန္တ ပေါဏာ-ဥဒကဟူသည် ရထရေမြူပမာဏရှိသော မြူမှုန်မပါသည့် သန့်ရှင်းသောရေတည်း၊ ထိုသန့်ရှင်းသောရေသည် ကာလိက လေးပါးမှအလွတ်ဖြစ်၍ အကပ်မခံဘဲ သောက်ကောင်း၏၊ ကိုယ်တိုင်လည်း ကြိုကောင်း၏-ချက်ကောင်း၏၊ ရထရေဏုမြူမှုန်ပါသော ရေကားအတွက် အကပ်မခံဘဲ မသောက်ရ၊ သို့ဖြစ်၍ ဝိနည်းကို ဂရုစိုက်သူတို့ အကပ်မခံသော ရေကို အမြဲစစ်၍သောက်ကြသည်။
ဒန်ပူစားရာ၌ အိန္ဒိယ ထုံးစံမှာ သွားဖြင့်ဝါး၍ ဒန်ပူရည် ထွက်အောင် စားလေ့ရှိ၏၊ ထိုအရည်ထွက်မှသွားပိုးမစားနိုင်ဘဲ သွားစင်ကြယ်သည်-ဟု အယူရှိသည်၊ ထိုသို့ဒန်ပူစားရာ၌ ဒန်ပူရည်များ လည်ချောင်းတွင်းမဝင်လျှင် အကပ်ခံဘွယ် မလိုသောကြောင့် အညတြ ဥဒကဒန္တပေါဏာ”ဟု မိန့်တော် မူရသည်၊ အကယ်၍ဒန်ပူရည်က လည်ချောင်းတွင်း ဝင်လျှင်ကား အကပ်ခံမှ သင့်မည်၊ အကပ်မခံလျှင်-ဤသိက္ခာပုဒ်အရ အာပတ်သင့်မည်သာ။
အချုပ်မှာ...အညတြ ဥဒကဒန္တပေါဏာဖြင့် လွတ်လပ်ခွင့်အထူးမရ၊ ကြည်နေသောရေသည် ကာလိကဝိမုတ်ဖြစ်၍ နဂိုကပင်အပ်၏၊ ဒန်ပူလည်း ခံတွင်းသို့ အရည်မဝင်လျှင် ပင်ကိုယ်ကပင် အပ်၏၊ သို့ရာတွင် ဘုရားရှင် လက်ထက်တော်က ရဟန်းအချို့တို့ ရေနှင့်ဒန်ပူအတွက် သံသယ ဖြစ်ကြသောကြောင့် ဘုရားရှင်က ထပ်၍ ချွင်းချက်ပြုတော်မူရသည်။[၁]
မှတ်ချက်
ပြင်ဆင်ရန်ပြခဲ့သောစကားများအရ ထရေဏုမြူသည် အကပ်ခံလောက်သော အာဟာရတွင် ပါဝင်ရကား ဆွမ်းခံတုန်းဖြစ်စေ ဆွမ်းစားတုန်း ဖြစ်စေ စားခွက်တွင်းသို့ ထိုမြူမှုန်မျိုးကြလျှင် ထိုမြူနှင့်တကွ ဆွမ်းအနည်းငယ်ကို ယူပစ်ရမည်။ ထပ်၍ အကပ်မခံဘဲ ဆက်လက်၍ဆွမ်းခံလျှင် ဝိနယဒုက္ကဋ် ခေါ် ဒုက္ကဋ် အာပတ်သင့်၏၊ ဆက်၍ဆွမ်းစားလျှင် ထိုမြူမှုန်ကို စားမိက ဤသိက္ခာပုဒ်အရပါစိတ်အာပတ်သင့်၏။
ထိုပြင်-ဆွမ်းလုပ်ကို ပါးစပ်သို့ သွတ်သွင်းပြီးနောက် ပါးစပ်တွင်းမှ ဆွမ်းလုံးတလုံးဖြစ်စေ သပိတ်တည်းသို့ ပြန်၍ကျလျှင် ထပ်၍ အကပ်ခံလေ့ရှိကြ၏။ သို့သော် ထိုပြန်ကျလာသော ဆွမ်းလုံးသည် ပါးစပ်ထည်း ရှိသော သွားရည် နှုတ်ခမ်းရည် စသည်နှင့် မလူးဘဲ ပြန်ကျလျှင် အကပ် မပျက်သေး၊ သွားရည် စသည်နှင့် လူးပြီးမှ ပြန်ကျလျှင်သာ ထိုသွားရည်အတွက် အကပ်ပျက်ရသည်။ ထို့ကြောင့် ပါးစပ်မှ ဆွမ်းလုံးပြန်ကျသည့် အခါ ထပ်၍ အကပ်ခံလေ့ရှိရာ၌ ဆွမ်းလုံးကျသည့်အတွက် သပိတ်အတွင်းရှိ ဆွမ်းများ အကပ်ပျက်သောကြောင့် မဟုတ်, ပြန်ကျလာသော ဆွမ်းလုံးက သွားရည် စသည်ဖြင့် လူးလာခဲ့လျှင် အကပ်ပျက်ရာသောကြောင့် ထိုပြန်ကျလာသော ဆွမ်းလုံးကို ထပ်၍ အကပ်ခံခြင်းဖြစ်သည်-ဟု မှတ်။
ထို့ပြင်-ဆွမ်း အချိုပွဲ စသည် စားရာ၌ လက်မဆေးဘဲစားလျှင် လက်၌ ရထရေဏုမြူလောက်သော မြူမှုန်များ ကပ်နေခဲ့သော် ထိုမြူမှုန်များအတွက် လက်ဖြင့် ထိရာ ခဲဘွယ်ဘောဇဉ်တို့ပါ အကပ်ပျက်တတ်ရကား ဆွမ်းစားခါနီးလက်ဆေး, ဆွမ်းစားပြီးနောက် အချို့ပွဲစားခါနီး လက်ဆေးရမည်။ ညာလက်ကိုသာ ဆေး၍ ဘယ်လက်ကို မဆေးလျှင် ဘယ်ဘက်လက်ဖြင့် စားဘွယ်များကို ကိုင်ရာ၌လည်း ဤနည်းအတိုင်းပင်၊ ထိုကြောင့် ဘယ်လက်ကို မဆေးလျှင် ထိုလက်ဖြင့် စားဘွယ်များကို မကိုင်မိစေရ။[၁]
ဆိုဘွယ်ရှိသေး၏
ပြင်ဆင်ရန်အချို့ကား စားမည်ဟု လက်ဆေးပြီးနောက် ထိုလက်ဖြင့် သင်္ကန်းကိုသိမ်းကြ၏။ ထိုသို့ သိမ်းရာဝယ် သင်္ကန်း၌ ရထရေ မြူမှုန်ကို ကိုင်မိလျှင် လက်မဆေးသူနှင့် အတူပင်တည်း၊ တချို့ကား အချို့ပွဲစားစဉ် အကပ်ခံမထားသော လက်သုတ်ပုဝါကို သုတ်လိုက်-အချိုပွဲကို နှိုက်လိုက်နှင့် စားကြ၏။ ထိုသို့ စားရာ၌ လက်သုတ်ပုဝါ ညစ်ပေတော့မည်မှာ သေချာပြီး လက်သုတ်ပုဝါ၌ ရထရေမြူမှုန့်ပါလျှင် စားဘွယ်များလည်း အကပ်ပျက်လိမ့်မည်၊ ထို့ကြောင့် အစာစားမည်-ဟု လက်ဆေးပြီးနောက် ထိုလက်ဖြင့် အစာမှတပါး အခြားလက်သုတ်ပုဝါ သင်္ကန်းစသည်ကို မကိုင်ဘဲ စားခြင်း ကိစ္စပြီးမှသာ လက်ဆေး၍ လက်သုတ်ပုဝါကို သုတ်သင့်ကြပေသည်။[၁]
ဒုရူပစိဏ္ဏဥဂ္ဂဟိတ
ပြင်ဆင်ရန်[ဒု-ဥပစိဏ္ဏ = မကောင်း လေ့ကျင့်မှု (အလေ့ အကျင့် မကောင်းမှု)၊ ဥဂ္ဂဟိတ = မြောက်ခါ နေရာရွှေ့အောင် ယူမှု။ ရှေ့၌ ဝိနယဒုက္ကဋ်ကိုပြခဲ့ပြီ၊ အကပ်မခံရသေးသော ခဲဘွယ်ဘောဇဉ်ကို (လူသာမဏေအား ပေးရန်မဟုတ်ဘဲ) သက်သက်လက်ဆော့ ခြေဆော့ သဘောဖြင့် ထိလျှင် (နေရာမှ မရွေ့စေဘဲ ကိုင်လျှင် ဒုရူပစိဏ္ဏ ဒုက္ကဋ် အာပတ်သင့်၏၊ ဥပမာ-သာမဏေ ဆွမ်းချက်နေရာ၌ ဆွမ်းအိုးကို ဖွင့်ခြင်း စသည်နှင့် အကပ်မခံဘဲ ချထားသော သပိတ်၏အဖုံးကို ဖွင့်ခြင်းစသည် များတည်း၊ သစ်ပင်ပေါ်ရှိ သစ်သီးနှင့် စားဘွယ် အရွက်များကို ကိုင်ရာ၌လည်း ဒုရူပစိဏ္ဏပင်၊ ကိုင်ရုံထိရုံမကဘဲ နေရာရွှေ့လောက်အောင် ကိုင်လျင် (အခြားတနေရာရွှေ့သွားလျှင်) ဥဂ္ဂဟိတ ဒုက္ကဋ်အာပတ်သင့်၏။
ထို့ပြင်-လူသာမဏေတို့၏ ခွက်ထည်းသို့ ရဟန်းက အကပ်ခံပြီး ဖြစ်သော ဆွမ်းဟင်း မုံ့စသည်ကို ထည့်ပေးရာ (ဆွမ်းဟင်းလိုက်ရာ)တို့၌ လူသာမဏေတို့၏ ရှိရင်းအစာတို့နှင့် မထိအောင် မြှောက်၍ ထည့်ပေးရမည်၊ ဘာ့ကြောင့်နည်း...လူသာမဏေတို့၏ အစာသည် ရဟန်း၏ လက်စသည်ကို ငြိ၍ ပါလာလျှင် ထိုအစာက အကပ်မခံရသေးသဖြင့် ကပ်ပြီး အစာနှင့် ရောက ကပ်ပြီး အစာပါ အကပ်ပျက်ဘွယ်ရှိသောကြောင့်တည်း၊ ဒုရူပစိဏ္ဏ ဖြစ်သောအစာကို ထိုထိကိုင်သော ရဟန်းတပါးသာ မစားကောင်း, အခြားရဟန်းများ စားကောင်းသေး၏။ ဥဂ္ဂဟိတက အစာကိုကား ရဟန်းအားလုံးပင် မစားကောင်းတော့ပြီ။
ခရီးသွားစဉ် မိဘသာမဏေများသို့ အစာကိုကား အကပ်မခံဘဲလည်း ယူသွားကောင်း၏၊ မိမိဘို့ဟု ရည်ရွယ်ချက် လုံးဝမပါ, မိဘ စသူတို့သာဟု မိမိစိတ်ကို စင်ကြယ်စေနိုင်လျှင် ကိုယ်တိုင် ယူခဲ့သော ထိုအစာများကို ရောက်ရာအရပ်၌ အလိုရှိက အကပ်ခံ၍ စားကောင်း၏၊ ထို့ထက်အကျယ်ကို ပါစိတျာဒိအဋ္ဌကထာမှာရှု။[၁]
အကပ်ပျက်ကြောင်း
ပြင်ဆင်ရန်(စွန့်) အကပ်ခံပြီးသော အစာကို မစားတော့အံ့ဟု အင်္ဂါများ အာလယပြတ် (ကွယ်မှုမရှိဘဲ) စွန့်လိုက်ခြင်းကြောင့်လည်း အကပ်ပျက်၏။ ထိုသို့ စွန့်ရာ၌ လက်ကလွတ်မှ အကပ်ပျက်သည်၊
(ချ) သိက္ခာချခြင်းကြောင့်လည်း အကပ်ပျက်၏၊
(ပေး) သူတပါးကို ပေးခြင်းကြောင့်လည်း အကပ်ပျက်၏၊ ဤပေးရာ၌လည်း လက်လွတ်မှပျက်သည်၊ နှုတ်ကပေးသော်လည်း လက်မလွှတ်သေးလျှင် အကပ်မပျက်၊
(လု) လူစသူတို့က အတင်း လုယူ သွားခြင်းကြောင့်လည်း အကပ်ပျက်၏။
(မစ္စု)သေခြင်း-
(လိင်ပြန်)ဘိက္ခု အဖြစ်မှ ဘိက္ခုနီအဖြစ်သို့ လိင်ပြန်ခြင်းတို့ကြောင့်လည်း အကပ်ပျက်၏။
[ဆောင်] စွန့်-ချ-ပေး-လု, မစ္စု-လိင်ပြန်, ဤ ၆ တန် ကပ်ခံ ပျက်ကြောင်းတည်း။ [၁]
မှတ်ချက်
ပြင်ဆင်ရန်ဤအကပ်ခံပျက်ရာ၌ အာဟာရကို တပါးပိုင်ဟုမှတ်၊ ၂-ပါး ၃-ပါး စသည် ဆိုင်သော စားဘွယ်၌ တပါးက စွန့်ရုံနှင့် အကပ် မပျက်နိုင်၊ ထို့ပြင်-စွန့်မှ အကပ်ပျက်ရကား စားနေစဉ် လူသာမဏေတို့ သာ၍ ကိုင်ရာ၌ (ရဟန်းကလက်ဖြင့် ထိမထားစေကာမူ) အကပ်မပျက်၊ အကပ်ခံပြီးသော သပိတ်ကို မစွန့်ဘဲ လူသာမဏေကို အခြားတနေရာသို့ အရွေ့ (အထား) ခိုင်းလိုက်သော်လည်း အကပ်မပျက်။ သို့ရာတွင် လူသာမဏေတို့ကိုယ်မှ မြူမှုန်များ အာဟာရ၌ ကျနေရစ်လျှင်ကား ထိုမြူမှုန်အတွက် အကပ်ပျက်၏။[၁]