ဒေလီမြို့ နှင့် မရောထွေးပါနှင့်။

ဒီလီမြို့ (အင်္ဂလိပ်: Dili) သည် အရှေ့တီမောနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ တီမောကျွန်း၏ မြောက်ဘက်အစွန်ပိုင်းကမ်းခြေတွင် တည်ရှိသည်။ တိုင်းပြည်၏ စီးပွားရေးအတွက် ပင်မမြို့ဖြစ်ကာ အဓိကဆိပ်ကမ်းလည်းဖြစ်သည်။ ဤဒေသသည် အရှေ့တီမောနိုင်ငံမဖြစ်မီ ၁၇၆၉ခုနှစ် ပေါ်တူဂီတို့လက်ထက်ကပင် အဓိကဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။

ဒီလီမြို့
Dili

Díli
မြို့တော်
ဒီလီမြို့
ဒီလီမြို့
အရှေ့တီမောနိုင်ငံအတွင်းတည်​နေရာ
အရှေ့တီမောနိုင်ငံအတွင်းတည်​နေရာ
ကိုဩဒိနိတ်: 08°33′13″S 125°34′42″E / 8.55361°S 125.57833°E / -8.55361; 125.57833ကိုဩဒိနိတ်: 08°33′13″S 125°34′42″E / 8.55361°S 125.57833°E / -8.55361; 125.57833
နိုင်ငံ အရှေ့တီမော
ခရိုင်ဒီလီ
ပေါ်တူဂစ်တီမော၏ မြို့တော်၁၇၆၉
ဧရိယာ
 • မြို့တော်၁၇၈.၆၂ စတုရန်းကီလိုမီတာ (၆၈.၉၇ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၁ မီတာ (၃၆ ပေ)
လူဦးရေ
 • မြို့ပြကြီး၂၃၄,၃၃၁

ဤမြို့၏ မူလအစ အခြေချနေထိုင်မှုသည် ယခုလက်ရှိမြို့၏ အရှေ့ဘက်ခြမ်းရှိ ရပ်ကွက်နေရာမှစသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဒီလီဒေသသည် မဟာမိတ်တို့နှင့် ဂျပန်တို့အကြား စစ်ပွဲဖြစ်ပွားရာဒေသဖြစ်ခဲ့သဖြင့် ရာစုနှစ်များစွာ အုပ်စိုးခဲ့သော ပေါ်တူဂီတို့၏ အုပ်ချုပ်မှုမှာ ရပ်တန့်သွားခဲ့သည်။ ဒုတိယကမ္ဘာစစ်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော ဒီလီမြို့ပျက်ကြီးသည် စစ်ကြီးပြီးနောက် ပေါ်တူဂီတို့ထံ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၇၅ခုနှစ်တွင် တီမောနိုင်ငံရေးပါတီများအကြား အချင်းများခဲ့ကြပြီး လွတ်လပ်ရေးကြေညာရန် ဖြစ်လာခဲ့သည်။ သို့ရာတွင် (၉)ရက်အကြာ၌ အင်ဒိုနီးရှား၏ ကျူးကျော်မှုကို ခံခဲ့ရသည်။ အင်ဒိုနီးရှားတို့လက်အောက်၌ ပြည်နယ်မြို့တော် ဒီလီမြို့၏ အခြေခံအဆောက်အဦးများသည် များစွာတိုးတက်လာပြီး လူဦးရေသည်လည်း (၁၀၀,၀၀၀) အထက်သို့ ရောက်ရှိခဲ့သည်။

အင်ဒိုနီးရှားတို့ကို ပြန်လည်တော်လှန်မှုများ၌ ပြင်းထန်စွာ တုံ့ပြန်ခံရပြီး ဒီလီလူသတ်ပွဲသည် လွတ်လပ်ရေးဆန္ဒခံယူပွဲဖြစ်လာစေရန် နိုင်ငံတကာ၏ ဖိအားပေးမှုကို ခံခဲ့ရစေသည်။ ဆန္ဒခံယူပွဲပြီးနောက် မြို့တော်ဒီလီတွင် အကြမ်းဖက်မှုများ ဖြစ်လာပြီး အခြေခံအဆောက်အဦးများ ပျက်စီးကာ ဒုက္ခသည်အမြောက်အမြား ထွက်ပြေးခဲ့ကြရသည်။ ကုလသမဂ္ဂအုပ်ချုပ်မှုအောက်တွင် နိုင်ငံတကာအကူအညီဖြင့် အခြေခံအဆောက်အဦးများ ပြန်လည်တည်ဆောက်ခဲ့သည်။ ၂၀၀၂ခုနှစ်၌ ဒီလီမြို့သည် လွတ်လပ်သောအရှေ့တီမောနိုင်ငံ၏ မြို့တော်ဖြစ်လာခဲ့သည်။ ၂၀၀၆ခုနှစ်အကြမ်းဖက်မှုများတွင် အခြေခံအဆောက်အဦးများ ပျက်စီးပြန်ကာ လူများထွက်ပြေးခဲ့ရပြန်သည်။ ၂၀၀၉ခုနှစ်တွင် အစိုးရက ငြိမ်းချမ်းရေးမြို့စီမံကိန်း စတင်ခဲ့သည်။ လူဦးရေတိုးလာသည်နှင့်အမျှ မြို့ကိုမူလနေရာမှ အရှေ့ဘက်နှင့်တောင်ဘက်ရှိ ကမ်းခြေဒေသများသို့ တိုးချဲ့လာခဲ့သည်။

ဒီလီမြို့သည် အရှေ့တီမောနိုင်ငံ၏ ပထမဆုံးသော (၂၄)နာရီ လျှပ်စစ်မီးရရှိသည့်မြို့ဖြစ်သည်။ သို့ရာတွင် ရေအတွက် ခက်ခဲနေဆဲဖြစ်သည်။ ဒီလီ၏ပညာရေးသည် တိုင်းပြည်၏ပညာရေးနှင့်ယှဉ်ပါက မြင့်မားသည်။ နိုင်ငံတကာဆိပ်ကမ်း၊ လေဆိပ်တို့ရှိသည်။ တိုင်းပြည်၏ အနာဂတ်စီးပွားရေးအတွက် အစိုးရအနေဖြင့် ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် သမိုင်းကြောင်းတို့ကို အမှီပြုကာ ခရီးသွားကဏ္ဍကို မြှင့်တင်ရန် စီစဉ်နေကြသည်။

သမိုင်းကြောင်းပြင်ဆင်

ဒီလီမြို့သည် အရှေ့တီမောသမိုင်းကြောင်း၌ အဓိကနေရာမှ ပါဝင်သည်။ သို့ရာတွင် (၁၇၀၀)ပြည့်နှစ်မတိုင်မီက သမိုင်းကြောင်းများမှာမူ သိရှိရမှုနည်းပါးသည်။ ဒီလီမြို့အတွင်း ရုန်းရင်းဆန်ခတ်မှုများသည် သမိုင်းမှတ်တမ်းများကို ပျောက်ဆုံးစေခဲ့သည်။ ၁၇၇၉ခုနှစ်၊ ၁၈၉၀၊ ၁၉၇၅နှင့် ၁၉၉၉ခုနှစ်များတွင် မော်ကွန်းများ၊ သမိုင်းမှတ်တမ်းများ ဖျက်ဆီးခံခဲ့ရသည်။

(၁၅)ရာစုတွင် တီမောကျွန်းသည် နံ့သာဖြူပင်များပေါက်ရောက်ရာ ကျွန်းအဖြစ် လူသိများသည်။ အစောဆုံးမှတ်တမ်းများမှာ မလက်ကာမြို့ကို သိမ်းယူထားသော ပေါ်တူဂီတို့ ၁၅၁၆ခုနှစ်တွင် ဤကျွန်းသို့ ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၁၅၂၁ခုနှစ်တွင် နံ့သာဖြူပင်များနှင့် ပြန်ခဲ့သည်။ ၁၅၂၀ဝန်းကျင်တွင် ပေါ်တူဂီနှင့် စပိန်တို့သည် တီမောကျွန်းကို စိတ်ဝင်စားခဲ့ပြီး ၁၅၂၄ခုနှစ်တွင် ကုန်သွယ်မှုများ စတင်ခဲ့သည်။ ၁၆ရာစုနှောင်းပိုင်းတွင် တီမောကျွန်းအနီးရှိ ဆောလောကျွန်းတွင် အုပ်ချုပ်ရေးအရာရှိများခန့်အပ်ပြီး ထိုကျွန်းနှစ်ကျွန်းကို စီမံခဲ့သည်။ ၁၆၁၃ခုနှစ်တွင် နယ်သာလန်တို့သည် အထူးသဖြင့် ကျွန်း၏အနောက်ဘက်ကို ထိန်းချုပ်နိုင်ရန် ပြိုင်ဆိုင်လာခဲ့သည်။ ပုန်ကန်မှုတစ်ခုကြောင့် ၁၆၂၁ခုနှစ်တွင် ပေါ်တူဂီတို့ ကျွန်းကို (၃)နှစ်ကြာ လက်လွှတ်ခဲ့ရသည်။ ၁၆၄၁ခုနှစ်တွင် ပေါ်တူဂီတို့၏ အကာအကွယ်ဖြင့် တီမောဘုရင်တော်တော်များများ ကက်သလစ်ဘာသာသို့ ပြောင်းခဲ့ကြသည်။ ဤသည်မှာ ယခင်က စီးပွားရေးအရလွှမ်းမိုးခဲ့သော ပေါ်တူဂီတို့ကို နိုင်ငံရေးအရ လွှမ်းမိုးနိုင်ရန် ပြောင်းလဲမှု ဖြစ်စေခဲ့သည်။

၁၆၄၆ခုနှစ်တွင် တီမောကျွန်းကို ဆောလောမှခွဲထုတ်ကာ အုပ်ချုပ်ခဲ့သည်။ သို့ရာတွင် မည်သို့အုပ်ချုပ်ခဲ့သည်ကို မသိရပေ။ ၁၇၀၂ခုနှစ်တွင် ၎င်း၏ ပထမဆုံးဘုရင်ခံ ခန့်အပ်ခံခဲ့ရပြီး သူသည် ယခုခေတ် အိုးကပ်စ်ခရိုင် လီဖုရွာတွင် နေထိုင်သည်။ ၁၇၄၉ခုနှစ်တွင် ဒတ်ချ်စစ်တပ်သည် တီမောကျွန်း၏ နေရာတော်တော်များများကို ထိန်းချုပ်ထားပြီး ယနေ့ခေတ် အင်ဒို-အရှေ့တီမော နယ်နိမိတ်နှင့် ဆင်တူသည်။ ၁၇၆၉ခုနှစ်တွင် လီဖုရွာတွင် ဒေသခံမျိုးနွယ်စုမှ မိသားစုများ လွှမ်းမိုးလာသဖြင့် ဘုရင်ခံသည် ယနေ့ခေတ် ဒီလီမြို့ဖြစ်လာမည့်နေရာသို့ ပြောင်းရွှေ့အုပ်ချုပ်ခဲ့သည်။ ၁၇၈၈မှ ၁၇၉၀အကြားတွင် ဒီလီအခြေစိုက် ဘုရင်ခံနှင့် မာနာတူတိုရှိ အရာရှိတို့အကြား ပြဿနာဖြစ်ပွားခဲ့ပြီး ဘုရင်ခံအသစ်ရောက်လာပြီး ဖြေရှင်းခဲ့ရသည်။ ဒတ်ချ်တို့၏ ရန်မှကာကွယ်ရန် ၁၈၁၈ခုနှစ်တွင် အမြဲတမ်းစစ်တပ်တစ်ခု ဖွဲ့စည်းခဲ့သည်။

 
ဒီလီရှိ ဘုရင်ခံအိမ်​တော်

၁၈၄၄ခုနှစ်တွင် တီမော၊ မကာအိုနှင့် ဆောလောတို့ကို ပေါ်တူဂစ်အိန္ဒိယလက်အောက်မှခွဲထုတ်ကာ အုပ်ချုပ်ခဲ့သည်။ ပေါ်တူဂစ်အိန္ဒိယဆိုသဘ်မှာ ပေါ်တူဂီတို့ သိမ်းပိုက်ထားသော အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းများဖြစ်သည်။ ၁၈၅၀ပြည့်နှစ်တွင် တီမောကို ပေါ်တူဂစ်မကာအိုအုပ်ချုပ်မှုအောက်မှ ပြန်ခွဲထုတ်ကာ ၁၈၅၆ခုနှစ်တွင် ပေါ်တူဂစ်အိန္ဒိယအောက် ပြန်ရောက်ပြန်သည်။ ၁၈၆၃ခုနှစ်တွင် ဒီလီကို မြို့အဖြစ်သတ်မှတ်ပြီး အရှေ့တီမောသည် လစ်စဘွန်းအစိုးရ အောက်တွင် ပါဝင်လာသည်။ ၁၈၆၆ခုနှစ်တွင် မကာအိုအောက် ပြန်ရောက်ပြန်သည်။ ၁၈၉၆တွင် မကာအိုအောက်မှ နောက်ဆုံးအကြိမ်ခွဲထုတ်ပြီး လစ်စဘွန်းအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက် ပြန်သွင်းပြန်သည်။ ၁၉၀၉ခုနှစ်တွင် ပြည်နယ်တစ်ခုအဖြစ် ဖြစ်လာခဲ့သည်။

၁၉၁၀ပြည့်နှစ်တွင် ပေါ်တူဂီနိုင်ငံ၌ တော်လှန်ရေးဖြစ်ပွားပြီး ဘုရင်စနစ်ပြုတ်ကျကာ အရပ်သားအစိုးရပေါ်ပေါက်လာခဲ့သည်။ အရပ်သားအစိုးရသစ်သည် ရေမြေခြားမှ ၎င်း၏ပြည်နယ်များကို ကိုလိုနီနယ်မြေအဆင့် လျှော့ချခဲ့သည်။ ဒီလီမြို့သည် ၁၉၄၀ပြည့်နှစ်တွင် တီမော၏ ပထမဆုံးမြူနီစီပယ်ဖြစ်သော ဒီလီမြူနီစီပယ်၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ထိုစဉ်ကမြူနီစီပယ်သည် ယနေ့ခေတ်ထက် ကြီးမားသည်။ ဒုတိယကမ္ဘာစစ်တွင် ပေါ်တူဂီနှင့် ၎င်း၏ကိုလိုနီများသည် သာမန်သာနေခဲ့သည်။ သို့သော် မဟာမိတ်တပ်များက တီမောကျွန်းသည် ဂျပန်၏ကျူးကျော်မှုခံရနိုင်သည်ဟု ထင်မြင်ခဲ့သည်။ တီမောကျွန်း၏ အရှေ့ပိုင်းသည် ပေါ်တူဂီတို့အပိုင်ဖြစ်ကာ ဒီလီမြို့သည် မြို့တော်ဖြစ်သည်။ အနောက်ပိုင်းသည် ဒတ်ချ်တို့၏အပိုင်ဖြစ်ကာ ကူပန်မြို့သည် မြို့တော်ဖြစ်သည်။ ၁၉၄၁ခုနှစ်တွင် ပစိဖိတ်စစ်ပွဲဖြစ်လာရာ ပေါ်တူဂီ၏ကန့်ကွက်မှုကြားမှ ဩစတြေးလျနှင့် ဒတ်ချ်တပ်များကို ဒီလီမြို့သို့ ပို့ခဲ့သည်။ ၎င်းကိုတုံ့ပြန်သည့်အနေဖြင့် ဂျပန်တို့သည် တီမောကျွန်းကို ကျူးကျော်ခဲ့ကြသည်။ ကျးးကျော်မှုမစမီကပင် ဒီလီမြို့ကို စွန့်ခွာမှုများရှိခဲ့သည်။ မဟာမိတ်တပ်များသည်လည်း မြို့ကို စွန့်ခွာကာ အင်အားအနည်းငယ်သာ ထားခဲ့သည်။ ဂျပန်တို့သည် ပေါ်တူဂီတို့၏ အုပ်ချုပ်ရေးမှူးကို ဆက်လက်ခန့်ထားခဲ့သည်။ သို့သော် ဂျပန်များကသာ အုပ်ချုပ်သည်။ မူလဂျပန်တို့ ကျူးကျော်စဉ်မှစ၍ မဟာမိတ်တို့ ပြန်လည်ဗုံးကျဲသည်အထိ ဒီလီမြို့မှာ ပျက်စီးခဲ့သည်။ စစ်ပွဲကြီးပြီးဆုံးချိန်တွင် ဂျပန်တပ်များ ဩစတြေးလျတို့ထံ လက်နက်ချခဲ့သည်။ စစ်ပွဲပြီးနောက် ၁၉၄၅ခုနှစ် စက်တင်ဘာ ၂၃ရက်နေ့တွင် ဩစတြေးလျအရာရှိသည် ဒီလီမြို့သို့ ကိုယ်တိုင်သွားကာ စစ်ပွဲကြီးပြီးသွားကြောင်း သတင်းစကားပါးခဲ့သည်။

၁၉၅၁ခုနှစ်တွင် ပေါ်တူဂစ်တီမောသည် ပေါ်တူဂီနိုင်ငံ၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။ အရှေ့တီမောဒေသတွင် ဒီလီမြို့တစ်ခုသာ သိသာစွာ တိုးတက်မှုရှိခဲ့သည်။ ၁၉၆၀ပြည့်နှစ်တွင် ဒီလီမြို့၏လူဦးရေမှာ (၇,၀၀၀)ခန့် ရှိသည်။

၁၉၇၄တွင် ပေါ်တူဂီ၌ တော်လှန်ရေးတစ်ခုဖြစ်ပွားပြီး အရှေ့တီမောတွင် ရုတ်တရက်ပြောင်းလဲသွားသည်။ လွတ်လပ်ရေးအရယူရန်အတွက် နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့သည်။ ပါတီများအကြားမှ ဆက်ဆံရေးမှာမူ သဘောထားကွဲလွဲခဲ့ကြသည်။ တီမောဒီမိုကရက်တစ်ယူနီယံပါတီ (ယူဒီတီ)ကမူ အင်ဒိုနီးရှားနှင့် ပေါင်းချင်ခဲ့သည်။ ၁၉၇၅ခုနှစ် ဩဂုတ်လ ၁၁ရက်နေ့တွင် ယူဒီတီက အာဏာသိမ်းခဲ့သည်။ သို့သော် သူ၏အာဏာသည် ဒီလီအပြင်ဘက်၌ အကန့်အသတ်ရှိသည်။ ဩဂုတ် ၂၀ရက်နေ့တွင် ပြိုင်ဖက် ဖရတ်တီလင်းပါတီက မြို့ကိုထိန်းချုပ်ရန် ကြိုးစားပြန်သည်။ ပြဿနာများကြားတွင် အချို့အိမ်များ မီးရှို့ခံခဲ့ရသည်။

နောက်ဆုံးတွင် ဖရတ်တီလင်းတို့ ထိန်းချုပ်နိုင်ခဲ့သည်။ သို့ရာတွင် ပြည်တွင်းစစ်ဆက်ဖြစ်နေ၍ ပေါ်တူဂီတို့၏ နောက်ဆုံးဘုရင်ခံသည် တီမောကျွန်းနှင့် သီးခြားတည်ရှိသော အ​တော်ရိုကျွန်းသို့ ထွက်ပြေးခဲ့ရသည်။ နိုဝင်ဘာ ၂၈ရက်နေ့တွင် ဖရတ်တီလင်းပါတီက ဒီလီမြို့၌ လွတ်လပ်ရေးကို ကြေညာသည်။ ဒီဇင်ဘာ ၇ရက်နေ့တွင် အင်ဒိုနီးရှားတို့က ဒီလီမြို့အတွင်း လေထီးတပ်သားများစေလွှတ်ခြင်း၊ အနောက်ဘက်တွင် ကုန်း၊ ရေနှစ်သွယ်တပ်များ စေလွှတ်ခြင်းဖြင့် အင်ဒိုနီးရှားသို့ ကျူးကျော်မှု စတင်ခဲ့သည်။

၁၉၇၆ခုနှစ် ဇူလိုင် ၁၇ရက်နေ့တွင် အရှေ့တီမောသည် အင်ဒိုနီးရှား၏ (၂၇)ခုမြောက်ပြည်နယ် ဖြစ်လာခဲ့သည်။ ကျေးလက်-မြို့ပြရွှေ့ပြောင်းအခြေချခြင်းကို အင်ဒိုနီးရှားတို့က ကန့်သတ်ခဲ့သော်လည်း ဒီလီမြို့၏ လူဦးရေမှာ တိုးတက်လာသည်။ ၁၉၈၅ခုနှစ်တွင် (၈၀,၀၀၀) ကျော်နှင့် ၁၉၉၉ခုနှစ်တွင် (၁၀၀,၀၀၀) ကျော်ရှိလာခဲ့သည်။ အင်ဒိုနီးရှားအစိုးရသည် လူဦးရေတိုးတက်လာမှုကြောင့် အခြေခံအဆောက်အဦးများကို တိုးချဲ့တည်ဆောက်ခဲ့သည်။ ၁၉၉၀နှစ်များတွင် မြို့သည် မူလနေရာမှ ပြန့်ပြူးသည့်နေရာများသို့ တိုးချဲ့လာခဲ့ကြသည်။

၁၉၈၀နှစ်များတွင် အင်ဒိုနီးရှားတို့၏ အုပ်ချုပ်မှုကို ဆန့်ကျင်ရန်စိတ်များ လူငယ်များအကြား ပျံ့နှံ့လာသည်။ ပြည်နယ်တစ်ခုလုံးကို နိုင်ငံခြားသားဝင်ခွင့် ကန့်သတ်ခဲ့သော်လည်း ၁၉၈၀နှောင်းပိုင်းနှစ်များတွင် ဒီလီမြို့သို့ ပြည်ပဧည့်သည်များကို ဝင်ခွင့်ပေးခဲ့သည်။

၁၉၉၁ခုနှစ်တွင် ဒီလီမြို့လူသတ်ပွဲကိစ္စကြောင့် အရှေ့တီမောကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် အင်ဒိုနီးရှားကို ကမ္ဘာက ဖိအားပေးခဲ့သည်။ ၁၉၉၇အာရှဘဏ္ဍာရေးပျက်ကပ်ကြီးနှင့်အတူ အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှု ဖြစ်ခဲ့ရာ အင်ဒိုနီးရှားရှိအခြားမြို့များထက် ဒီလီမြို့သည် အစာရေစာရှားပါးခဲ့သည်။ ဤကပ်ဘေးသည် အင်ဒိုနီးရှား၏ အာဏာရှင်သမ္မတ ဆူဟာတိုကို ရာထူးမှ နုုတ်ထွက်ရန် ဖြစ်လာခဲ့သည်။ ၎င်းကိုဆက်ခံသော သမ္မတ ဘီဂျေ ဟာဘီဘီက အရှေ့တီမောကို လွတ်လပ်ရေးပေးရန် ဆန္ဒခံယူပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ အင်ဒိုနီးရှားနှင့် ပေါ်တူဂီတို့အကြား ကုလသမဂ္ဂ၏ စေ့စပ်မှုအရ ၁၉၉၉ခုနှစ် ဩဂုတ်လတွင် အရှေ့တီမောအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရစေမည့် ဆန္ဒခံယူပွဲ ပေါ်ပေါက်လာသည်။ ထိုဆန္ဒခံယူပွဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အရှေ့တီမောလူထုက ပယ်ချခဲ့လျှင် အရှေ့တီမောကို အင်ဒိုနီးရှားကခွဲထုတ်၍ သီးခြားရပ်တည်ခွင့်ပေးမည်ဟု သူက ကတိပေးခဲ့သည်။ ဆန္ဒခံယူပွဲရလဒ်အရ အရှေ့တီမောကို လွတ်လပ်ရေးပေးရန် ဖြစ်လာခဲ့သည်။ ရလဒ်ကြေညာပြီးနောက် အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် မြို့မှထွက်ခွာခဲ့သည်။

ဆန္ဒခံယူပွဲပြီးနောက် ဒီလီမြို့တွင် အကြမ်းဖက်မှုများစွာ ပေါ်ပေါက်လာခဲ့သည်။ ပထမ (၄၈)နာရီအတွင်း (၁၄၅)ယောက် သေဆုံးခဲ့သည်။ အကြမ်းဖက်မှုများသည် ရက်တော်တော်ကြာ ဖြစ်ပွားခဲ့ပြီး ဒီလီမြို့၏ အခြေခံအဆောက်အဦးများနှင့် အိမ်များ မီးလောင်ပျက်စီးခဲ့သည်။ အစိုးရရုံးများ ဖျက်ဆီးခံရသည်။ မြို့၏နေရာတော်တော်များများ မီးလောင်ခဲ့ပြီး လူပေါင်း (၁၂၀,၀၀၀)ခန့် ဒုက္ခသည်ဖြစ်ခဲ့သည်။ အင်ဒိုနီးရှားစစ်တပ်အစား နိုင်ငံတကာငြိမ်းချမ်းရေးတပ်များ ဝင်ရောက်ထိန်းသိမ်းရန် နိုင်ငံတကာမှ ဖိအားပေးခဲ့ရာ စက်တင်ဘာ (၁၂)ရက်နေ့တွင် အင်ဒိုနီးရှားအစိုးရက သဘောတူခဲ့သည်။ (၁၄)ရက်နေ့တွင် ကုလသမဂ္ဂက ဒီလီမှ ဒုက္ခသည်များကို ကယ်ထုတ်ကာ ဩစတြေးလျသို့ ရွှေ့ပြောင်းပေးခဲ့သည်။ (၂၀)ရက်နေ့တွင် ကုလသမဂ္ဂတပ်များ အရှေ့တီမောသို့ ရောက်လာခဲ့သည်။

ကုလသမဂ္ဂအုပ်ချုပ်မှုအောက်၌ ဒီလီသည် ဆက်လက်ဖွံ့ဖြိုးလာသည်။ ဒီလီပြင်ပရှိ ဒေသများအတွက် အင်ဒိုနီးရှားတို့၏ အခြေခံအဆောက်အဦးဆိုင်ရာများကို ကုလသမဂ္ဂတို့က မလုပ်ကိုင်သောကြောင့် ထိုဒေသများမှလူများသည် ဒီလီသို့ ပြောင်းရွှေ့လာကြသည်။ ၁၉၉၉ခုနှစ်တွင် အင်ဒိုနီးရှားတို့သွန့်ခွာသွားသော အိမ်အလွတ်များတွင် ကျူးကျော်နေထိုင်ကြသည်။ အထူးသဖြင့် ကျူးကျော်သူများသည် နိုင်ငံအရှေ့ပိုင်းမှဖြစ်ကြသည်။ ဆိုးရွားသောစီးပွားရေးနှင့် လူဦးရေတိုးတက်လာမှုသည် မြို့ပြဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဦးရေကို တိုးလာစေသည်။

ကုလသမဂ္ဂအုပ်ချုပ်ပြီးနောက် ဒီလီ၏လူဦးရေသည် နှစ်စဉ် ၁၀%တိုးတက်လာသည်။ ကျေးလက်-မြို့ပြရွှေ့ပြောင်းနေထိုင်ခြင်းသာမက ကလေးမွေးဖွားနှုန်းများကြောင့် မြို့၏လူဦးရေသည် တိုးတက်လာသည်။ အရှေ့တီမော၏ကလေးမွေးနှုန်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးအထိ ဖြစ်ခဲ့သည်။ ၂၀၀၄ခုနှစ်တွင် ဒီလီမြို့၏လူဦးရေသည် (၁၇၃,၅၄၁)ဦးရှိလာခဲ့သည်။

၂၀၀၆ခုနှစ် မတ်လတွင် နိုင်ငံအနောက်ပိုင်းမှ စစ်သားအများစုပါဝင်သော စစ်သားများက ဆူပူအုံကြွမှုများနှင့် ဂိုဏ်းခွဲမှုများကြောင့် ဒီလီတွင် အကြမ်းဖက်မှုများ ဖြစ်လာပြန်သည်။ လူပေါင်း (၁၅၀,၀၀၀)ခန့် မြို့ကို စွန့်ခွာခဲ့ကြသည်။ လူ(၇၀,၀၀၀)ကျော်မှာ တဲထိုးနေထိုင်ခဲ့ရပြီး (၈၀,၀၀၀)ကျော်မှာ ကျေးလက်သို့ ထွက်ပြေးခဲ့ရသည်။ ၂၀၀၇ရွေးကောက်ပွဲအပြီးတွင် အမျိုးသားပြန်လည်တည်ဆောက်ရေးစီမံကိန်းကို ရေးဆွဲခဲ့သည်။ ၂၀၀၈ခုနှစ်တွင် တဲထိုးနေထိုင်ရသူ (၃၀,၀၀၀)ခန့် ရှိသေးသည်။ အခြေအနေများသည် သမ္မတနှင့် ဝန်ကြီးချုပ်ကို လုပ်ကြံခြင်းများပါ ကြုံတွေ့ခဲ့ရသည်။ ၂၀၀၉ခုနှစ်တွင် နေရပ်စွန့်ခွာသူအများစု ဒီလီသို့ ပြန်ရောက်လာပြီး နှစ်ကုန်ပိုင်းတွင် ဒုက္ခသည်စခန်းများကို အပြီးပိတ်သိမ်းခဲ့သည်။ သို့ရာတွင် လူငယ်အဖွဲ့များအကြား ရန်ပွဲများ မကြာခဏဖြစ်တတ်သည်။ သို့သော် အကြမ်းဖက်မှုအကြီးစားများ မဖြစ်ပွားတော့ပေ။

၂၀၀၉ခုနှစ် မေလတွင် သမ္မတက ဒီလီငြိမ်းချမ်းရေးမြို့တော်စီမံကိန်းကို စတင်ခဲ့သည်။ ဤသည်မှာ စည်းလုံးမှုတည်ဆောက်ပြီး အကြမ်းဖက်မှုများကို ကာကွယ်ရန်ဖြစ်သည်။ ၂၀၁၀ပြည့်နှစ်တွင် မြို့ပြဧရိယာ၌ လူဦးရေ (၂၁၀,၂၅၀) နေထိုင်လျက်ရှိသည်။ ၂၀၁၈ခုနှစ်တွင် (၂၈၁,၀၀၀) အထိ မြင့်တက်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေချိန် ၂၀၂၁ခုနှစ် ဧပြီလတွင် ဒီလီမြို့သည် နှစ်ပေါင်း(၅၀)အတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ကြုံခဲ့ရသည်။

 
၂၀၂၁​ရေကြီးမှု

ပထဝီဝင်အနေအထားပြင်ဆင်

ဒီလီမြို့သည် တီမောကျွန်း၏ မြောက်ဘက်ကမ်းခြေတွင် တည်ရှိသည်။ အချိန်ဇုန် UTC+9 တွင် ကျရောက်သည်။ ကမ်းခြေပိုင်သည် ဆာဗူပင်လယ်၏ အွမ်ဘိုင်ရေလက်ကြားတွင် တည်ရှိသည်။ တောင်ပိုင်းတွင် တီမော၏ တောင်တန်းများတည်ရှိသည်။ ဒီလီမြို့သည် ဒီလီမြူနီစီပယ်အတွင်းတည်ရှိကာ ဒီလီမြို့မြောက်ဘက် မနီးမဝေးတွင် အ​​တော်ရိုကျွန်းရှိသည်။

 
ဒီလီမြို့ကို အတော်ရိုကျွန်း နောက်ခံဖြင့် မြင်ရပုံ

ဒီလီမြို့၏ အဓိကနေရာများသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၁၀၀) အောက်တွင် တည်ရှိသည်။ မြို့၏အနောက်ဘက်ခြမ်းတွင် ကိုမိုရိုမြစ် စီးဆင်းနေသည်။ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှ့မှုများ ဖြစ်ပွားလေ့ရှိသည်။ ငလျင်အန္တရာယ်ဘေးရှိသော်လည်း တစ်ကြိမ်မျှ ကြီးမားစွာ မကြုံတွေ့ရသေးပေ။ တောမီး၊ ထင်းအသုံးပြု၍ ချက်ပြုတ်ခြင်း၊ ယာဉ်များကြောင့် လေထုညစ်ညမ်းမှုသည် မြင့်တက်လာလျက်ရှိသည်။

အုပ်ချုပ်ရေးပြင်ဆင်

 
ဒီလီခရိုင်၏အုပ်ချုပ်​ရေးနယ်​မြေများ

ဒီလီမြို့သည် ဒီလီမြူနီစီပယ်၏ မြို့တော်လည်းဖြစ်သည်။ ဒီလီမြူနီစီပယ်တွင် မြို့တော်ဒီလီသာမက အခြားသော ကျေးလက်ဒေသများပါ ပါဝင်သည်။ မြူနီစီပယ်တွင် ရွေးကောက်ခံမြို့တော်ဝန်နှင့် ကောင်စီရှိသည်။ ဒီလီမြူနီစီပယ်တွင် ခရိုင်ခွဲ (၆)ခုရှိရာမှ မြို့တော်ဒီလီတွင် (၄)ခုရှိသည်။  Cristo Rei၊ Dom Aleixo၊ Nain Feto နှင့် Vera Cruz တို့ဖြစ်ကြသည်။ ဒီလီမြို့သည် နိုင်ငံ၏မြို့တော်ဖြစ်သည့်အားလျော်စွာ မြူနီစီပယ်ရုံးများနှင့် ဗဟိုအစိုးရရုံးများစွာ တည်ရှိသည်။ ထိုရံးများသည် သီးခြားစွာ တည်ရှိသည်။

စီးပွားရေးပြင်ဆင်

အရှေ့တီမောနိုင်ငံတွင် ဒီလီမြို့သည် အခြားမြို့များထက် စီးပွားရေးကောင်းမွန်ကာ လူချမ်းသာများ နေထိုင်ကြသည်။ ဒီလီမြို့သည် တစ်နိုင်ငံလုံး၌ လူနေမှုအဆင့်အတန်းအမြင့်ဆုံးနှင့် ပြည်သူ့ဝန်ဆောင်မှုများရရှိသည့် နေရာဖြစ်သည်။

၂၀၀၄ခုနှစ်တွင် (၁၈,၃၃၁)ဦးသည် စိုက်ပျိုးရေးကဏ္ဍ၊ (၁,၈၈၅)ဦးသည် ရင်းမြစ်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ (၅,၀၂၇)ဦးသည် ကျန်းမာရေးကဏ္ဍ၊ (၃,၁၈၃)ဦးသည် ငွေကြေးကဏ္ဍ၊ (၆,၅၂၀)ဦးသည် အစိုးရကဏ္ဍများ အစရှိသည်ဖြင့် လုပ်ကိုင်ကြသည်။

လူဦးရေပြင်ဆင်

၂၀၀၄ခုနှစ်တွင် ဒီလီမြို့၌ အိမ်ထောင်စုပေါင်း (၃၁,၇၀၂)ရှိသည်။ ၂၀၀၄ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အတွင်း ဒီလီ၏လူဦးရေသည် (၁၇၅,၇၃၀)မှ (၂၃၄,၃၃၁)အထိ တိုးတက်လာသည်။ ကျားမရာခိုင်နှုန်းမှာ အမျိုးသား (၅၁)ရာခိုင်နှုန်းနှင့် အမျိုးသမီး (၄၉)ရာခိုင်နှုန်းဖြစ်သည်။ ၂၀၁၀သန်းခေါင်စာရင်းအရ ဒီလီခရိုင်လူဦးရေ၏ (၁၉၃,၅၆၃)ဦးသည် မြို့ပြနေအဖြစ် သတ်မှတ်ခံရသည်။ လူဦးရေသိပ်သည်းဆမှာ တစ်ဟက်တာလျှင် ၃၃.၄ဦးဖြစ်သည်။

ပညာရေးပြင်ဆင်

ဒီလီမြို့၏ ပညာရေးသည် တစ်နိုင်ငံလုံးနှင့်ယှဉ်လျှင် အကောင်းဆုံးဖြစ်သည်။ အခြေခံမူလတန်းကျောင်းတက်နှုန်းမှာ ၂၀၀၄ခုနှစ်တွင် ၃၇ရာခိုင်နှုန်းဖြစ်ကာ ၂၀၁၀ပြည့်နှစ်တွင် ၇၃ရာခိုင်နှုန်းအထိဖြစ်လာသည်။ အရှေ့တီမောအမျိုးသားတက္ကသိုလ်သည် ဒီလီမြို့တွင် တည်ရှိသည်။

အခြေခံအဆောက်အဦးများပြင်ဆင်

နိုင်ငံ၏အခြေခံအဆောက်အဦး (၇၀)ရာခိုင်နှုန်းသည် ၁၉၉၉အကူးအပြောင်းကာလတွင် ဖျက်ဆီးခံခဲ့ရသည်။ နောက်ခြောက်နှစ်အကြာတွင် ဒီလီလေဆိပ်နှင့်ဆိပ်ကမ်းကို လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဆက်သွယ်ရေးလိုင်းများနှင့်အတူ ပြုပြင်ခဲ့သည်။ လူဦးရေလျှင်မြန်စွာတိုးတက်လာခြင်းသည် မြို့၏အခြေခံအဆောက်အဦးများ၏ ဝန်ဆောင်မှုကို နှောင့်နှေးစေခဲ့သည်။

လျှပ်စစ်ဓာတ်အားပြင်ဆင်

ကုလသမဂ္ဂစတင်အုပ်ချုပ်ချိန်တွင် ၁၆မဂ္ဂါဝပ် ဒီဇယ်စွမ်းအင်သုံး ကိုမိုရိုဓာတ်အားပေးစက်ရုံမှ ရယူသည်။ ၂၀၀၄ခုနှစ်တွင် ဓာတ်အားသုံးစွဲမှုမှာ ၁၂.၅မဂ္ဂါဝပ်အထိ ရှိခဲ့သည်။ ထိုအချိန်က ဒီလီသည် တီမောနိုင်ငံ၌ (၂၄)နာရီမီးရသော တစ်ခုတည်းသောနေရာဖြစ်သည်။ ဓာတ်အားသုံးစွဲမှုအမြင့်ဆုံးအချိန်မှာ ည(၇)နာရီမှ (၁၀)နာရီအတွင်းဖြစ်သည်။ လျှပ်စစ်ဓာတ်လိုအပ်ချက်ကြောင့် ၂၀၀၉ခုနှစ်တွင် ကိုမိုရိုစက်ရုံမှာ (၃၂)မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်ရန် တိုးချဲ့ခဲ့ရသည်။ လျှပ်စစ်မီတာခများကို မပေးဆောင်ခြင်းက ဘဏ္ဍာရေးပြဿနာများကို ဖြစ်ပေါ်စေခဲ့သည်။ ၂၀၁၁ခုနှစ်တွင် လျှပ်စစ်သုံးစွဲသူ ၄၀ရာခိုင်နှုန်းကသာ မီတာခပေးဆောင်ကြသည်။

၂၀၁၁ခုနှစ် နိုဝင်ဘာလတွင် ဟီရာစက်ရုံအသစ်ပြီးစီးခဲ့ပြီး ၁၁၉မဂ္ဂါဝပ် ထုတ်လုပ်ခဲ့သည်။ ဟီရာစက်ရုံသည် ကိုမိုရိုစက်ရုံထက် ဒီဇယ်လောင်ကျွမ်းမှု (၁၇)ရာခိုင်နှုန်းနည်းပါးသည်။ မည်ငို့ပင်ဖြစ်စေ ဒီဇယ်ကိုသုံး၍ ထုတ်လုပ်ရသဖြင့် ကုန်ကျစရိတ်မြင့်မားလှသည်။ ၂၀၁၆ခုနှစ်တွင် ဒီလီ၏အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၄၂.၁၁)မဂ္ဂါဝပ်ဖြစ်သည်။

ဆိပ်ကမ်းနှင့်လေဆိပ်ပြင်ဆင်

ဒီလီဆိပ်ကမ်းသည် နိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံတကာဆိပ်ကမ်းဖြစ်ကာ ၉၄၉ပေ ရှည်လျားသည်။ ဒီလီလေဆိပ်သည် မြို့အနောက်ဘက် ကမ်းခြေအနီးတွင်တည်ရှိကာ ဩစတြေးလျနိုင်ငံ ဒါဝင်မြို့၊ အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာမြို့နှင့် စင်ကာပူသို့ ပုံမှန်လေကြောင်းများရှိသည်။ ပြေးလမ်းတစ်ခုသာပါပြီး ညအချက်ပြမီးများမရှိသဖြင့် နံနက် ၆နာရီမှ ညနေ ၆နာရီအထိသာ လေဆိပ်ကို အသုံးပြုနိုင်သည်။ လေယာဉ်ပြေးလမ်း၏ အနောက်အရပ်သည် ပင်လယ်၊ အရှေ့ဘက်တွင် ကိုမိုရိုမြစ်ဖြစ်သဖြင့် ပြေးလမ်းကိုတိုးချဲ့ရန် ခက်ခဲသည်။ သို့ရာတွင် မြစ်ကိုတံတားခင်းကာ ပြေးလမ်းတိုးချဲ့ရန် အစီအစဉ်ရှိသည်။ လေဆိပ်အသစ်တည်ဆောက်မည့် အစီအစဉ်လည်းရှိသည်။

ကိုးကားပြင်ဆင်