ဒေါသ၏ လက္ခဏာ, ရသ စသည် ပြင်ဆင်ရန်

ဒေါသသည် ကြမ်းကြုတ်ခြင်းလျှင် မှတ်ကြောင်း လက္ခဏာရှိ၏၊

ပစ်ခတ်ရိုက် နှက်ခံရသော အဆိပ်ပြင်းထန်သော မြွေပွေး မြွေဟောက်နှင့်တူ၏။ ဖောက်ပြန်သောအားဖြင့် ပြန့်နှံ့ ရွေ့ရှားခြင်းကိစ္စ ရသ ရှိ၏။

ခန္ဓာကိုယ်၌ အဆိပ်တက်သည်နှင့် တူ၏။ တနည်းအားဖြင့် ကိုယ်၏ တုန်လှုပ်ခြင်း ဟူသော ပြည့်စုံခြင်း သမ္ပတ္တိ ရသရှိ၏။

မြှားဆိပ်မြွေဆိပ် ကျရောက်သည်နှင့်တူ၏။ မိမိမှီရာ ဟဒယဝတ္ထုကို အလွန်အမင်း ပူလောင်ခြင်း ကိစ္စရှိ၏၊ တောမီးနှင့်တူ၏။ မိမိသူတပါး နှစ်ဦးသားတို့ကို ဖျက်ဆီးတတ်သော အခြင်းအရာအားဖြင့် ယောဂီတို့၏ အသိဉာဏ်အား ရှေးရှူ ထင်လာတတ်သော (အာရုံအဖြစ်သို့ ရောက်လာသော) အာကာရပစ္စုပဋ္ဌာန်ရှိ၏။

သူတဦးတယောက်ကို သတ်ဖြတ် ညှဉ်းဆဲရန် အခွင့်လမ်းစကိုရသော ရန်သူနှင့် တူ၏။ ရန်ငြိုးဖွဲ့ခြင်းလျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန်ရှိ၏။

အဆိပ်နှင့် ရောနှောသော ကျင်ငယ်ပုပ်ရည်နှင့် တူ၏ [၁]

ဒေါသ၏ အခြားအမည်များ ပြင်ဆင်ရန်

ဒေါသသည် ဒေါသ-ဟူသော အမည်မှတပါး အခြားသော အမည်ထူးတို့ဖြင့်လည်း ပါ-နှင့် ဋီကာ-တို့၌ ပါရှိ၏။

(၁) ရန်ငြိုးဖွဲ့တတ်သောကြောင့် အာဃာတအမည်။

(၂) လွန်စွာ ရန်ငြိုးဖွဲ့တတ်သောကြောင့် ပဋိဃာတအမည်။

(၃) အာရုံ၌ ထိပါးနှိပ်စက်တတ်သောကြောင့် ပဋိဃ အမည်။

(၄) အဖန်ဖန် ဆန့်ကျင်ခြင်း သဘော ဖြစ်သောကြောင့် စိတ္တုပ္ပါဒကဏ္ဍဒေသနာနည်းအားဖြင့် ပဋိဝိရောဓ မည်။

(၅) စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း သဘော ဖြစ်သောကြောင့်ကောပအမည်။

(၆) အလွန်အမင်း စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း သဘောဖြစ်သောကြောင့် ပကောပ အမည်။

(၇) လွန်မင်းပြင်းထန်စွာ စိတ်ဆိုးခြင်း သဘောဖြစ်သောကြောင့် သမ္ပကောပ အမည်။

(၈) လွန်စွာ ဖျက်ဆီးပြစ်မှားခြင်း သဘောဖြစ်သောကြောင့် ပဒေါသအမည်၊

(၉) အလွန့်အလွန် ပြင်းထန်စွာ ဖျက်ဆီးပြစ် မှားခြင်း သဘော ဖြစ်သောကြောင့် သမ္ပဒေါသအမည်။

(၁၀) စိတ်၏ဖောက်ပြန်ခြင်းသဘော ဖြစ်၍ စိတ္တဿ ဗျာပတ္တိ အမည်။

(၁၁) စိတ်၏ ပျက်စီးခြင်း သဘောဖြစ်၍ မနောပဒေါသအမည်။

(၁၂) အမျက်ထွက်ခြင်း စိတ်ဆိုးခြင်း သဘောဖြစ်၍ ကောဓ အမည်။

(၁၃) အမျက်ထွက်ခြင်း စိတ်ဆိုးခြင်း အခြင်းအရာ အမူအရာ ဖြစ်၍ ကုဇ္ဈနာအမည်။

(၁၄) အမျက်ထွက်တတ်သော သူ၏ အဖြစ်ဟူသော သဘောကြောင့် ကုဇ္ဈိတတ္တအမည်။

(၁၅) မိမိ သူတပါး နှစ်ဦး သားတို့ကို ဖျက်တတ်သောကြောင့် ဒေါသ အမည်။

(၁၆) ဖျက်ဆီး ပြစ်မှားခြင်းအခြင်းအရာ ဖြစ်သောကြောင့် ဒူသနာ အမည်။

(၁၇) ဖျက်ဆီးပြစ်မှားတတ်သည်၏ အဖြစ် ဖြစ်၍ ဒူသိတတ္တအမည်။

(၁၈) ဖောက်ပြန် ပျက်စီးတတ်သောကြောင့် ဗျာပတ္တိအမည်။

(၁၉) ဖောက်ပြန် ပျက်စီးခြင်း အခြင်းအရာ ဖြစ်သောကြောင့် ဗျာပဇ္ဇနာအမည်။

(၂၀) ဖောက်ပြန်ပျက်စီးတတ်သည်၏ အဖြစ် ဖြစ်၍ ဗျာပဇ္ဇိတတ္တအမည်။

(၂၁) အချင်းချင်း ဆန့်ကျင်တတ်သောကြောင့် ဝိရောဓ အမည်။

(၂၂) အဖန်ဖန် အထပ်ထပ် လွန်စွာ ဆန့်ကျင်တတ်သောကြောင့် နိက္ခေပကဏ္ဍ-ဒေသနာနည်းအားဖြင့် ပဋိဝိရောဓအမည်။

(၂၃) ကြမ်းကြုတ်တတ်သော သဘောဖြစ်သောကြောင့် စဏ္ဍိက္က အမည်။

(၂၄) ကောင်းမွန် ပြည့်စုံစွာ မပြောဆိုနိုင်သောကြောင့် အသုရောပ အမည်။

(၂၅) စိတ်၏ မနှစ်သက်ဖွယ် ဖြစ်သောကြောင့် စိတ္တဿ အနတ္တမနတာ အမည်။ [၂]

အကုသိုလ်အုပ်စုဖြစ်သော ဒေါသ ပြင်ဆင်ရန်

ဒေါသသည် နာမကာယနှင့် ရူပကာယ ပစ္စုပ္ပန်ကာယနှင့် အနာဂတ်ကာယကို အဖြေ ခက်အောင် ထုံးဖွဲ့တတ်သောကြောင့် ကာယဂန္ထမည်၏။ ဗျာပါဒကာယဂန္ထ-အမည်ဖြင့် ဟော၏။

ဈာန်မဂ် စသည်တို့ဖြင့် ဖြစ်လတ္တံ့သော ကုသိုလ်စိတ္တုပ္ပါဒ်ကို ဖြစ်ခွင့်မရနိုင် လောက်အောင် ပိတ်ဆို့တားဆီးတတ်သောကြောင့် နီဝရဏလည်း မည်၏။ ဗျာပါဒနီဝရဏ အမည်ဖြင့် ဟော၏။

ဆိုင်ရာမဂ်ဖြင့် မပယ်အပ်သေးသည်ဖြစ်၍ ပုထုဇဉ်ပုဂ္ဂိုလ်နှင့် သောတာပန် သကဒါဂါမ် သေက္ခပုဂ္ဂိုလ် ၂-ယောက်တို့၏ သန္တာန်၌ လျော်သော အကြောင်းကို ရရှိခဲ့သော် ဖြစ်ထိုက်သည်ဖြစ်၍ ပရိယုဋ္ဌာန်အဖြစ်ဖြင့် ဖြစ်တတ်(ဥပါဒ်) သောကြောင့် အနုသယလည်းမည်၏။ ပဋိဃာနုသယ-အမည်ဖြင့် ဟော၏။

ဒေါသသည် ဒေါသနှင့်ပြည့်စုံသောပုဂ္ဂိုလ်ကို ဖွဲ့တတ် ကပ်တတ် ယှဉ်တတ်သောကြောင့် သံယောဇဉ်လည်း မည်၏။ ပဋိဃသံယောဇဉ်-အမည်ဖြင့် ဟော၏။

စိတ်ကို ညစ်ပေစေတတ်, ကပ်၍ပူပန်စေတတ်, နှိပ်စက်တတ်သောကြောင့် ကိလေသာလည်း မည်၏။ ဒေါသကိလေသာ-အမည်ဖြင့် ဟော၏[၃]

မလားရောက်အပ်သော အရာဌာနသို့ လားရောက်တတ်သောကြောင့် အဂတိလည်း မည်၏။ ဒေါသာဂတိ-အမည်ဖြင့် ဟော [၄]


အကုသိုလ်တရားတို့၏ အကြောင်းရင်း အခြေအမြစ် ဖြစ်သောကြောင့် မူလလည်း မည်၏။ ဒေါသမူလအမည်ဖြင့် ဟော၏။

ဆီဖြင့် လိမ်းကျံကပ်ငြိသော ညွှန်ကဲ့သို့ မိမိ သူတပါး နှစ်ဦးသားကို မသန့်ရှင်းစေတတ်, ညစ်နွမ်းအောင် ပြုတတ်သောကြောင့် မလလည်း မည်၏ [၅]

ဒေါသ၏ အပြစ်များ ပြင်ဆင်ရန်

ဒေါသသည် ငရဲသို့ ကျရောက်ခြင်း၏ အကြောင်း ဖြစ်၏[၆]

ဒေါသသည် မိမိသူတပါး နှစ်ဦးသားကို ပျက်စီးစေ လိုသောကြောင့် အဆိပ်ပြင်းထန်သော မြွေ နှင့် တူ၏ [၇]

တုတ် လှံတံ စသည် ကိုင်စွဲခြင်းငှါ မစွမ်းနိုင်သေးသော ရှေးဦးဖြစ်နှင့်သော အားနည်းသော ဒေါသသည် ဒေါသမည်၍ အားကြီးသော ဒေါသသည် ပဋိဃမည်၏ [၈]

ဒေါသသည် အပြစ်ကြီး၏၊ ဒေါသနှင့် တူသော အပြစ်မည်သည် မရှိ[၉]

ဘီလူးဖမ်းစားခြင်း စပါးကြီးမြွေ ညှို့ဖမ်းခြင်း, မိကျောင်း ဖမ်းစားခြင်း စသည်တို့ကား တခုသော ခန္ဓာကိုယ် အတ္တဘော၌သာလျှင် ဖမ်းစားနိုင်၏။ ဒေါသဖမ်းစားခြင်းကား အလုံးစုံခန္ဓာကိုယ် အတ္တဘောတို့၌ စင်စစ်ဖမ်းစားတတ်သောကြောင့် ဒေါသ နှင့်တူသောဖမ်းစားတတ်သော တရားမျိုး မည်သည် မရှိ၊ ဒေါသသည် အကြီးဆုံး ဖမ်းစားတတ်သော တရားဖြစ်၏ [၁၀]

ဒေါသဖြင့် ပြစ်မှားကုန်သော သတ္တဝါတို့သည် အပါယ်ဒုဂ္ဂတိသို့ လားရောက်ကြကုန်၏ [၁၁]

အမျက်ဒေါသ ထနေသောသူကို မိမိကပြန် လှန်တုပ၍ ဒေါသအမျက်မထွက်သင့်၊ ထွက်ခဲ့လျှင် ထိုသူ့ထက် မိုက်မဲလှ၏ [၁၂]

တောင်ရှုပ် တောရုပ်-စသော အရပ်၌ ပုန်းအောင်း မှီကပ်၍နေသော ရန်သူပမာ ဂုဏ်ကိုရှုရာ၌ [၁၃]နှင့် သဘောတူသော ရာဂနှင့် သဘောမတူသည့်အတွက် ဒေါသသည် မေတ္တာ၏ အဝေး ရန်သူ မည်၏ [၁၄]

ဒေါသပယ်ဖျောက်နည်း ပြင်ဆင်ရန်

ရန်သူက ပြစ်မှားအပ်သော အပြစ်ကို အောက်မေ့ အမှတ်ရမိသဖြင့် ရန်သူ့အပေါ်၌ မေတ္တာမရောက်ပဲ ဒေါသဖြစ်ပေါ်လာခဲ့သော် မေတ္တာဈာန် ပွားများလျက် ဒေါသကို ပယ်ဖျောက်အပ်၏။ ယင်းသို့ မေတ္တာဈာန် ပွားများလျက် ပယ်ဖျောက်သော်လည်း ဒေါသ မပျောက်ခဲ့သော် လွှသွား ဥပမာပြ၍ ဟောကြားအပ်သော ဘုရားအဆုံးအမဩဝါဒများကို အောက်မေ့လျက် ဒေါသကို ပယ်ဖျောက်အပ်၏။

ယင်းသို့မှ မပျောက်ခဲ့ပြန်သော် ရန်သူပုဂ္ဂိုလ်၏ ငြိမ်သက်သန့်ရှင်းသော ကြည်ညိုဖွယ် ကိုယ် နှုတ် စိတ် အမူအရာတို့ကို ဆင်ခြင်စဉ်းစား အောက်မေ့သောအားဖြင့် ဒေါသကို ပယ်ဖျောက်အပ်၏။ ယင်းသို့မှ မပျောက်ခဲ့ပြန်သော် အပါယ်စာ ဖြစ်လတ္တံ့ဟု ရန်သူအပေါ် သနားကရုဏာ ဖြစ်စေလျက် ဒေါသကို ပယ်ဖျောက်အပ်၏။ ယင်းသို့မှ မပျောက်ခဲ့ပြန်သော် မိမိ သူတပါး နှစ်ဦးသားတို့၏ ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ် ဟူသောကမ္မဿကတာကိုဆင်ခြင်၍ ဒေါသကို ပယ်ဖျောက်အပ်၏။ ယင်းသို့မှ မပျောက်ခဲ့ ပြန်သော် ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား၏ ရှေးရှေးဘဝ အဖြစ်တော် များ၌ ဖြည့်ကျင့်ဆည်းပူးခဲ့သော ခန္တီဂုဏ် စသည်ကို အောက်မေ့၍ ဒေါသကို ပယ်ဖျောက်အပ်၏။ ယင်းသို့ပယ်ဖျောက်၍မှ မငြိမ်းပျောက်ခဲ့ပြန်သော် အစမထင် သံသရာတခွင်၌ အမိ အဘ အစ်ကို အစ်မ မတော်ခဲ့ဘူးသူ မရှိရကား မိဘ ဆွေဉာတော်စပ်ကာဖြင့် မိမိကို ကျွေးမွေး ပြုစုခဲ့ဘူးသော ကျေးဇူး ဥပကာရများကို ဆင်ခြင်အောက်မေ့လျက် ဒေါသကို ပယ် ဖျောက်အပ်၏။ ယင်းသို့မှ မငြိမ်းပျောက်ခဲ့သော် မေတ္တာအကျိုး ဆဲ့တမျိုးကို ပြ၍၎င်း, ဓာတ်ခွဲခြမ်း၍၎င်း ရန်သူနှင့် အပေးအယူ ပြုလုပ်၍၎င်း ရန်သူအပေါ်၌ ရှိသော အမျက် ဒေါသကို ပယ်ဖျောက် အပ်၏။ [၁၅][၁၆]

ကိုးကား ပြင်ဆင်ရန်

  1. (အဘိ၊ဋ္ဌ၊၁၊၂၉၈-၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။ အဘိ၊ဝတာရ၊ဋီ၊သစ်၊၃၂၂)။
  2. (အဘိ၊ဓ၊၁၀၁၊ ၂၁၆)။
  3. (ဝိဘာဝိနီ၊၂၁၉-၂၂၁)
  4. (ဝိသုဒ္ဓိ၊၂၊၂၂၄)
  5. (ဝိသုဒ္ဓိ၊၂၊၃၂၅)
  6. (အဘိ၊ဋ္ဌ၊၁၊၁၇၂)
  7. (ဒီ၊ဋ္ဌ၊၁၊၁၀၇)
  8. (ဒီ၊ဋ္ဌ၊၁၊၁၀၇။ သံ၊ဋ္ဌ၊၃၊၁၀၅)
  9. (ဓမ္မ၊၄၃။ ဓမ္မ၊ဋ္ဌ၊၂၊၁၆၉)
  10. (ဓမ္မ၊၄၉။ ဓမ္မ၊ဋ္ဌ၊၂၊၂၃၁)
  11. (ဣတိဝုတ်၊၁၃၅။ ဣတိဝုတ်၊ဋ္ဌ၊၄၂)
  12. (သုတ္တနိ၊ဋ္ဌ၊၁၊၁၀)
  13. မေတ္တာ
  14. (ဝိသုဒ္ဓိ၊၁၊၃၁၂)
  15. (ဝိသုဒ္ဓိ၊၁၊၂၉၀-၃၀၀)
  16. တိပိဋကအဘိဓာန် အတွဲ-၁၀