ပစာလကသိက္ခာပုဒ် ၆-ပါး (ဥဇ္ဇဂ္ဃိကဝဂ်)

ကိုယ်, လက်ရုံး, ဦးခေါင်းလှုပ်ခြင်း ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ အထက်ပိုင်း ကိုယ်ကို မတ်မတ်မထားဘဲ လှုပ်လှုပ်ရှားရှားဖြစ်စေလျက် အိအိ ချွဲချွဲ တွဲရရွဲချသလို လုပ်၍ သွားလာကြ-နေထိုင်ကြကုန်၏၊ လက်ရုံး လက်မောင်းကိုလည်း တောင့်တောင့်တင်းတင်းမထားဘဲ တွဲရရာ ချသကဲ့သို့ လှုပ်လှုပ်ယမ်းယမ်းလုပ်၍ သွားလာနေထိုင်ကြကုန်၏၊ ဦးခေါင်းကိုလည်း ခိုင်ခိုင်မတ်မတ်မထားဘဲ တွဲရရာချသကဲ့သို့ ဘေးစောင်း ရှေ့ငိုက် ထားကြကုန်၏။ [၁]

ထိုအပြုအမူမျိုးသည် ပျင်းရိသူ-ကလေးကလားနေတတ်သူတို့၏ အပြုအမူ မျိုးသာဖြစ်၍ လူကြီးလူကောင်းများ-ယဉ်ကျေးပြီးသူများ၏ အပြုအမူမဟုတ်ချေ။ မှန်၏- ဘုရားရှင်သည် ဒေသစာရီ ကြွချီသောအခါ ထိုင်တော်မူသောအခါတို့၌ အထက်ပိုင်း ကိုယ်တော်သည် လှေပေါ်မှာ တင်ထားအပ်သော ဆင်းတုတော်ကဲ့သို့ အလွန်ငြိမ်သက်တော်မူလေသည်၊ ထို့ကြောင့် ယဉ်ကျေးသူတို့၏ အထွတ်အထိပ်ဖြစ်တော်မူသော ဘုရားရှင်၏ တပည့်များက ထိုကဲ့သို့ လှုပ်လှုပ်ရှားရှား မငြိမ်မသက် သွားလာနေထိုင်ကြသည်ကို မကြည်ညိုနိုင်သော လူတို့သည် ကဲ့၍ ရှုံ့ချလေကုန်၏၊ ထို့ကြောင့် —

(က, ခ) “ကာယပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ, နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

(ဂ, ဃ) န ဗာဟုပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

(င, စ) န သီသပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်တော် ၆-ပါးကို ပညတ်တော်မှုရလေသည်။

မြန်မာပြန် ပြင်ဆင်ရန်

မြို့ရွာအတွင်း၌ ကိုယ်ကို လှုပ်စေ၍ လှုပ်စေ၍၎င်း,

လက်ရုံး လက်မောင်းကို လှုပ်စေ၍ လှုပ်စေ၍၎င်း,

ဦးခေါင်းကို လှုပ်စေ၍ လှုပ်စေ၍၎င်း မသွားလာ-မနေထိုင်အံ့” ဟု အလေ့ အကျင့်ကိုပြုရမည်။

ဥဇ္ဇဂ္ဃိကဝဂ်ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး