ဓီရာမိုရ်

မြန်မာ ဂီတပညာရှင် (၁၉၇၄ ခုနှစ်ဖွား)

ဓီရာမိုရ် ဟုအများကသိကြသော ဦးမောင်မောင်ဇော်ထက် (၄ ဇွန် ၁၉၇၄ မွေးဖွား) သည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) မှ ဒုတိယပါမောက္ခချုပ်​ဟောင်း(သင်ကြား)[၁]ဖြစ်ကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ ဂီတပညာရှင်ဖြစ်သည်။[၂]

ဓီရာမိုရ်
Dira More
ဓီရာမိုရ် ဂီတကဗျာစတူဒီယိုတွင် ရှိနေစဉ် (၂၀၂၀)
မွေးဖွားမောင်မောင်ဇော်ထက်
(1974-06-04) ၄ ဇွန်၊ ၁၉၇၄ (အသက် ၄၉)
ကော့ကရိတ်မြို့ ကရင်ပြည်နယ်
ပညာရေးဝိဇ္ဇာ(ဂီတ)
မဟာဝိဇ္ဇာ(ဂီတဖွဲ့သီမှု)
မိခင်ကျောင်းအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)
တိုကျိုအနုပညာတက္ကသိုလ်
အလုပ်အကိုင်သံစုံတီးဝိုင်းဦးဆောင်ညွှန်ကြားသူ၊ တေးရေးဆရာ၊ အဆိုတော်၊ ဂီတဒါရိုက်တာ၊ ဂီတမှူး
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၀-လက်ရှိ
အိမ်ထောင်ဖက်(များ)မေထူးချို
သားသမီး
မိဘ(များ)ဦးထွန်းနိုင်
ဒေါ်ညွန့်နွယ်
ရရှိသည့်ဆုများမြန်မာ့ ရုပ်ရှင် ထူးချွန်ဆု
ဝက်ဘ်ဆိုဒ်diramore.com/en
ဂီတခရီးလမ်း
တူရိယာ
  • ဂစ်တာ
  • စန္ဒယား
  • ကီးဘုတ်
  • တ​ယော
  • ​စောင်း
  • အဆို
တေးသံသွင်း ကုမ္ပဏီ
Third Eye
Gita Kabyar Production
ပူးတွဲ ပါဝင်မှု
Gita Kabyar Orchestra
NUAC Orchestra
လက်မှတ်

ဦးမောင်မောင်ဇော်ထက်၏ အနုပညာအမည် ဓီရာမိုရ် ကို သူ၏ဖခင်နှင့် အကိုအကြီးဆုံးတို့မှ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဓီရာ ဆိုသည်မှာ ပါဠိစကားလုံးဖြစ်ပြီး ပညာရှိသော ဟု အဓိပ္ပာယ်ရသည်။ မိုရ် ကား မြင်းမိုရ်တောင် ကို အစွဲပြုခေါ်ဆိုထားခြင်းဖြစ်သည်။ ထို့ကြောင့် ဓီရာမိုရ် ဟူသော အမည်ကို "မြဲမြံသောပညာရှိသူ၊ သာ၍ပညာရှိသူ" (တနည်း) "မောင်ပညာမြင့်"ဟု ဆိုလိုကြောင်း မှတ်ယူနိုင်သည်။[၃]

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

ဓီရာမိုရ်ကို ၁၉၇၄ ဇွန် ၄ ရက်တွင် ဦးထွန်းနိုင်နှင့် ဒေါ်ညွန့်နွယ်တို့မှ ကရင်ပြည်နယ်ကော့ကရိတ်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၇ယောက်အနက် အငယ်ဆုံးဖြစ်သည်။ [၃] အကိုအကြီးဆုံးကြောင့် ငယ်စဉ်ကတည်းကပင် ဂီတကိုဝါသနာပါခဲ့သည်။ အသက် ၁၂နှစ်အရွယ်တွင် အကိုများဖွဲ့စည်းထားသော တီးဝိုင်း၏အဖွဲ့ဝင်တစ်ယောက်ဖြစ်လာကာ မော်လမြိုင်မြို့၌ကျင်းပသော ပွဲတော်များတွင် ပါဝင်ဖျော်ဖြေခဲ့သည်။ ၁၉၉၂ တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒဂုဏ်ထူးဖြင့် အထက(၄)၊ မော်လမြိုင်မှ အောင်မြင်ခဲ့သည်။ [၄]

၁၉၉၃ တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဖွင့်လှစ်သောအခါ ဓီရာမိုရ်သည် ဂီတဘာသာရပ်ကို အထူးပြုသင်ယူခဲ့သည်။ [၃] ကျောင်းသားဘဝမှာပင် သူသည် ဂီတဖြင့်အသက်မွေးဝမ်းကြောင်းပြုရန် ဆုံးဖြတ်ခဲ့သည်။[၄]

ကနဦးတွင် ဓီရာမိုရ်သည် မြန်မာဂီတအပေါ် စိတ်ဝင်စားမှု နည်းပါးခဲ့သည်။ တက္ကသိုလ်၌ မြန်မာ့ရိုးရာဂီတအကြောင်း သင်ယူရသောအခါမှသာ ရိုးရာဂီတ၏ အလှနှင့် အနှစ်သာရကို သိမြင်နားလည်လာခဲ့သည်။ [၅] နောင်တွင် နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲများတွင် နှဲ၊ အိုးစည်၊ ဒိုးပတ် စသော ရိုးရာတူရိယာတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ကာ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များလည်း ရရှိခဲ့သည်။ ထို့ပြင် သူသည် အသံဖမ်းခြင်း၊ အသံထပ်ခြင်း၊ ရုပ်ရှင်နောက်ခံတေး ဖန်တီးခြင်းဆိုင်ရာ အသိပညာတို့ကို ပညာရှင်ကြီးများဖြစ်ကြသော ဂီတလုလင်ဦးကိုကို၊ စန္ဒယားဦးလှထွတ်၊ တယောဦးတင်ရီ၊ ထရမ်းပက်ဦးဝင်းဦးတို့ထံမှ ရရှိခဲ့သည်။[၅] ဓီရာမိုရ်သည် ဝိဇ္ဇာ(ဂီတ) ဘွဲ့ကို ၁၉၉၇ တွင် ရရှိခဲ့သည်။[၃]

၂၀၀၃ ခုနှစ်တွင် ဓီရာမိုရ်ကို Monbukagakusho Scholarship Program of Japan မှ ပညာသင်ဆု ချီးမြှင့်ခဲ့သည်။ သို့ဖြစ်၍ ဂျပန်နိုင်ငံ၊ တိုကျိုအနုပညာတက္ကသိုလ် (ဂဲဒိုင်) တွင် သုတေသနကျောင်းသားအဖြစ် ၂၀၀၄ အထိ တက်ရောက်ကာ ၂၀၀၆ တွင်မူ မဟာဝိဇ္ဇာ(ဂီတဖွဲ့သီမှု) ဘွဲ့ကို ၎င်းတက္ကသိုလ်မှပင် ရရှိခဲ့သည်။[၃] မဟာဝိဇ္ဇာဘွဲ့အတွက် ဓီရာမိုရ် တင်သွင်းခဲ့သော တေးသွားအမည်မှာ End of This Life ဖြစ်သည်။ ထိုတေးသွားမှာ မြန်မာရိုးရာတီးလုံးကွက်တစ်မျိုးဖြစ်သော ဗျိုင်းတောင် (နာရေးတွင်တီးခတ်လေ့ရှိသောတေးသွား) ၏ အငွေ့အသက်ကို ဆင့်ပွားဖန်တီးရေးဖွဲ့ထားခြင်းဖြစ်သည်။ End of This Life တေးသွားတွင် လူသားတစ်ယောက်၏ နောက်ဆုံးအချိန်မတိုင်မီ ဖြစ်ပေါ်သည့်ခံစားမှုများကို အပိုင်းငါးပိုင်းခွဲကာ ဖော်ပြထားသည်။ ယင်းတို့မှာ - သတိပြန်လည်ခြင်း၊ အတိတ်ကိုအမှတ်ရခြင်း၊ နာကျင်ခြင်း၊ သေခြင်းတံခါးဝ၊ ချုပ်ငြိမ်းခြင်း တို့ ဖြစ်သည်။ ဓီရာမိုရ်သည် ဤတေးသွားကို အပြီးသတ်ရန် တစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။ ထို့အပြင် ဂျပန်တွင် ပညာသင်ယူဆဲကာလအတွင်း Bunkyo Amateur Orchestra ၏ အဖွဲ့ဝင်အဖြစ်လည်း တီးခတ်ခဲ့သေးသည်။[၆]

အသက်မွေးဝမ်းကျောင်း ပြင်ဆင်ရန်

အစိုးရဝန်ထမ်း ပြင်ဆင်ရန်

၁၉၉၇ တွင် ဓီရာမိုရ်သည် ပထမဘွဲ့ကို ရရှိခဲ့ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာနတွင် နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထို့​နောက် ပညာသင်ဆုကိုရရှိရာ ဒုတိယဘွဲ့အတွက် ဂျပန်နိုင်ငံ၊ တိုကျိုအနုပညာတက္ကသိုလ်၌ ၂၀၀၃ မှ ၂၀၀၆ အထိ ပညာဆက်လက်ဆည်းပူးခဲ့သည်။[၄] ၂၀၀၇သို့​ရောက်​သောအခါ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာနတွင် လက်​ထောက်ကထိက ဖြစ်လာခဲ့သည်။ ၂၀၁၀ မှ ၂၀၁၁ အထိ ယဉ်​ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနတွင် လက်​ထောက်ညွှန်ကြား​ရေးမှူးအဖြစ် တာဝန်ထမ်း​ဆောင်ခဲ့သည်။ ၂၀၁၁ မှာပင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာနသို့ တွဲဘက်ပါမောက္ခအဖြစ် ​​ပြန်လည်၍တာဝန်​ပေးအပ်ခြင်းခံရသည်။ ၂၀၁၃တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာန၏ ပါမောက္ခ၊ ဌာနမှူး ဖြစ်လာခဲ့ပြီး ၂၀၁၉ တွင်မူ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ၏ ဒုတိယပါမောက္ခချုပ်(သင်ကြား)အဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည်။ ဓီရာမိုရ်သည် ၂၀၂၁ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ၏ ဒုတိယပါ​မောက္ခချုပ်(သင်ကြား)အဖြစ်မှ နုတ်ထွက်ခဲ့သည်။[၁]

ဂီတပညာရှင် ပြင်ဆင်ရန်

ဂီတပညာရှင်အ​နေဖြင့် ဓီရာမိုရ်သည် ​တေး​ရေးဆရာ၊ အဆို​တော်၊ ဂီတဒါရိုက်တာ၊ ဂီတမှူး စ​သော ကဏ္ဍအသီးသီးကို ​ဆောင်ရွက်လျက်ရှိသည်။၎င်းအနေဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ကျောင်းသားများဖြင့် တေးဂီတဖျော်ဖြေပွဲများ ကျင်းပလေ့ရှိပြီး ထိုပွဲများမှာ တီထွင်ဆန်းသစ်မှုရှိကာ ပရိသတ်အများ စိတ်ဝင်စားကြသည်။[၇] [၈]၂၀၂၁ ခုနှစ်တွင် အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ ဆက်လက်တာဝန်ယူမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အား အသံပိုင်းဆိုင်ရာ တည်းဖြတ်မှုများအား တာဝန်ယူလျက်ရှိသည်။[၁][၉]

တေး​ရေးဆရာ၊ အဆို​တော် ပြင်ဆင်ရန်

၂၀၀၀ ခုနှစ်တွင် ဓီရာမိုရ်သည် ဂစ်တာရှိလား အယ်လ်ဘမ်ဖြင့် ​တေး​ရေးဆရာ၊ အဆို​တော်အဖြစ် ဂီတ​လောကသို့ စတင်ဝင်​ရောက်ခဲ့သည်။ ထို့​နောက် ၂၀၀၈ တွင် ဒုတိယအယ်လ်ဘမ် ကျွန်​တော်နဲ့ဂီတ၊ ၂၀၁၂ တွင် တတိယအယ်လ်ဘမ် လမင်းဖမ်းပွဲ နှင့် ၂၀၁၆ တွင် စတုတ္ထအယ်လ်ဘမ် မြစ်အိုကြီး တို့ ထွက်ရှိခဲ့သည်။[၁၀] အဆို​တော်တစ်​ယောက်အ​နေဖြင့် ဓီရာမိုရ်သည် နိုင်ငံခြားအဆို​တော်အချို့နှင့် ဂီတဖန်တီးမှုများ ပူး​ပေါင်း​ဆောင်ရွက်ခဲ့သည်။ ၂၀၁၆ တွင် ဂျပန်အဆို​တော် Suwa Junko နှင့်တွဲဖက်၍ "တံခါး/ Friends" အမည်ရှိ သီချင်းတစ်ပုဒ်ကို Kumamoto ငလျင်ပြန်လည်ထူ​ထောင်​ရေးရံပုံ​​ငွေအတွက် ဖြန့်ချိခဲ့သည်။[၁၁] ၂၀၁၇တွင် အင်္ဂလိပ်အဆို​တော် Joss Stone ၏ ကမ္ဘာလှည့်​ဖျော်​ဖြေ​ရေးခရီးစဉ်အတွင်း သူမနှင့်တွဲဖက်ကာ "ဘုရား​ပေးဆု" အမည်ရှိ သီချင်းတစ်ပုဒ်ကို ပုံစံအသစ်ဖြင့် ဖန်တီးဖြန့်ချိခဲ့ပြန်သည်။[၁၂]

ဂီတဒါရိုက်တာ ပြင်ဆင်ရန်

ဓီရာမိုရ်သည် "ဂီတကဗျာ"သံစုံတီးဝိုင်း (ယခင် - ​"​အော်ပရာ"သံစုံတီးဝိုင်း) ကို ၂၀၀၂ ခုနှစ်တွင် တည်​ထောင်ကာ ဂီတဒါရိုက်တာအဖြစ် စတင်​ဆောင်ရွက်ခဲ့သည်။ ဓီရာမိုရ်နှင့် ဂီတကဗျာ၏ အ​စောဆုံးတင်ဆက်မှုမှာ ခိုင်သင်းကြည်မင်္ဂလာ​ဆောင်​ခွေ ဟု လူသိများ​သော "ချစ်သူတို့ရဲ့မင်္ဂလာ​တေး"အယ်လ်ဘမ် ဖြစ်သည်။[၁၃] ဂီတဒါရိုက်တာအဖြစ် ဓီရာမိုရ်၏ ထင်ရှား​​သောလုပ်​ဆောင်ချက်များမှာ - ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖွင့်ပွဲ၊ပိတ်ပွဲ၊ ၂၀၁၄ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲဖွင့်ပွဲ၊ပိတ်ပွဲ၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ တို့တွင် ကျင်းပခဲ့​သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆု​ချီးမြှင့်ပွဲ၊ ဂျပန်-မြန်မာပွဲ​​တော်၊ အာဆီယံ-ရုရှားသံစုံတီးဝိုင်းပူး​ပေါင်းတင်ဆက်မှု၊ Taipei Civic Orchestra၊ BBC Symphony Orchestra တို့ဖြင့် ပူး​ပေါင်းတင်ဆက်မှု စသည်တို့ ဖြစ်ကြသည်။[၁၄][၁၅][၁၆][၁၇] ၂၀၁၆ တွင် ဓီရာမိုရ်သည် Charles Wallace Burma Trust (UK-registered Charity) အဖွဲ့အစည်း၏ ဆုချီးမြှင့်ခြင်းကိုခံရကာ အင်္ဂလန်နိုင်ငံ ဘရစ္စတိုးတက္ကသိုလ်သို့ ဧည့်ပညာရှင်အဖြစ် ၃လကြာ သွား​ရောက်​ခဲ့ရသည်။[၁၈]ထိုကာလအတွင်း သူသည် BBC Symphony Orchestra နှင့် Orchestra for Myanmar and New Children's Choir တို့အတွက် မြန်မာဂန္ထဝင်သီချင်းတစ်ပုဒ်ဖြစ်​သော "​ရွှေတညာ" သီချင်းကို Orchestral Version အဖြစ် စီစဉ်ဖန်တီး​ပေးရုံသာမက[၁၅]ဘရစ္စတိုးတက္ကသိုလ်၊ အနုပညာဌာနတွင်လည်း မြန်မာဂန္ထဝင်ဂီတအ​ကြောင်းကို ​ဟော​ပြောပွဲပြုလုပ်ခဲ့သည်။[၁၉]ထို့ပြင် ဓီရာမိုရ်သည် ၂၀၁၆ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မှ ဂီတ​ကျောင်းသား၊ ​ကျောင်းသူများနှင့် NUAC Orchestra ကို စတင်ဖွဲ့စည်းကာ ၂၀၁၈ တိုင်​အောင် ဂီတဖျော်​ဖြေပွဲများ နှစ်စဉ်တင်ဆက်ခဲ့သည်။[၂၀]ထိုမျှသာမက ဓီရာမိုရ်သည် ဝေလ၊ လင်းလင်း၊ ဟန်ထူးလွင်စိုင်းစိုင်းခမ်းလှိုင်နီနီခင်ဇော် စ​သောနာမည်​ကျော်အဆို​တော်များ၏ ​ဖျော်​ဖြေပွဲများတွင်လည်း ဂီတဒါရိုက်တာအဖြစ် ပူး​ပေါင်းပါဝင်ခဲ့သည်။[၂၁][၂၂][၂၃]

ဂီတမှူး ပြင်ဆင်ရန်

၂၀၀၄ ခုနှစ်တွင် ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူး​သော "ချစ်​သောအရိမဒ္ဒနပူရ၏မဟာ​အောင်ပွဲ" ရုပ်ရှင်ဖြင့် ဓီရာမိုရ်သည် ရုပ်ရှင်​နောက်ခံ​တေးဖန်တီးသူ၊ ဂီတမှူးအဖြစ် စတင်​ဆောင်ရွက်ခဲ့သည်။[၂၄]ဂီတမှူးအ​နေဖြင့် ဓီရာမိုရ်သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(တေးဂီတဆု) ၂ကြိမ် ရရှိထားသူ ဖြစ်သည်။ ပထမအကြိမ်မှာ "​ဇော်က က​နေသည်" ရုပ်ရှင်ဖြင့် ၂၀၀၉ ခုနှစ်အတွက် ရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်မှာ "လူးရတနာသိုက်" ရုပ်ရှင်ဖြင့် ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့ခြင်းဖြစ်သည်။[၂၅] ၎င်းအပြင် ဓီရာမိုရ်သည် ဒါရိုက်တာ ဉာဏ်ကျယ်​စေ ရိုက်ကူး​သော "ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ" animation ဇာတ်လမ်းတိုဖြင့် အ​မေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်​သော Epic Animation, Comic and Game Festival 2016 မှ ချီးမြှင့်သည့် Best Music Score Award ကိုလည်း ရရှိခဲ့သည်။[၂၆] ယခုအချိန်ထိဆိုလျှင် သူသည် ရုပ်ရှင်ဇာတ်ကား ၅၀​ကျော်အတွက် ​​နောက်ခံ​တေးဂီတ ဖန်တီးခဲ့ပြီးဖြစ်သည်။[၂၄]

ဓီရာမိုရ်၏ ကြိုးပမ်းအားထုတ်မှုများထဲတွင် မြန်မာဂီတကို ထိန်းသိမ်းခြင်း နှင့် ဖြန့်​ဝေခြင်းတို့လည်း အပါအဝင်ဖြစ်သည်။[၄]၂၀၁၃ ခုနှစ်တွင် မြန်မာရိုးရာဂီတ၊ သီချင်း ပုဒ်​ရေ ၁၀၀ ကို ​လေ့လာစုစည်းကာ ပြန်လည်အသံသွင်းသည့် "Beauty of Tradition" အမည်ရှိ ပ​ရောဂျက်ကို စတင်လုပ်​ဆောင်ခဲ့သည်။ ထို့​နောက် ဂျပန်မှ ​တေးထုတ်လုပ်​ရေးကုမ္ပဏီတစ်ခုဖြစ်​သော Airplane Label နှင့် ပူး​ပေါင်း၍ "Beauty of Tradition" ပ​ရောဂျက် အမည်​အောက်၌ မြန်မာရိုးရာဂီတအယ်လ်ဘမ် ၃​ ​ခွေကို ဂျပန်နိုင်ငံတွင် ဖြန့်ချိဖြစ်ခဲ့သည်။[၂၇]သို့​သော်လည်း မြန်မာ့ဂီတကို ထိန်းသိမ်းရန် ကြိုးပမ်းရာတွင် သီချင်းပုဒ်​ရေ ၁၀၀ မျှဖြင့် မလုံ​လောက်နိုင်ဟု ယူဆခဲ့သည်။ ထို့​ကြောင့် ပ​ရောဂျက်ကို မြန်မာရိုးရာဂီတ၊သီချင်းပုဒ်​ရေ ၁၀၀၀ စုစည်းမှုအဖြစ် ထပ်မံချဲ့ထွင်ကာ "ဂီတရတနာ" ဟု ပြန်လည်အမည်​ပေးခဲ့သည်။[၂၈] ၎င်းပ​ရောဂျက်၏ ရည်ရွယ်ချက်မှာ သက်တမ်းကြာမြင့်ပြီး ရှားပါး​နေပြီဖြစ်​သော မြန်မာရိုးရာဂီတ၊ သီချင်းပုဒ်​ရေ ၁၀၀၀ ကို ​အသံအရည်အ​သွေး​ကောင်း​ကောင်းဖြင့် လွယ်ကူစွာရှာ​ဖွေနားဆင်နိုင်​​သော ​ဂီတမော်ကွန်းတိုက်တစ်ခု ဖြစ်​ပေါ်လာ​စေရန်ပင်ဖြစ်သည်။ ဤပ​ရောဂျက်မှ သီချင်းအသီးသီးကို နိုင်ငံအဝှမ်းမှ ရိုးရာဂီတပညာရှင်ကြီးများ၏ အကူအညီဖြင့် ​လေ့လာစုစည်းကာ ရိုးရာဂီတပညာရှင်များနှင့်အတူ ဂျပန်အသံဖမ်းအင်ဂျင်နီယာ Hiroshi Iguchi ၏ အကူအညီဖြင့် ပြန်လည်အသံသွင်းခဲ့သည်။ ပ​ရောဂျက်တွင် ကဏ္ဍအားဖြင့် ၇ မျိုး ပါဝင်သည်။ ထိုကဏ္ဍများမှာ - မဟာဂီတကာလ​ပေါ်သဘင်ဂီတမြန်မာဆိုင်း​ကျေးလက်ဂီတနတ်ချင်းလက်စွမ်းပြ တို့ ဖြစ်ကြသည်။ ယင်းပ​ရောဂျက်ကို အတွဲ ၉ တွဲဖြင့် ဖြန့်ချိရန် စီစဉ်ထားသည်။ ၂၀၁၈ ခုနှစ်တွင် "ဂီတရတနာ" ကို စတင်မိတ်ဆက်ကာ Spotify၊ MMN နှင့် JOOX ကဲ့သို့​သော နိုင်ငံတကာနှင့် ပြည်တွင်း​တေးဂီတဝက်ဘ်ဆိုဒ်များတွင် ဖြန့်​ချိခဲ့သည်။[၂၈]၂၀၁၉​​နှောင်းပိုင်းတွင် "ဂီတရတနာ" အတွဲ ၆ အထိ ထွက်ရှိပြီးဖြစ်သည်။

ဆရာတဖြစ်လဲ ဂီတပညာရှင် ဓီရာမိုရ်သည် ဂီတဆိုင်ရာအသိပညာများကို အခွင့်သင့်တိုင်း မျှ​ဝေ​လေ့ရှိသူဖြစ်သည်။ အစိုးရဆိုင်ရာ၊ ပုဂ္ဂလိကဆိုင်ရာ ပြည်တွင်း၊ ပြည်ပအလုပ်ရုံ​ဆွေး​နွေးပွဲများ၊ ပညာရပ်နှီး​နှောဖလှယ်ပွဲများတွင် ပါဝင်​ဆွေး​နွေးခြင်း၊ ILBC၊ Yangon Music School၊ MMDC ကဲ့သို့​သော သင်တန်း​ကျောင်းများတွင် သင်ကြားပို့ချခြင်းတို့ကို ပြုလုပ်​လေ့ရှိသည်။[၂၄]ယခုအခါ ဓီရာမိုရ်သည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ ဒုတိယပါ​မောက္ခချုပ်တာဝန်ကို ထမ်း​ဆောင်​ရင်း တစ်ဖက်တွင်လည်း ​တေး​ရေးဆရာ၊ အဆို​တော်၊ ဂီတဒါရိုက်တာ၊ ဂီတမှူး စ​သော အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။[၄]

ရရှိခဲ့သောဆုများ ပြင်ဆင်ရန်

ခုနှစ် ဆု အမျိုးအစား ရွေးချယ်ခံလက်ရာ ရလဒ်
၂၀၀၉ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု နောက်ခံတေးဂီတ ဇော်က ကနေသည် ဆုရရှိ[၂၉]
၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု နောက်ခံတေးဂီတ လူးရတနာသိုက် ဆုရရှိ[၃၀]
2016 Epic Animation, Comic and Game Festival, USA Best Music Score ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ ဆုရရှိ[၂၆]
၂၀၁၉ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှပေးအပ်သော ဂုဏ်ပြုဆု ဂီတ ဆုရရှိ[၃၁]

တေးအယ်လ်ဘမ်များ ပြင်ဆင်ရန်

ဓီရာမိုရ်သည် တစ်ကိုယ်တော်တေးအယ်လ်ဘမ် လေးခွေ ထွက်ရှိပြီးဖြစ်သည်။

ခုနှစ် အယ်လ်ဘမ် သီချင်းပုဒ်ရေ ထုတ်လုပ်ရေး
၂၀၀၀ ဂစ်တာရှိလား ၁၁ Third Eye
၂၀၀၈ ကျွန်တော်နဲ့ဂီတ ၁၀ Gita Kabyar Production
၂၀၁၂ လမင်းဖမ်းပွဲ ၁၀ Gita Kabyar Production
၂၀၁၆ မြစ်အိုကြီး ၁၀ Gita Kabyar Production

[၃၂]

ကိုယ်ပိုင်ဘဝ ပြင်ဆင်ရန်

ဓီရာမိုရ်သည် မမေထူးချိုနှင့် ၂၀၀၈ တွင် လက်ထပ်ခဲ့သည်။ ယခုအခါတွင် သားသမီး ၃ဦး ထွန်းကားပြီးဖြစ်သည်။ [၃၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဒုပါချုပ်ရာထူးမှ_ဓီရာမိုရ်နုတ်ထွက်။ 29 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2021 တွင် ပြန်စစ်ပြီး။
  2. ဓီရာမိုရ်_ဂီတပညာရှင်။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ diramore-human-of-mawlamyine။ 8 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ di-ra-mo_profiled။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ diramore-interview-irrawaddy
  6. diramore-interview-popular။ 29 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  7. မတူညီတဲ့ ပုံစံနဲ့ မြင်တွေ့ရဦးမယ့် NUAC ရဲ့ Orchestra Music Showcase
  8. diramore-interview-mizzima
  9. ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးကော်မတီ၏ ၁၄ ကြိမ်မြောက် လုပ်ငန်းကော်မတီညှိနှိုင်းဆွေးနွေးပွဲကို မေ ၁၆ ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ပြုလုပ်
  10. diramore's-old-river-album-review-irrawaddy
  11. junko-suwa-connecting-the-hearts
  12. joss-stone-total-world-tour။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  13. chit-thu-doe-ye-mingalar-tay
  14. myanmar-academy-ceremony-music။ 29 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  15. ၁၅.၀ ၁၅.၁ myanmar-orchestra-strikes-an-international-chord။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  16. local-musicians-join-asean-russia-orchestra။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  17. a-golden-evening-of-music။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  18. charles-wallace-burma-trust-award။ 27 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  19. diramore-talks-about-his-recent-compositions[လင့်ခ်သေ]
  20. nuac-orchestra-music-showcase
  21. wai-la-live-in-360
  22. a-road-to-starry-night-big-bag
  23. sai-sai-one-man-show
  24. ၂၄.၀ ၂၄.၁ ၂၄.၂ diramore-interview-mizzima
  25. diramore-second-academy။ 6 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  26. ၂၆.၀ ၂၆.၁ my-life-i-don't-want။ 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  27. diramore-promotes-myanmar-classical-music။ 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  28. ၂၈.၀ ၂၈.၁ gitayadana-reviving-forgotten-treasures။ 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  29. diramore-interview-irrawaddy
  30. Myanmar Academy Awards for 2016
  31. myanmar-copyright-day။ 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  32. diramore's-old-river-album-review-irrawaddy
  33. diramore-songs-influenced-by-marriage-kids။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။