နန်းကံကျွေးဝန် သည် နန်းတော်ပြာသာဒ်ဆောင်ကြီးများ၊ အဆောင်အယောင်များ ဆောက်လုပ်ပြင်ဆင် ထိန်းသိမ်းသည့်လုပ်ငန်းများကို လုပ်ကိုင်ရသူ ဖြစ်သည်။ နန်းကံကျွေးဝန်၏ တာဝန်ဝတ္တရားများမှာ ယခုခေတ်မြို့ပြ အင်ဂျင်နီယာ (Civil Engineer) များနှင့် အလားသဏ္ဌာန် တူသည်။

ညောင်ရမ်းခေတ် နန်းကံကျွေးဝန် ပြင်ဆင်ရန်

နန်းကံကျွေးဝန် ရာထူးကို ညောင်ရမ်းခေတ် ညောင်ရမ်းမင်းတရားကြီး လက်ထက် ၂၄ စက်တင်ဘာ ၁၅၉၈ ခုနှစ်တွင် ထုတ်ပြန်သည့် အမိန့်တော်၌ အစောဆုံး တွေ့ရှိရသည်။ ညောင်ရမ်းခေတ်တွင် ဘုရင့်နန်းတော်၊ အဆောင်တော်များ၊ မင်းညီမင်းသာတို့၏ စံအိမ်တော်အဆောက်အဦးများကို ဆောက်လုပ်ပေးရသူ ဖြစ်သည်။

ကုန်းဘောင်ခေတ်ဦးကာလ ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်ဦးကာလ အလောင်းမင်းတရား လက်ထက်တွင် ရတနာသိင်္ဃ မင်းနေပြည်တော် ကြီးကို ဆောက်လုပ်ခဲ့ရာ နန်းကံကျွေးဝန်အဖြစ် ခန့်ထားခံရသူ တစ်ဦးတစ်ယောက်ရှိနိုင်သည်။ သို့သော် စာပေအမှတ်အသားများ၌ မတွေ့ရပေ။ မြေဒူးမင်း (ဆင်ဖြူရှင်) လက်ထက် နန်းတက်စကာလ ၁၅ စက်တင်ဘာ ၁၇၆၄ ခုနှစ်တွင် ဂါမဏိတိဿ ဦးစီးသော ၅၀ သော သွေးသောက်အဖွဲ့ ဖွဲ့စည်းရာ နန်းကံကျွေးဝန် ရာဇတမန်ကျော်ထင် ၏ အမည်ပါလာသည်။

ရာဇတမန်ကျော်ထင်သည် အလောင်းမင်းတရား သို့မဟုတ် ဒီပဲယင်းမင်း (နောင်တော်ကြီးမင်း) လက်ထက် နန်းကံကျွေးဝန် ဖြစ်မည်ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကုန်းဘောင်ဆတ် မဟာရာဇဝင်တော်ကြီး (ပထမတွဲ)၌ နန်းကံကျွေး သီဟဗလ ကျော်သူအမည်ကို တစ်ဆက်တစ်စပ်တည်း တွေ့ရှိရ သောကြောင့် ဖြစ်သည်။ သီဟဗလကျော်သူသည်လည်း လက်ဝဲရံတိုင် ဦးစီးသည့် ၅၀ တော် သွေးသောက်အဖွဲ့သို့ ဝင်ရောက်ခဲ့၏။ သို့ဖြစ်၍ ရာဇာတမန်ကျော်ထင် မှာ နန်းကံကျွေးဝန်ဟောင်း ဟု မှတ်ယူမိပါသည်။ နန်းကံကျွေးဝန် နှစ်ဦးတစ်ပြိုင်တည်း ခန့်အပ်ခဲ့ခြင်းမျိုးတော့ ဖြစ်ဟန်မတူပါ။

ဗဒုံမင်းလက်ထက် ပြင်ဆင်ရန်

ဗဒုံမင်း (ဘိုးတော်ဘုရား) (၁၇၈၂-၁၈၁၉) လက်ထက် ဘွဲ့မည် သိရှိရသူ နန်းကံကျွေးဝန် တစ်ဦးမှာ ဗလဇေယကျော် ဖြစ်သည်။ နန်းကံကျွေးဝန် ဗလဇေယျကျော်သည် ၉ ဖေဖော်ဝါရီ ၁၇၉၅ တွင် ကျင်းပခဲ့သည့် မိတ္ထီလာမင်းသမီး၏ ကွမ်းခွံ့မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့သူ ဖြစ်၏။ စစ်ကိုင်းမင်း (ဘကြီးတော်) နန်းတက်စ ၁၈၁၉ ခုနှစ်တွင် ဗလဇေယကျော်အား ငွေအသပြာသုံးဆယ်ချီးမြှင့်ကြောင်း အမှတ်အသားတွေ့ရှိရာ နန်းကံကျွေးဝန် ဗလဇေယျကျော်မှာ ထိုစဉ်က နန်းကံကျွေးဝန်ဟောင်း ဖြစ်နေပြီ ဟု မှတ်ယူရသည်။

စစ်ကိုင်းမင်း နန်းတက်စ ပြင်ဆင်ရန်

၁၈၁၉ ခုနှစ်တွင် စစ်ကိုင်းမင်း (ဘကြီးတော်) နန်းတက်လာပြီးနောက် ပညာရာဇကျော်အား နန်းကံကျွေးဝန်အရာ ခန့်အပ်လိုက်ပါသည်။ ၆ စက်တင်ဘာ ၁၈၁၉ တွင် နန်းကံကျွေးဝန် ပညာရာဇကျော်သည် ပန်းပုပညာရှင် ဦးအင်း၊ ဦးဘွယ် နှင့် ဦးအုန်း အပါအဝင် လူ ၅၀ အား နန်းကံကျွေးဝန်အစုသို့ သွင်းယူခဲ့ကြောင်း တွေ့ရှိရ၏။ ၃ နိုဝင်ဘာ ၁၈၁၉ ခုနှစ် ထီးဆောင်းမင်္ဂလာ အခမ်းအနားတွင် နန်းကံကျွေးဝန် ပညာရာဇကျော်အား နေမျိုးနန္ဒကျော်ဘွဲ့ ပြောင်းလဲပေးအပ်ခဲ့သည်။

နန်းကံကျွေးဝန် ဦးမြတ်စံ ပြင်ဆင်ရန်

နန်းကံကျွေးဝန် ပညာရာဇကျော်၏ ရာထူးကို နေမျိုးစည်သူဘွဲ့ခံ ဦးမြတ်စံ က ဆက်ခံခဲ့သည်။ အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲ ကာလအတွင်း ၁၃ မတ် ၁၈၂၅ တွင် စစ်သူကြီး မဟာဗန္ဓုလ ဦးစီးသောတပ်များ ရန်ကုန် စစ်မျက်နှာ သို့ ချီတက်လာကြစဉ် နန်းကံကျွေးဝန် နေမျိုးစည်သူဘွဲ့ခံ ဦးမြတ်စံသည်လည်း တပ်တစ်တပ် ကို အုပ်ချုပ်လျက် လိုက်ပါ စစ်မှုထမ်းခဲ့ရ၏။ ဓနုဖြူ ကျိုက်ကလွန်ပွန်း ခံတပ် တိုက်ပွဲ တွင် လည်း နန်းကံကျွေးဝန် ဦးမြတ်စံက စစ်ကဲအဖြစ် တာဝန်ယူခဲ့သည်။

အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲ ပြီးဆုံးသွားပြီးနောက် ၇ ဇွန် ၁၈၃၀ တွင် နန်းကံကျွေးဝန် ဦးမြတ်စံသည် ကျောက်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တာဝန်ယူ ထုလုပ်ခဲ့ရသည်။

ရတနာပုံခေတ် နန်းကံကျွေးဝန် ပြင်ဆင်ရန်

၁၈၅၉ ခုနှစ်တွင် မင်းတုန်းမင်းက မြို့တော်သစ်တည်ရန် စီမံဆောင်ရွက်ခဲ့သည်။ ရတနာပုံမြို့ကွက်နေရာသို့ သွားရောက် ကြည့်ရှုကြသူများထဲတွင် နန်းကံကျွေးဝန် မင်းလှမင်းထင်ကျော်သူ ပါရှိခဲ့သည်။ နန်းကံကျွေးဝန် မင်းလှမင်းထင်ကျော်သူသည် ၃၀ အောက်တိုဘာ ၁၈၅၆ ခုနှစ်တွင် မြေတိုင်းအမတ် နှင့် အတူ မြေယာကွက်များ ဖော်ထုတ်ပေးခဲ့ရသည်။ နန်းတော်တည်ဆောက်ရေး လုပ်ငန်းများ၌လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့၏။

သီပေါမင်းလက်ထက် အစောပိုင်းကာလတွင် နန်းကံကျွေးဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ဦးရန်ကင်း ဖြစ်သည်။ နန်းကံကျွေးဝန် ဦးရန်ကင်းမှာ ရွှေပန်းချီ အမှုထမ်း ၁၂၀ ကို ကြီးကြပ်ပေးရသူ ဖြစ်၏။ သူ၏ရာထူးကို ဦးထွန်းဦးက ဆက်ခံခဲ့ဟန်ရှိသည်။ သံတော်ဆင့် ရာထူး ကိုပါ ပူးတွဲထမ်းဆောင်ရသူ ဖြစ်သည်။ နန်းကံကျွေးဝန် ဦးထွန်းဦးသည် ကိုလိုနီခေတ်ဦး ကာလ ၁၁ ဇွန် ၁၈၈၆ တွင် မာမက်သာထက် ဆိုသူ၏ ကြေး၊ သံ ပေးသွင်းခဲ့ငွေ ရလိုမှုလျှောက်ထားရာတွင် အသိသက်သေ လိုက်ခဲ့ရ၏။ သူ့အား ဆက်ခံသူမှာ ဦးကောင်းစံ ဖြစ်ဟန်ရှိသည်။ နန်းကံကျွေးဝန် ဦးကောင်းစံသည် ကိုလိုနီခေတ်ဦးကာလ ၉ မေ ၁၈၉၃ အထိ သက်ရှိထင်ရှားနှင့် နေဆဲဖြစ်ကြောင်း ဝက်မစွတ်ဝန်ထောက် ဦးလတ်ဒိုင်ယာရီအရ သိရှိရသည်။

ကိုးကား ပြင်ဆင်ရန်

သစ္စာ။ နန်းကံကျွေးဝန် (in Myanmar)။ ၁၆ ၊ ၂၀၁၁ တွင် ပြန်စစ်ပြီး။ဒီဇင်ဘာ ၂၀၁၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]