နိုင်ငံခြားသုံးငွေစည်းမျဉ်းသတ်မှတ်ချက် အက်ဥပဒေ

နိုင်ငံခြားသုံးငွေစည်းမျဉ်းသတ်မှတ်ချက် အက်ဥပဒေ

  • (၁) နိုင်ငံခြားသုံးငွေစည်းမျဉ်းသတ်မှတ်ချက်အက်ဥပဒေအရ နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး ( Controller of Foreign Exchange ) ၏ ကြိုတင်ခွင့်ပြု ချက်မရှိဘဲ မြန်မာနိုင်ငံအတွင်းနေထိုင်သူ မည်သူမဆို ပြည်တွင်းတွင် ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ မည်သူနှင့်မျှ နိုင်ငံခြားသုံးငွေဝယ်ယူခြင်း၊ ရောင်းချ ခြင်း၊ ချေးယူခြင်း၊ ခေတ္တပေးခြင်း၊ လွှဲပြောင်းခြင်းနှင့် လဲလှယ်ခြင်းမပြုလုပ်ရ။
  • (၂) မည်သူမဆို နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ရာတွင် ဗဟိုဘဏ်မှ သတ်မှတ်ထားသော နိုင်ငံခြားငွေ လဲလှယ်နှုန်းများ ကိုသာ အသုံးပြုရမည်။
  • (၃) နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူးက ခွင့်ပြုလိုက်သော နိုင်ငံခြားသုံးငွေကိုသုံးစွဲရန် အကြောင်းကိစ္စအတွက် သာ လျှင်သုံးစွဲရမည်။ ထိုသို့သုံးစွဲခြင်း မပြုနိုင်ပါက ရယူထားသော နိုင်ငံခြားငွေကို လိုင်စင်ရဘဏ်သို့ ပြန်လည် ပေးအပ်ရောင်းချရမည်။
  • (၄) နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်မရရှိဘဲ၊ မည်သူမဆို မြန်မာပြည်အတွင်းမည်သည့် ရွှေ နှင့် မြန်မာကျပ်ငွေ (သို့မဟုတ်) နိုင်ငံခြားငွေကြေး များကို ပြည်ပမှ ယူဆောင်လာခြင်း၊ တင်သွင်းခြင်း မပြုလုပ်ရ။
  • (၅) နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်မရရှိဘဲ၊ မည်သူမဆို မြန်မာပြည်မှ မည်သည့် ရွှေ၊ အဘိုးတန် ကျောက်မျက်ရတနာ လက်ဝတ်လက်စားနှင့် မြန်မာကျပ်ငွေ (သို့မဟုတ်) နိုင်ငံခြားငွေကို ပြည်ပသို့ ယူဆောင်သွားခြင်း၊ ထုတ်ယူပေးခြင်း မပြုလုပ်ရ။
  • (၆) မည်သူမဆို နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်မရရှိဘဲ၊ အာမခံစာချုပ်များကို ပြည်ပသို့ ယူဆောင်ခြင်း၊ ပေးပို့ခြင်း (သို့မဟုတ်) အာမခံစာ ချုပ်များကို ပြည်ပတွင်နေထိုင်သူ တစ်ဦးဦးအား မည်သို့မျှလွှဲပြောင်းပေးပို့ခြင်းမျိုး မပြုလုပ်ရ။
  • (၇) မြန်မာနိုင်ငံတွင်နေထိုင်သူ မည်သူမဆို (TRUST) ဖွဲ့စည်း၍ ပြည်ပတွင်နေထိုင်သူ တစ်ဦးဦးအား ငွေများ၊ အာမခံစာချုပ်များ၊ ပစ္စည်းများ (TRUST) များကို လွှဲပြောင်းပေးခြင်း မပြုရ။
  • (၈) မြန်မာနိုင်ငံတွင်နေထိုင်သူ မည်သူမဆို နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်မရရှိဘဲ ပြည်ပတွင် နေထိုင်သူများက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ ဖြစ်စေ အုပ်ချုပ်ထားသော ကုမ္ပဏီများအား ငွေချေးငှားခြင်း မပြုလုပ်ရ။
  • (၉) ဤဥပဒေပါပုဒ်မတစ်ခုခုကို ချိုးဖောက်သူ မည်သူမဆိုအား ထောင်ဒဏ် (၃) နှစ် အထိ ကျခံစေနိုင်သည့် အပြင်၊ ငွေဒဏ်ကိုပါ တပ်ရိုက်စေနိုင်ပါသည်။