ပလိပ်မြို့သည် "'မြို့ ပုဂံ၊ ရွာ ပလိပ်"'ဟူသော စာဆိုနှင့်အညီ ပလိပ်ရွာသည် မန္တလေးမြို့ အနီး၊ မြစ်ငယ်မြစ်ဘေးတွင် တည်ရှိသည်။ ရှေးယခင် ဘုရင်မင်းများ လက်ထက်တွင် စည်ပင်သာယာခဲ့သော မြစ်ဆိပ်ကမ်း ရွာလေးပင်ဖြစ်သည်။ ပလိပ်သည် အမရပူရခေတ်တွင် အစည်ကားဆုံး ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ ရှေးခေတ် ရေကြောင်းခရီး အားထားချိန်တွင် မြစ်ငယ်မြစ်ကို ဖြတ်သန်းကာ အင်းဝ၊ အမရပူရ၊ မန္တလေးနှင့် အခြားဒေသများအထိပါ ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့သည့် နေရာပင်ဖြစ်သည်ဟု ဆိုထားသည်။

ပလိပ်တွင် ရှမ်းကုန်းပြင်မြင့်မှ ရှမ်းကုန်သည်များ၊ မြေလတ်ပိုင်းမှ ကုန်သည်များ ကုနစည်ဖလှယ် ရောင်းဝယ်ရာ နေရာဖြစ်သည်နှင့်အညီ စေတီပုထိုးများစွာကို တည်ထားကိုးကွယ်ခဲ့သည်။ စေတီများမှာ ဘုရားပရိဝုဏ်တစ်ခုအတွင်း စေတီတစ်ဆူတည်း တည်ထားခြင်းမျိုး မဟုတ်ဘဲ ဘုရားပရိဝုဏ်ထဲတွင် စေတီပုထိုးများစွာကို နေရာလပ်မရှိ တည်ထားခြင်း ဖြစ်သည်။ စေတီပုထိုး လက်ရာများစွာရှိပြီး အထူးသဖြင့် အင်းဝခေတ် လက်ရာများ နှင့် အမရပူရခေတ်လက်ရာများကို တွေ့မြင်နိုင်သည်။

ပလိပ်တွင် ထူးဆန်းသော ဓလေ့များဖြင့် ပူဇော်ဆုတောင်းသည့် စေတီများ၊ အုတ်သိမ်များစွာကို တွေ့နိုင်သည်။ ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် အင်္ဂတေကျင်းဝိုင်း တစ်ခု ထားရှိထားသည်။ ယခင်က ဘုရားဖူးများသည် ထိုကျင်းကို ပါလာသည့် တဘက်တို့ဖြင့် အုပ်ကာ ဗုံတီးပြီး ဆုတောင်းသည်ကို မြင်ဖူးသဖြင့် ဗုံတီးဘုရားဟု လူသိများသည်။ ဗုံတီးဘုရား၊ ကျောက်တုံးကျောက်သားများဖြင့် တည်ဆောက်ပြီး အုတ်တစ်ချပ်မှ မပါသော စေတီ၊ နှစ်ထပ်ဘုရားဟု လူသိများသည့် ဗုဒ္ဓရုပ်ပွားတော် နှစ်ထပ်ထုလုပ်ထားသော ဘုရားနှင့် အခြားထူးခြားသော လက်ရာမျိုးစုံကို တွေ့မြင်နိုင်ပြီး ထူးခြားသော လက်ရာမျိုးစုံနှင့် စေတီပုထိုးများစွာကို ဗန်းမော်ကျောင်းတိုက်အတွင်းတွင် နေရာလပ်မရှိ တည်ထားသည်။

ယခုအခါ ပလိပ်အား ရှေးဟောင်းဇုံ တစ်ခုအဖြစ် သတ်မှတ်ထားသည်။ လှပသော ကနုတ်လက်ရာများ၊ ရှေးဟောင်းအုတ်သိမ်များနှင့် ထူးခြားသော လက်ရာမျိုးစုံ၊ ဗုဒ္ဓရုပ်ပွားတော်မျိုးစုံကို လေ့လာဖူးမြော်နိုင်သော နေရာအဖြစ် ထင်ရှား၍ ကနုတ်ပန်း လက်ရာ အကောင်းဆုံး ဖြစ်သည့် အောင်ဇေယျာသိဒ္ဓိစေတီတော်ကို ဓာတ်ပုံပညာရှင်များ၊ ဓာတ်ပုံသင်တန်းဆင်းများမှ အစ အနယ်နယ်အရပ်ရပ်မှ ရှေးဟောင်းစေတီ ပုထိုးလက်ရာများကို မှတ်တမ်းရိုက်ယူမှု ပိုမိုများပြားလာသည်။ [၁]


အမည်ရင်းမြစ်ပြင်ဆင်

ပလိပ်ဟု အမည်တွင်ခြင်းနှင့် ပါတ်သက်၍ ပုဂံခေတ်အနော်ရထာမင်း၏ ချစ်မြတ်နိုးတော်မူရသော မိဖုရားတစ်ပါးဖြစ်သူ စောမွန်လှအား နားတောင်းအလို့ငှာ ပေရွက်ကိုလိပ်၍ ပေလိပ်နားတောင်း ဆက်သရသောကြောင့် ပေလိပ်ဟု အမည်တွင် ခေါ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် ကာလရွေ့လျော၍ ပေလိပ်ရွာမှ ပလိပ်ရွာဟု အမည်တွင်ကြောင်း အစဉ်တစိုက်လက်ခံယုံကြည်ခဲ့ကြလေသည်။ ပုဂံခေတ် အလောင်းစည်သူမင်းနှင့်လည်း ဆက်နွယ်အမည်တွင် ပေါ်ပေါက်ခဲ့သည်ဟုလည်း အဆိုရှိပြန်၏။ ရှမ်းမိဖုရား စောမွန်လှအား ပေလိပ်နားဋောင်းဆက်သခြင်းအား စွဲမှတ်လျှက်ပေလိပ်ဟု ခေါ်ဆိုပြီး ပေလိပ်မှ ပလိပ်ဖြစ်လာသည်ဟုသာ လက်ခံထားကြသူများလေသည်။

မိဖုရားစောမွန်လှ မင်းပြစ်မင်းဒဏ်သင့်၍ ရှမ်းပြည်သို့ပြန်ရန် ဧရာဝတီမြစ်ကြောင်းမှတဆင့် ဒုဋ္ဌဝတီမြစ်သို့ ဆန်တက်၍လာစဉ် မြစ်အတွင်း ကြီးမားသော ငါးကြီးများအား မြင်တွေ့သည်ကို ပါနော ပါနော် (ရှမ်းဘာသာ စကားဖြင့် ငါးကြီးတွေ ငါးကြီးတွေ) ဟု ပြောဆိုသည်ကို စွဲမှတ်လျှက် ထိုနေရာအား ဘနော ရွာဟု အမည်တွင်သည်ဟု ဆို၏။

ထိုနည်းတူစွာ မြစ်ကြောင်းအတိုင်းဆန်တက်လာစဉ် ပါလိစ် ပါလိစ် (ငါးလေးတွေ ငါးလေးတွေ) ဟု ပြောခဲ့သဖြင့် ပါလိစ်  မှ ပလိပ် ဟု ဆင်းသက်ခေါ်ဝေါ်ကြောင်းလည်း အဆိုရှိပြန်သည်။ ရှေးယခင်ကပလိပ်ဒေသသို့ ရှမ်းပြည်မှ ငါးဆားနယ်များ လာရောက် ဝယ်ယူကြောင်းနှင့် ထိုသို့ငါးဆားနယ်များ လာရောက်ဝယ်ယူရန်အတွက် ပါလိစ်သွားမည်ဟုရှမ်းစကားဖြင့် ပြောဆိုကြသည်ဟု လက်ခံယုံကြည်ထားကြလေသည်။ ထို့ကြောင့် ပလိပ်ဟူသော ရွာအမည်သည် ရှမ်းအမည် ပါလိစ်မှ ပလိပ်ဟု ဖြစ်တည်လာခြင်းဖြစ်သည်ဟုလည်း ထင်မြင်ယူဆချက်များ ရှိလေသည်။

သမိုင်းကြောင်းပြင်ဆင်

ပုဂံပြတိုက်တွင် အဆိုပါပြိုကျပျက်စီးနေသည့် အုတ်များအား စုစည်းထိမ်းသိမ်းထားရှိပြီး ယင်း အုတ်များအား အက္ခရာစဉ်သည့်အခါတွင် ယင်း(ပုဂံခေတ်)အုတ်များတွင် ပလိပ်အမည်ပါ အုတ်များပါရှိနေသည်ကိုတွေ့မြင်နိုင်မည်ဖြစ်သည်။ ပုဂံခေတ်အုတ်များတွင် ပလိပ်အမည်ပါဘအုတ်အား ပလိပ်ကာ  ဟု ရေးသားထားသည်။ ဒေါက်တာသန်းထွန်းက ပလိပ်သည် အုတ်ဖုတ်၍ ပေးပို့ရာဒေသဟု ကောက်ယူသုံးသပ်ထားသည်။

ထို့အပြင် ပလိပ်ဟူသော အသုံးနှုံးအား မန္တလေးနန်းတွင်း ကျောက်စာရုံ ကျောက်စာအမှတ် န ၅၉၅ က နှင့် ခ  ကော်နာဖီးနစ်ကျောက်စာတွင်ပလိပ်ရှိလယ်ပယ် ဆယ်ပယ်ခွဲအား လှူဒါန်းကြောင်း ရေးထိုးပါရှိသည်။ အဆိုပါကျောက်စာ သည် သက္ကရာဇ် ၅၆၄ခုနှစ်ထိုး မြို့သူကြီး ကော်နာဖီးနစ်ကျောက်စာဖြစ်သည်။ ပုဂံသည်၏မြေး "မပြေသင် " " အိုကြွက်သင် " တို့၏သား မြို့သူကြီးဖြစ်သူ" ကော်နာဖီးနစ် " နှင့် နှမ " အိုညယ်ကြီး "တို့က အဘိုးအဘွားမိဘတို့၏ ရှေးဟောင်းကြေးဘုရားကြီးနှင့် ဂူဘုရားတို့တွင် ပန်တျာကချေသည် စသည်များ လှူဒါန်းခြင်း။ ပလိပ်လယ် ဆယ်ပယ်ခွဲအပါအဝင် လယ်ယာများလှူဒါန်းခြင်း အုန်း ထန်းညောင်ပင်များစိုက်ခြင်း သင်ပုတ် ဆီမီးအလှူမျာပေးခဲ့ကြောင်း အလှူမှတ်တမ်းရေးထိုးထားသည့် ကျောက်စာဖြစ်သည်။ယင်းကျောက်စာအား ၁၉၅၆ခုနှစ်တွင် အိုးထိန်းတောင်ရွာ ဦးထွန်းဝင်း၏ ခြံမြေအတွင်းမှ တူးဖေါ်ရ ရှိခဲ့ခြင်းဖြစ်သည်။ ယင်းကျောက်စာအရ ပလိပ်ဒေသသည် ပုဂံခေတ်ကတည်းက စည်ကားနေပြီးဖြစ်ကြောင်း မှတ်ချက်ပြုနိုင်မည်ဖြစ်သည်။ သက္ကရာဇ် ၅၆၉ "ပေါက်ကနားဒေါင်းပြားမင်း" သည် မြို့ပေါင်း၁၉မြို့ တည်သည့်အချိန်တွင်လည်း ပလိပ်မြို့ တစ်မြို့လည်းအပါဖြစ်သည်ဟုအဆိုရှိပြန်သည်။

သက္ကရာဇ် ၁၁၂၅ခုနှစ်တွင်နန်းတက်တော်မူသော ဆင်ဖြူရှင်မင်းလက်ထက်တွင် မင်းရဲရာဇာဘွဲ့ခံ ရွှေနားတော်သွင်းဧချင်း(ခ) ပလိပ်စားဧချင်းအား သီကုံးဆက်သွင်းသည့် ဦးဖျော်အား ပလိပ်ရွာကို အပိုင်ပေးသနားတော်မူ၍ ချီးမြှောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများ ရှိသည်။

မြန်မာသက္ကရာဇ် ၁၁၂၅ကတည်းကစတင်၍ အစဉ်တစိုက်ကထိန်ခင်းလာသည့် ပလိပ်ဒေသခံတို့၏ " ပိတောက်ချောင်ကထိန် " သည်လဲထင်ရှားကျော်ကြားခဲ့လေသည်။ သက္ကရာဇ် ၁၁၅၀ခုနှစ်တွင် ပလိပ်ဒေသခံတို့၏ အစဉ်အလာ ခင်ကျင်းလာသည့် ကထိန်အလှူတော်အား ခွင့်မပြုကြောင်း ဘိုးတော်ဘုရား၏ မိဖုရား အမိန့်ထုတ်ပြန်သည်မှစတင်၍  ပိတောက်ချောင်ကထိန် သည်လည်း ထင်ရှားကျော်ကြားလာလေသည်။

ပဒုံမင်းလက်ထက် ၁၁၄၅ခုနှစ် အမရပူရဓာတ်ကြငှန်းစိုက်စာရင်း အမိန့်တော် ပြန်တမ်းတစ်ခုတွင် တောင်ဘက်နယ်သတ်အရပ်ကို " ပလိပ်ရွာကုန် ဗောဓိသတ်ဘုရား ငါးရံ့ချောင်း တိန်ညင်တောအပိုင်းအခြား " ဟု ဖေါ်ပြထားသည်။

သက္ကရာဇ် ၁၁၆၄ ခုနှစ် ပြာသိုလဆန်း၁၅ရက် နေ့စွဲပါ မက္ခရာ တံဆိပ်တော်ရ ကြေတိုင်သူကြီး ငခွေး နှင့် မြို့စာရေးငပု တို့  ထွက်ဆိုချက်ပါ စစ်တမ်းသည် ရှေးအကျဆုံးနှင့် တိကျ ခိုင်မာသည့် စစ်တမ်းတစ်ရပ်ဖြစ်သည်။ ထိုစစ်တမ်းမှာ ဗဒုံမင်းလက်ထက်က မက္ခရာနယ်မြေဖြစ်လေသည်။

ပလိပ်သည် လယ်တွင်းကိုးခရိုင် နယ်သတ်အရပ်လည်းဖြစ်သည်။ လယ်တွင်း၉ ခရိုင် ထင်ရှားကြော်ကြားသည့် ဈေးများတွင်လည်း ပလိပ်ဈေးသည် အပါအဝင်ဖြစ်သည်။

မန္တလေးရတနာပုံခေတ် မင်းတုန်းမင်းလက်ထက်က ဒုဌာဝတီမြစ်၏ အနောက်ဘက်ကမ်းစပ်တွင် ကျောက်တိုင်များစိုက်ထူ၍ မက္ခရာ နှင့်မန္တလေးရတနာပုံရွှေမြို့တော်နယ်မှတ်ရပ်အဖြစ် အခိုင်အမာ ခွဲခြားထားခဲ့လေသည်။        နိုင်ငံတော်အတွင်း မြို့ရွာများအနက် ၁၁၈၉ခုနှစ်။ ၁၂၁၂ခုနှစ်အတွင်း သင်းဘွဲ့မြို့ရွှာများက ဆက်သွင်းသည့် သင်းထမ်းမြို့သင်းဘွဲ့ရာပါ သွောံကြီး အကြပ်အမှုထမ်းရွှေတိုက်စာရင်းတွင်တောင်ဘက်ကိုးခရိုင် ပလိပ်ရွာနှင့် တဘက်ဆွဲရွာတို့သည်လည်း အပါအဝင်ဖြစ်ခဲ့သည်။

ရှေးဟောင်းယဉ်ကျေးမှုပြင်ဆင်

ယခုအခါ ပလိပ်ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ရတနာပုံခေတ် အဆောက်အဦးများကိုအများဆုံးတွေ့မြင်လေ့လာနိုင်သည်။ ယဉ်ကျေးမှု အမွေအနှစ်များတည်ရှိနေသည့် ပလိပ်နယ်မြေအား နိုင်ငံတော်အစိုးရမှ ရှေးဟောင်းယဉ်ကျေးမှု ဇုန်အဖြစ် ထိမ်းသိမ်းထားလျက် ရှိသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိမ်းသိန်းရေး ဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အစိုးရအဖွဲ့၏ သဘောတူညီချက်အရ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပလိပ်ဒေသရှိ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန်။ ရှေးဟောင်းနေရာတည်ရှိရာဇုန် ။ ကာကွယ်ထိန်းသိမ်းထားသောဇုန်များကို ၂၀၀၈ ခု။ ဩဂုတ်လ ၂၅ရက်နေ့တွင် အမိန့်ကြေငြာစာအမှတ် ၁၁/ ၂၀၀၈ ဖြင့် အောက်ဖေါ်ပြပါ အတိုင်း သတ်မှတ်ထားရှိခဲ့သည်။

ရှေးဟောင်းအထိမ်းအမှတ် တည်ရှိရာဇုန်ပြင်ဆင်

  • ရှေးဟောင်းအထိမ်းအမှတ် တည်ရှိရာဇုန်အဖြစ် ရတနာလာဘမုနိ ဆုတောင်းပြည့် မြွေဘုရာကုန်းမြေပေါ်ရှိ ရှေးဟောင်းအမှတ် ၁မှ ၂၇အထိ အစုလိုက်ရှိသောဘုရားများ၏ အုတ်တံတိုင်းအပြင်ဘက် ၂၅ပေအကွာအထိ ။
  • ဗန်မော်ကျောင်းတိုက်ဘုရား အုတ်တံတိုင်းမှ အပြင်ဘက် ၂၅ပေအကွာအထိ ကြိတ်ကုန်းကျောင်း၏ ဧရိယာအတွင်းရှိ  ရှေးဟောင်းဘုရားအမှတ် ၁၃၃မှ ရှေးဟောင်းဘုရားအမှတ် ၁၅၈ အထိ အစုလိုက်ရှိသော ဘုရားများ၏ အုတ်တံတိုင်းအပြင်ဘက်မှ ၂၅ပေအကွာအထိ
  • ပါဋလိကျောင်း၏ ဧရိယာအတွင်းရှိ ရှေးဟောင်းဘုရားအမှတ် ၁၅၉ မှ ၁၆၅အထိ ဗောဓိကျောင်း၏ ဧရိယာအတွင်းရှိ ရှေးဟောင်းဘုရားအမှတ်၁၆၆မှ ၂၁၀အထိ အစုလိုက်ရှိသော ဘုရားများ၏ အုတ်တံတိုင်းပြင်ဘက်မှ ၂၅ပေအကွာအထိ။
  • လေးထပ်ကျောင်း၏ ဧရိယာအတွင်းရှိ  ရှေးဟောင်းဘုရားအမှတ် ၂၁၁ မှ ရှေးဟောင်းဘုရားအမှတ်၂၃၉အထိ အစုလိုက်ရှိသောဘုရားများ၏ အုတ်တံတိုင်းမှ အပြင်ဘက် ၂၅ပေအကွာအထိ ။
  • နောက်တော်ပါ ကျောင်း၏ ဧရိယာအတွင်းရှိ ဘုရားအမှတ် ၂၄၀မှ ၂၆၁ အုတ်တံတိုင်းအပြသ်ဘက်မှ ၂၅ပေအကွာဖြစ်သည်။

ရှေးဟောင်းနေရာတည်ရှိရာဇုန်ပြင်ဆင်

ရှေးဟောင်းတည်ရှိရာဇုန်အဖြစ် အရှေ့လားသော် ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရားကုန်းမြေမှ ကြိတ်ကုန်းကျောင်းရှိ အတန်းလိုက်ဖြစ်သော ဘုရားစုများမှ ပေ၃၀အကွာအထိ။ အနောက်လားသော် မြောက်မြေရပ် ချမ်းသာကြီးဘုရားစုများမှ နောက်တော်ပါရပ် ရတနာမဉ္ဇူစေတီဘုရားစေတီစုအထိ အစုလိုက်ရှိသော ဘုရားများမှပေ၃၀ အကွာ။ တောင်ဘက်သို့လားသော် ဗောဓိကျောင်းနှင့် လေးထပ်ကျောင်းအထိ အတန်းလိုက်ရှိသော ဘုရားစုများ အုတ်တံတိုင်းမှ ပေ၃၀အကွာအထိ မြောက်လားသော် မြွေဘုရားကုန်းမြေနှင့်မြောက်မြေရပ်ရှိ ချမ်းသာကြီးဘုရားအထိ အစုလိုက်ရှိသော ဘုရားများမှ ပေ၃၀အကွာထိ ဧရိယာမြေကို သတ်မှတ်ထားသည်။

ကာကွယ်ထိန်းသိမ်းရေးဇုန်ပြင်ဆင်

ကာကွယ်ထိန်းသိမ်းရေးဇုန်အဖြစ် အရှေ့ဘက်လားသော် ဒုဋ္ဌဝတီမြစ်တံတားကွေ့မှ အင်းလျားကန်သာအေးကျေးရွာနှင့် ဒုဋ္ဌဝတီ အနေယက်ဘက်ကမ်းတလျောက် ။ ယင်းမှ ရွာဟောင်းကုန်းကျေးရွာအထိ တောင်ဘက်သို့လားသော် ရန်ကုန် မန္တလေးကားလမ်းဝဲယာနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်သွားလမ်းဆုံ။ယင်းမှ အနောက်ဘက်သို့ပန်းလောင်မြစ်အရှေ့ဘက်ကမ်းနှင့် မြစ်ကူးတံတားအဆုံးအထိ မြောက်ဘက်လားသော မြောက်ကိုင်းကျေးရွာနှင့် ယင်းမှ ဒုဌာဝတီ မြစ်တောင်ဘက်ကမ်းတလျှောက်ထောင့်ချိုးကွေးအရှေ့ဘက်ကမ်းတလျှောက် အစနှင့်အဆုံးအထိ။  အနောက်ဘက်သို့လားသော် ဒုဋ္ဌဝတီမြစ် ထောင့်ချိုးကွေ့ အရှေ့ဘက်ကမ်းတလျှောက်  စိတ္တရရွာမှ ဒုဋ္ဌဝတီမြစ်အရှေ့ဘက်ကမ်းတလျှောက် ရှိပလိပ်ကျေးရွာ တဘက်ဆွဲကျေးရွာယင်းမှ ပန်းလောင်မြစ်အနောက်ဘက်ကမ်းတလျှောက်နှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်သွားလမ်းဆုံအထိဟူ၍ ဇုန်သုံးမျိုးဖြင့် ပိုင်းခြားသတ်မှတ်ကာ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ထားရှိသည်။

ထင်ရှားသော စေတီပုထိုးများပြင်ဆင်

  1. ရတနာလာဘမုနိ ဆုတောင်းပြည့် ပလိပ်မြွေဘုရား
  2. ဗန်းမော်ကျောင်းတိုက်(ပလိပ်)
  3. ဗုံတီးဘုရား

ကိုးကားပြင်ဆင်

  1. မန္တလေးနေ့စဉ်သတင်းစာ၊ (၂၉.၁၂.၂၀၁၇) စာ-၁၈
  2. ဦးထွန်းရီ (ရှေးဟောင်းသုတေသီတစ်ဦး). ပြည်သူ့ကြေးမုံ နန်းမူရိပ်မြုံ စစ်တမ်းစာရင်း နှင့် မင်းခမ်းစာတမ်း ( နိဒါန်းကျမ်း) 
  3.  အောင်ငြိမ်းချမ်း(မန်း). အမရပူရကြငှန်း 
  4. ဒေါ်ခင်ဆွေဦး( ဦးစီးအရာရှိ ). ရှေး/သု၏ကွင်းဆင်းမှတ်တမ်းများ 
  5. မကြည်ကြည်နိုင်၏ ဘွဲ့ယူကျမ်းငယ်
  6. သူရဇ္ဇ. အတွဲ ၁၈ အမှတ် ၁၁. November 2018: ၁၀၇. 

၂၀၁၈ခုနှစ် နိဝင်္ဘာလထုတ် သူရဇ္ဇမဂ္ဂဇင်း စာ၁၀၇