ပါဏာတိပါတ အင်္ဂါ ၅-ပါး ပြင်ဆင်ရန်

သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်း အင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။

(၁) ပါဏ- သက်ရှိသတ္တဝါဖြစ်ခြင်း၊

(၂) ပါဏသညိတ- သက်ရှိသတ္တဝါဟု မှတ်သိခြင်း၊

(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊

(၄) ဥပက္ကမ- လုံ့လဥပခြင်း၊

(၅) မရဏ- ထိုလုံ့လကြောင့် သေခြင်း။

ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး ပြင်ဆင်ရန်

ပါဏာတိပါတကံ ဖြစ်နိုင်ခြင်း၏ အကြောင်းတရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ —

(၁) ဥဒိဿ ပယောဂ-သတ္တဝါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊

(၂) အနုဒ္ဒိဿ ပယောဂ-သတ္တဝါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊

(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊

(၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊

(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တဝါကို မြှား၊ လှံ၊ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊

(၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း၊ ဆေးဝါး အစီအရင်ထားခြင်းç စသည့် အရာမျိုး၊

(၇) ဝိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်ပြုခြင်း၊

(၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တဝါတို့ကို သေစေခြင်း။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး ပြင်ဆင်ရန်

ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာဘာသာ သက်သက်ဖြင့် ပြလိုက်၏။

  • (၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
  • (၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
  • (၃) နုံနှေးလေးဖင့်ခြင်း၊
  • (၄) ခြေ၊ လက်၊ ဖဝါး မညီခြင်း၊
  • (၅) မလှပ မတင့်တယ်ခြင်း၊
  • (၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
  • (၇) အသားအရေ ကြမ်းတမ်းခြင်း၊
  • (၈) ကြောက်ရွံ့တတ်ခြင်း၊
  • (၉) ခွန်အားဗလ မရှိခြင်း၊
  • (၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
  • (၁၁) ချစ်ခင်သူ မရှိခြင်း၊
  • (၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
  • (၁၃) ထိတ်လန့်တတ်ခြင်း၊
  • (၁၄) လက်နက်၊ အဆိပ်ဘေး သင့်တတ်ခြင်း၊
  • (၁၅) သူများ ပယောဂကြောင့် သေရခြင်း၊
  • (၁၆) တွေဝေမိုက်မဲခြင်း၊
  • (၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
  • (၁၈) ရွံ့စရာကောင်းသော ရုပ်အဆင်းရှိခြင်း၊
  • (၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
  • (၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
  • (၂၁) ဘေးရန် များခြင်း၊
  • (၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
  • (၂၃) အသက်တိုခြင်း။

သူတစ်ပါးအသက်ကို သတ်ဖြတ်သောသူသည် သေလွန်သောအခါ အပါယ်လေးဘုံသို့ ကျရောက်ပြီး ဒုက္ခများ ခံစားရသည်။ ထို့ပြင် ရှေးကုသိုလ်ကံကြောင့် အပါယ်ဘုံမှလွတ်မြောက်ကာ လူ့ဘဝကို ရရှိခဲ့ပါကလည်း အောက်ပါဆိုးကျိုးများကို ခံစားရနိုင်သည်။

  • (၁) အသက်တိုခြင်း၊
  • (၂) အနာရောဂါများကာ ကျန်းမာမှုအားနည်းခြင်း၊
  • (၃) အားအင်မရှိခြင်း၊
  • (၄) ကြောက်ရွံ့တတ်ခြင်း၊
  • (၅) စိုးရိမ်ပူပန်စိတ်များခြင်း၊
  • (၆) သူတစ်ပါး၏ နှိပ်စက်မှုကို ခံရခြင်း၊
  • (၇) သူတစ်ပါးသတ်၍ သော်လည်းကောင်း၊ မိမိကိုယ်တိုင် ပြန်၍ သတ်၍သော်လည်းကောင်း သေရခြင်း၊
  • (၈) ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊
  • (၉) ခန္ဓာကိုယ် ပြေပြစ်မှု မရှိခြင်း၊
  • (၁၀) မိမိချစ်ခင်နှစ်သက်သော သူများနှင့် ကွေကွင်းရခြင်း။

စောင့်ထိန်းရကျိုး ပြင်ဆင်ရန်

ပါဏာတိပါတကံ မကျူးလွန်အောင် စောင့်ထိန်းသော သူသည် သုဂတိဘုံသို့ လားရသည်။ အထက်တွင် ဖော်ပြခဲ့သည့် ဆိုးကျိုး (၁၀) မျိုးတို့၏ ဆန့်ကျင်ဘက်ဖြစ်သော ချမ်းသာသုခတို့ကို ခံစားရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. သီလတောင်းနည်းအမျိုးမျိုး နှင့် ကောင်းကျိုးဆိုးကျိုးများ