ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့သော တရားတော်များကိုလည်းကောင်း, ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်နှင့် ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးမှ ထိုထိုသာဝကတို့ဟောသည့် တရားများကိုလည်းကောင်း, ပါဠိတော်ဟူ၍ ခေါ်ရပေသည်၊ ၎င်းပါဠိတော်များကား ဆဋ္ဌသင်္ဂါယနာတင်မူအရ စာအုပ်ရေ-၄၀ ရှိလေသည်။ ထိုအုပ်ရေ ၄၀-ရှိသော ပါဠိတော်သည်—

  • ရသအားဖြင့် ၁-မျိုး
  • ဓမ္မဝိနယအားဖြင့် ၂-မျိုး
  • ဝစနအားဖြင့် ၃-မျိုး
  • ထို့အတူ ပိဋကအားဖြင့် ၃-မျိုး
  • နိကာယ်အားဖြင့် ၅-မျိုး
  • အင်္ဂါအားဖြင့် ၉-မျိုး
  • ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀-ရှိလေသည်။ [၁]

ရသအားဖြင့် ၁-မျိုး

ပြင်ဆင်ရန်

၎င်းတို့တွင် ရသအားဖြင့် ၁-မျိုးဟူသည်မှာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်တော်မူ၍ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူသည်မှ အစပြုလျက် ပရိနိဗ္ဗာန်စံဝင်တော်မူသည့်တိုင်အောင် ၄၅-ဝါပတ်လုံး နတ်လူဗြဟ္မာ သတ္တဝါတို့အား ဟောညွှန်ပြသ ဆုံးမတော်မူသော တရားတော် ဟူသမျှသည် ဝိမုတ္တိရသ တစ်မျိုးတည်းသာဖြစ်ပေသည်။ ဆိုလိုသည်မှာ ဘုရားရှင်ဟောတော်မူခဲ့သမျှ တရားတော်တို့သည် ကိလေသာတို့မှလွတ်သော အရဟတ္တဖိုလ်ချမ်းသာကို ရွက်ဆောင်ခြင်းအားဖြင့် သို့မဟုတ် ကိလေသာတို့မှလွတ်သော မဂ်ဖိုလ်ဟူသောအကျိုးကို ရွက်ဆောင်ခြင်းအားဖြင့် သို့မဟုတ် ကိလေသာတို့မှလွတ်သော မဂ်ဖိုလ်ကို ဖြစ်စေပြီးစေခြင်းကိစ္စအားဖြင့် ရေတွက်လျှင် ဝိမုတ္တိရသ တစ်မျိုးတည်းသာဖြစ်သည်ဟု ဆိုလိုပေသည်[၂][၁]

ဓမ္မဝိနယအားဖြင့် ၂-မျိုး

ပြင်ဆင်ရန်

ယင်းတစ်မျိုးတည်းကိုပင် ဓမ္မဝိနယအားဖြင့် တဖန်ခွဲသော် ၂-မျိုး ဖြစ်ပြန်သည်။ ဘုရားရှင်၏ စကားတော်အားလုံးသည်ပင် ကိလေသာတို့ကို ပယ်ဖျောက်တတ်သောကြောင့် ဝိနယလည်း မည်သည်၊ ဆုံးမသည့်အတိုင်း ကျင့်ကြံလိုက်နာသူတို့ကို အပါယ်စသော ဘေးဒုက္ခတို့သို့ မကျအောင် ဆောင်ထားတတ်သောကြောင့် ဓမ္မလည်းမည်တော့သည်၊ သို့ မည်သော်လည်း ဤဓမ္မဝိနယအခွဲ၌ကား ဝတ္တိစ္ဆာအားဖြင့် ဝိနည်းပိဋကကို ဝိနယဟုခေါ်၍ ဝိနည်းမှကြွင်းသမျှ ဘုရားစကားတော်တို့ကို ဓမ္မဟုခေါ်ရပေသည်။ တနည်းလည်း ဝိနည်းသည် ပရိယတ်ပင်ဖြစ်၍ ဓမ္မမည်သည်ပင်ဖြစ်၏၊ သို့သော်လည်း ဓမ္မဝိနယဟု ယှဉ်တွဲ၍ သုံးစွဲသောအခါ “ယှဉ်ဖက်၏အနက်ကို ချန်၍ယူရသောနည်း”ဖြင့် ဓမ္မအရ ဝိနည်းမဟုတ်သော ဘုရားစကားတော်ကိုသာ ယူ၍ ဝိနယအရ ဝိနည်းတရားတော်ကို ယူရပေသည်[၃][၁]

ဝစနအားဖြင့် ၃-မျိုး

ပြင်ဆင်ရန်

တဖန် ဝစနအားဖြင့် ခွဲဝေသော် ပထမဗုဒ္ဓဝစန, မဇ္ဈိမဗုဒ္ဓဝစန, ပစ္ဆိမဗုဒ္ဓဝစန-ဟူ၍ ၃-မျိုးဖြစ်ပြီးလျှင်[၄] [၁]

ပိဋကအားဖြင့် ၃-မျိုး

ပြင်ဆင်ရန်

ပိဋကအားဖြင့် ခွဲဝေသော် ဝိနည်းပိဋက, သုတ္တန်ပိဋက, အဘိဓမ္မာပိဋက-ဟု ၃-မျိုးဖြစ် ပြန်သည်။

ထို ၃-မျိုးတို့တွင် ဝိနည်းပိဋက၌—

  1. မဟာဝိဘင်္ဂ
  2. ဘိက္ခုနီဝိဘင်္ဂ
  3. ခန္ဓက
  4. ပရိဝါရ

ဟု အပိုင်း ၄-ပိုင်းရှိသည်။

ထိုတွင် မဟာဝိဘင်္ဂနှင့် ဘိက္ခုနီဝိဘင်္ဂတို့သည် (ပုံနှိပ်ပြီး ဆဋ္ဌသင်္ဂါယနာမူ၌) ပါရာဇိကပါဠိတော်နှင့် ပါစိတ္တိယပါဠိတော်တို့ ဖြစ်၍ ခန္ဓကသည် မဟာဝဂ္ဂပါဠိတော်နှင့် စူဠဝဂ္ဂပါဠိတော်တို့ပင် ဖြစ်ပေသည်။ [၅]

သို့ဖြစ်လေရာ ဝိနည်းပိဋက၌—

  1. ပါရာဇိကပါဠိ
  2. ပါစိတ္တိယပါဠိ
  3. မဟာဝဂ္ဂပါဠိ
  4. စူဠဝဂ္ဂပါဠိ
  5. ပရိဝါရပါဠိ

ဟုကျမ်းအားဖြင့် ၅-ကျမ်းဖြစ်လေသည်။

ဤ ၅-ကျမ်းကိုပင် ဝိနည်း ၅-ကျမ်းဟု ခေါ်လေသည်။

သုတ္တန်ပိဋကသည်ကား —

  1. ဒီဃနိကာယ်
  2. မဇ္ဈိမနိကာယ်
  3. သံယုတ္တနိကာယ်
  4. အင်္ဂုတ္တရနိကာယ်[၆]
  5. ခုဒ္ဒကနိကာယ်

ဟု ၅-မျိုးရှိလေသည်။

ထိုတွင် ဒီဃနိကာယ်၌ —

  1. သီလက္ခန္ဓဝဂ္ဂ
  2. မဟာဝဂ္ဂ
  3. ပါထိကဝဂ္ဂ ဟု ၃-ကျမ်း

မဇ္ဈိမနိကာယ်၌ —

  1. မူလပဏ္ဏာသ
  2. မဇ္ဈိမပဏ္ဏာသ
  3. ဥပရိပဏ္ဏာသ ဟု ၃-ကျမ်း

သံယုတ္တနိကာယ်၌—

  1. သဂါထာဝဂ္ဂသံယုတ်
  2. နိဒါနဝဂ္ဂသံယုတ်
  3. ခန္ဓဝဂ္ဂသံယုတ်
  4. သဠာယတနဝဂ္ဂသံယုတ်
  5. မဟာဝဂ္ဂသံယုတ် ဟု ၅-ကျမ်း,

အင်္ဂုတ္တရနိကာယ်၌—

  1. ဧကကနိပါတ
  2. ဒုကနိပါတ
  3. တိကနိပါတ
  4. စတုက္ကနိပါတ
  5. ပဉ္စကနိပါတ
  6. ဆက္ကနိပါတ
  7. သတ္တကနိပါတ
  8. အဋ္ဌကနိပါတ
  9. နဝကနိပါတ
  10. ဒသကနိပါတ
  11. ဧကာဒသကနိပါတ

ဟု ၁၁-ကျမ်း,

ခုဒ္ဒကနိကာယ်၌—

  1. ခုဒ္ဒကပါဌ
  2. ဓမ္မပဒ
  3. ဥဒါန်း
  4. ဣတိဝုတ်
  5. သုတ္တနိပါတ်
  6. ဝိမာနဝတ္ထု
  7. ပေတဝတ္ထု
  8. ထေရဂါထာ
  9. ထေရီဂါထာ
  10. ဇာတ်
  11. နိဒ္ဒေသ
  12. ပဋိသမ္ဘိဒါ
  13. အပဒါန်
  14. ဗုဒ္ဓဝံသ
  15. စရိယာပိဋက

ဟု ၁၅-ကျမ်း အသီးအသီးရှိလေသည်။ [၇]

အဘိဓမ္မာပိဋက၌ကား—

ဟု ၇ ကျမ်း ရှိလေသည်။

ယင်း ပိဋကတ် ၃-ပုံကိုပင် နိကာယ်အားဖြင့် ရေတွက်သောအခါ သုတ္တန်ပိဋကသည် ဆိုခဲ့ပြီး နိကာယ် ၅-ရပ်၌ အကျုံးဝင်၍ ဝိနည်းပိဋကနှင့် အဘိဓမ္မာပိဋကတို့သည် ခုဒ္ဒကနိကာယ်၌ အကျုံး ဝင်ကြသည်။ [၈][၁]

အင်္ဂါအားဖြင့် ၉-မျိုး

ပြင်ဆင်ရန်

နိကာယ် ၅-ရပ်, ပိဋကတ် ၃-ပုံ ဟူသော ပါဠိတော်ကိုပင် အင်္ဂါအားဖြင့် ရေတွက်သော် —

  1. သုတ်
  2. ဂေယျ
  3. ဝေယျာကရိုဏ်း
  4. ဂါထာ
  5. ဥဒါန်း
  6. ဣတိဝုတ်
  7. ဇာတ်
  8. အဗ္ဗုတဓမ္မ
  9. ဝေဒလ္လ

ဟု ၉-တန် ဖြစ်ပြန်သည်။ [၉][၁]

ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀

ပြင်ဆင်ရန်

ဓမ္မက္ခန္ဓာအားဖြင့်သော်ကား—

ဒွါသီတိံ ဗုဒ္ဓတော ဂဏှိံ၊ ဒွေ သဟဿာနိ ဘိက္ခုတော။

စတုရာသီတိ သဟဿာနိ၊ ယေ မေ ဓမ္မာ ပဝတ္တိနော—[၁၀]

ဟူသော အာနန္ဒထေရဂါထာနှင့်အညီ ရှစ်သောင်းလေးထောင် မြားမြောင်ကျယ်ဝန်းလှပေသည်။[၁၁]

ဤသို့လျှင် သာမုက္ကံသိက ဟူသော ဗုဒ္ဓဝစနကိုပင် ရသအားဖြင့် ၁-မျိုး, ဓမ္မဝိနယအားဖြင့် ၂-မျိုး, ဝစနအားဖြင့် ၃-မျိုး, ထို့အတူ ပိဋကအားဖြင့် ၃-မျိုး, နိကာယ်အားဖြင့် ၅-မျိုး, ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀-ဟူ၍ ပထမသင်္ဂါယနာတင်ပွဲ၌ အရှင်မဟာကဿပ အမှူးရှိသော ငါးရာသော ရဟန္တာထေရ်အရှင်တို့ အသီးအသီး ပိုင်းခြား သတ်မှတ်၍ သင်္ဂါယနာတင်တော်မူခဲ့ကြခြင်း ဖြစ်ပေသည်။

သို့ရာတွင် ပိဋကတ်တော်၌ ပထမသင်္ဂါယနာတင်ပွဲ၏ နောက်မှ ထည့်သွင်းထားသော စကား ရပ်များ, သုတ်များ, ကျမ်းဂန်များကို အတော်များများပင် တွေ့ရပေသည်။[၁၂] ဝိနည်း စူဠဝဂ္ဂပါဠိတော်၌ လာသော ပထမသင်္ဂါယနာတင်အကြောင်းကို ပြသည့် ပဉ္စသတိကက္ခန္ဓကနှင့် ဒုတိယသင်္ဂါယနာတင်အကြောင်းကို ပြသော သတ္တသတိကက္ခန္ဓကတို့သည် ပထမသင်္ဂါယနာတင်စဉ်က မပါဝင်နိုင်ခဲ့ကြပေ၊ နောင် ဒုတိယ, တတိယ သင်္ဂါယနာတင်သောအခါတို့ကျမှသာ သင်္ဂါယနာတင် မထေရ်တို့က ထည့်သွင်းထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ [၁]

သာဝကတို့ ဟောသောသုတ်များ

ပြင်ဆင်ရန်

မှန်ပေသည်၊ သင်္ဂါယနာတင် မထေရ်အဆက်ဆက်တို့သည် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက်၌ ထိုထိုသာဝကတို့ ဟောသောသုတ်များကိုလည်း ဘုရားရှင်ပေးတော်မူအပ်သောနည်း၌ တည်လျက် ဟောအပ်သည်ဖြစ်၍ ဘုရားစကားတော်ပင် မည်သောကြောင့် ပါဠိတော်၌ ထည့်သွင်း၍ သင်္ဂါယနာတင်ရိုး ပြုတော်မူကြသည်ကို ထိုထိုကျမ်းဂန်တို့တွင် တွေ့ရှိနိုင်ပေသည်။

သီလက္ခန်ပါဠိတော်လာ သုဘသုတ်,[၁၃] သုတ်မဟာဝါပါဠိတော်လာ ပါယာသိရာဇညသုတ် ဥပရိပဏ္ဏာသပါဠိတော်လာ ဂေါပကမောဂ္ဂလ္လာနသုတ်တို့သည် ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီး မကြာမီ အရှင်အာနန္ဒာစသော သာဝကကြီးတို့ ဟောသောသုတ်များ ဖြစ်ပေသည်၊ ထို့အတူပင် ထိုဝိမာနဝတ္ထုပါဠိတော်လာ မလ္လိကာဝိမာန, ဝိသာလက္ခံဝိမာန, ပီတဝိမာန, စူဠရထဝိမာန, ဥတ္တရ-(ပါယာသိ)ဝိမာနဝတ္ထုတို့သည်လည်း ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက်မှ ဖြစ်ပေါ်ခဲ့ကြ၍ ပထမ သင်္ဂါယနာတင်စဉ်အခါ၌ သင်္ဂါယနာတင်မထေရ်တို့ ထည့်သွင်းခဲ့သော ပါဠိများပင် ဖြစ်ပေသည်။

မည်သည့်အချိန်မှာဟောသည်ဟု အတိအကျပြဆိုချက် မပါသော်လည်း ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး အတော်ကြာမှ ဟောသည်ဟု ယူဆနိုင်သောသုတ်တို့လည်း ရှိပေသေးသည်။ ၎င်းတို့ကား မဇ္ဈိမပဏ္ဏာသပါဠိတော်လာ မဓုရသုတ်နှင့် ဃောဋမုခသုတ်တို့ဖြစ်ပေသည်။ ယင်းသုတ်တို့တွင် သုဘသုတ်, ဂေါပကမောဂ္ဂလ္လာနသုတ်တို့မှာကဲ့သို့ “အစိရပရိနိဗ္ဗုတေ ဘဂဝတိ”ဟု မပါသည်ကို ထောက်လျှင် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး အတော်ကြာမှ ဟောသောသုတ်များဟု မှတ်ယူရပေမည်။ သို့မှတ်ယူလျှင် ယင်းသုတ်များသည် ပထမသင်္ဂါယနာတင်စဉ်က မပါဝင်ပဲ ဒုတိယသင်္ဂါယနာတင် စသည်တို့မှာသာ ထည့်သွင်း သင်္ဂါယနာတင်ခဲ့သော သုတ်များဟု မှတ်ယူနိုင်ပေတော့သည်။

ပထမသင်္ဂါယနာတွင် ဧကန်မပါဟုဆိုနိုင်သော သုတ်တသုတ်ကိုလည်း တွေ့ရသေး၏၊ ထိုသုတ် ဥပရိပဏ္ဏာသပါဠိတော်လာ ဗာကုလသုတ်ပင် ဖြစ်ပေသည်။ ဗာကုလမထေရ်သည် လူ့ ဘောင်၌ အသက်-၈၀, ရဟန်းဘောင်၌ ဝါတော်-၈ဝ, ဤသို့အားဖြင့် အသက်-၁၆၀ ရှည်တော်မူသည်၊[၁၄] အသက်-၈ဝ ပြည့်သည့်နှစ်၌ ရဟန်းပြု၍ ၈-ရက်မြောက်နေ့၌ ရဟန္တာအဖြစ်သို့ ရောက်သည်၊ ယင်းသို့ ဖြစ်ခြင်းကား ဓမ္မစကြာတရားဟောအပြီး အစဉ်သဖြင့် ဒေသစာရီ ကြွချီတော်မူရာ ကောသမ္ဗီပြည်[၁၅]သို့ ဆိုက်ရောက်တော်မူသော ဘုရားရှင်ထံ ဆည်းကပ်၍ တရားတော်ကိုနာရသောကြောင့် ဖြစ်သည်၊[၁၆] ရဟန်းဘောင်တွင် ဝါတော်-၈ဝ သီတင်းသုံး၍ လူ့ဘောင်က ရောင်းရင်းဖက် (မိတ်ဆွေ) ဖြစ်ခဲ့သော အစေလကဿပခေါ် တက္ကတွန်းရဟန်းကို တရားဟောချေချွတ်ပြီးနောက်မှ ပရိနိဗ္ဗာန် ပြုသည်၊[၁၇] ဤဆိုခဲ့သည့် အကြောင်းခြင်းရာကို ထောက်ဆသော် အရှင်ဗာကုလ၏ ရဟန်းဖြစ်ရာကာလကို အစောဆုံးအားဖြင့် ဘုရားရှင် ဘုရားအဖြစ် ရောက်တော်မူသည့်နှစ်မှာ ထားဘိဦး ဘုရားရှင်သည် ဝါတော် ၄၅-၌ ပရိနိဗ္ဗာန်စံတော်မူရာ အရှင်ဗာကုလ၏ ပရိနိဗ္ဗာန်ပြုသည့်နှစ်မှာ ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ၃၅-နှစ် သို့မဟုတ် ၃၆-နှစ် ဖြစ်ပေမည်။ ထိုအခါမှ ဖြစ်ပေါ် ခဲ့သော အဖြစ်အပျက်ကို မှတ်တမ်းတင်ထားသည့် ဤဗာကုလသုတ်သည် ပထမသင်္ဂါယနာတင်တွင် မပါဝင်နိုင်သည်မှာ အလွန်ပင် ထင်ရှားနေပေပြီ။ သို့ဖြစ်ရကား ဤဗာကုလသုတ်ကို ဒုတိယသင်္ဂါယနာတင်မှာမှ ထည့်သွင်း၍ သင်္ဂါယနာတင်ခဲ့သည်ဟု မှတ်ယူရပေမည်။

ထို့အတူပင် ပေတဝတ္ထုပါဠိတော်လာ ဥတ္တရမာတုပေတိဝတ္ထုသည်လည်း ပထမသင်္ဂါယနာတင်ပြီးနောက်မှ ဖြစ်ပေါ်သောအဖြစ်အပျက်ကို ပြဆိုထားသော ဝတ္ထုပင်ဖြစ်ပေသည်။ ၎င်းဝတ္ထုကို ဒုတိယ သင်္ဂါယနာတင်ကျမှ ထည့်သွင်းကြောင်းကို ပေတဝတ္ထုအဋ္ဌကထာ[၁၈]၌ ထင်ရှားစွာပင် ပြဆိုလျက် ရှိလေသည်။

ဒုတိယသင်္ဂါယနာတင်ပြီးနောက်မှ ဖြစ်ပေါ်လာသော အဖြစ်အပျက်ကိုလည်း ပေတဝတ္ထု-ပါဠိတော်တွင် တွေ့ရသေးသည်၊ ယင်းကား နန္ဒကပေတဝတ္ထုပင် ဖြစ်သည်။ ၎င်းအဖြစ်အပျက်သည် ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် အနှစ်၂၀၀-ကျော် အသောကမင်းလက်ထက်၌ ဖြစ်ခဲ့ပေရာ တတိယသင်္ဂါယနာမတင်မီဖြစ်၍ ဤဝတ္ထုကို တတိယသင်္ဂါယနာတွင် ထည့်သွင်းခဲ့ကြောင်း၎င်း အဋ္ဌကထာ အရ သိရပေသည်။ [၁၉]

အထက်ပါ အဖြစ်အပျက်မျိုး ဝါ- အကြောင်းခြင်းရာမျိုးနှင့် မရှေးမနှောင်းဖြစ်သော အဖြစ် အပျက်တစ်ခုကိုလည်း ထေရဂါထာတွင် တွေ့ရပြန်သည်။ ယင်းကား အခြားမဟုတ် အသောက မင်းကြီး၏ ညီတော် တိဿမင်းသားအကြောင်းပင် ဖြစ်သည်။ ၎င်းထေရဂါထာအဖွင့်၌ တိဿမင်းသား ရဟန်းပြုကြောင်း သို့ရဟန်းပြုပြီးနောက် ပဋိပတ်အားထုတ်ကြောင်းနှင့် ပရိနိဗ္ဗာန် စံကြောင်းအထိ ပြဆိုထားသည်ကို တွေ့ရပေသည်၊[၂၀] ယင်းသို့ဖြစ်ရကား ညီတော်တိဿမထေရ်၏ အကြောင်းကို ပြဆိုသော ဂါထာများသည် ပဌမ, ဒုတိယ သင်္ဂါယနာတင်တို့တွင် မပါဝင်ခဲ့ပဲ တတိယ-သင်္ဂါယနာတင်မှဖြစ်စေ, ထိုနောက်မှဖြစ်စေ ထည့်သွင်းထားသော ဂါထာများဖြစ်ကြောင်း ထင်ရှားပေသည်။ [၁]

ကထာဝတ္ထုကျမ်း

ပြင်ဆင်ရန်

ကထာဝတ္ထုကျမ်းသည်လည်း ပထမသင်္ဂါယနာတင် အဘိဓမ္မာကျမ်းများစာရင်းတွင် ပါဝင်သော်လည်း အဋ္ဌကထာများအဆိုအရ၊[၂၁] ထိုစဉ်က မာတိကာအကျဉ်းမျှသာ ရှိခဲ့သည်၊ နောင်အခါ အသောကမင်းတရားလက်ထက် တတိယသင်္ဂါယနာတင်ခါနီးအခါမှာမှ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟောခဲ့သောကျမ်း ဖြစ်လေသည်။

ဤကား အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာတို့၌ ဖော်ပြထားသော သင်္ဂါယနာသုံးတန် စာရင်းတွင် ပါဝင်သော ပါဠိတော်တို့၌ လေ့လာစိစစ်ချက်တည်း။

အဆိုပါ သင်္ဂါယနာသုံးတန်စာရင်းတွင် မပါဝင်သော်လည်း ပါဠိတော်စာရင်းဝင်အဖြစ် ရှေးမထေရ်အဆက်ဆက်တို့ သတ်မှတ်လက်ခံ၍ ပါဠိတော်၌ထည့်သွင်းထားသောကျမ်းများလည်း ရှိသေးသည်။ ထိုကျမ်းတို့ကား နေတ္တိ, ပေဋကောပဒေသနှင့် မိလိန္ဒပဉှာကျမ်းတို့ ဖြစ်ပေသည်။

ထို ၃-ကျမ်းတို့တွင် နေတ္တိကျမ်းနှင့်ပတ်သက်၍ နေတ္တိအဋ္ဌကထာ၌[၂၂] ဆိုလတ္တံ့သောအတိုင်း ဖြေရှင်းထားသည်ကို တွေ့ရသည်။ [၁]

ပေဋကောပဒေသကျမ်း

ပြင်ဆင်ရန်

ပေဋကောပဒေသကျမ်းမှာလည်း မဟာသာဝက အရှင်မဟာကစ္စာယနမထေရ်ပင် ဟောကြောင်း ၎င်းကျမ်း နိဂုံးစကားများက ဆိုပေသည်။[၂၃] ဤကျမ်းလည်း အဋ္ဌကထာတို့တွင် ဈာန် ခန်းအဖွင့်တို့၌ “ပေဋကေ”ဟု အကိုးပါရှိရာ[၂၄] ယင်း ပေဋက-အရ ဋီကာများဖွင့်သည့်အတိုင်း[၂၅] ပေဋကောပဒေသကို ယူရသောကြောင့် နေတ္တိကျမ်းအတူပင် အရှင်မဟာဗုဒ္ဓဃောသမတိုင်မီက ရှိခဲ့သောကျမ်းဖြစ်ကြောင်း မှတ်ယူအပ်ပေသည်။ [၁]

မိလိန္ဒပဉှာကျမ်း

ပြင်ဆင်ရန်

မိလိန္ဒပဉှာကျမ်းသည်လည်း အလွန်နောက်ကျသောခေတ်မှ ပေါ်လာသောကျမ်းဖြစ်ပေသည်။ ချဲ့ဦးအံ့-“တေ ဥဘောပိ ဒေဝေသု စ မနုဿေသု စ သံသရန္တာ ဧကံ ဗုဒ္ဓန္တရံ ခေပေသုံ၊ အထ အမှာကံ ဘဂဝတာပိ “ယထာ မောဂ္ဂလိပုတ္တတိဿတ္ထေရော ဒိဿတိ၊ ဧဝမေတေပိ ဒိဿန္တိ မမ ပရိနိဗ္ဗာနတော ပဉ္စဝဿသတေ အတိက္ကန္တေ ဧတေ ဥပ္ပဇ္ဇိဿန္တိ၊ ယံ မယာ သုခုမံ ကတွာ ဒေသိတံ ဓမ္မဝိနယံ၊ တံ ဧတေ ပဉ္စပုစ္ဆနဩပမ္မယုတ္တိဝသေန နိဇ္ဇဋံ နိဂ္ဂုမ္ဗံ ကတွာ ဝိဘဇိဿန္တိ’တိ နိဒ္ဒိဋ္ဌာ”ဟူသော မိလိန္ဒပဉှာ(၃)လာ စကားအရ အရှင်နာဂသိန်နှင့် မိလိန္ဒဘုရင်တို့သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် အနှစ် ၅၀၀-ကျော်မှ ပေါ်ခဲ့ကြသော ပုဂ္ဂိုလ်ထူးတို့ ဖြစ်ကြ၏၊ ၎င်းတို့၏ အဖြစ်အပျက်ပင် အနှစ်-၅၀၀ ကျော်လျှင် မိလိန္ဒပဉှာကျမ်းပေါ်ပေါက်ရာခေတ်မှာ ထို့ထက်ပင် နောက်ကျပေဦးမည်၊ သို့ဖြစ်၍ မိလိန္ဒပဉှာကျမ်းသည် ဝဋ္ဋဂါမဏိမင်းလက်ထက် ပိဋကတော်တို့ကို ပေထက်အက္ခရာ တင်ပြီးသည့်နောက်မှ[၂၆] ပေါ်လာသောကျမ်း ဖြစ်သည်ဟု ဧကန်မှတ်သင့်ပေသည်။

ထိုသို့ နောက်ကျသောကာလမှ ပေါ်လာသောကျမ်းဖြစ်သော်လည်း မိလိန္ဒပဉှာကျမ်းသည် ဗုဒ္ဓဝါဒဆိုင်ရာ ခဲရာခဲဆစ် အဖုအထစ်သဖွယ်ဖြစ်သော အရာဌာနတို့ကို ဘုရားရှင်အလိုတော်ကျ ဖြေရှင်းပြသော ကျမ်းဖြစ်၍ ဘုရားဟောနှင့်မခြား အလားတူပင် အလေးပြုခြင်းကို ခံခဲ့ရပေသည်၊ အဋ္ဌကထာ ဆရာ အရှင်မဟာဗုဒ္ဓဃောသသည်လည်း မိမိ၏အဋ္ဌကထာတို့တွင် အရေးတကြီး ဖြေရှင်းဖွယ်ရှိသော နေရာဌာနတို့၌ မိလိန္ဒပဉှာကျမ်းကိုပင် ထုတ်ဖော်ကိုးကား၍ ဖြေရှင်းခဲ့သည်များကို တွေ့ရပေသည်။[၂၇] ဤမိလိန္ဒပဉှာကျမ်း၏ နောက်၌ကား ပါဠိတော်ကဲ့သို့ အသိအမှတ်ပြုအပ်သည့်ကျမ်းများ မပေါ် ထွက်တော့ချေ၊ ပါဠိတော်စာပေခေတ်မှာ မိလိန္ဒပဉှာကျမ်းဖြင့် အဆုံးသတ် နိဂုံးချုပ်သွားသည်ဟု ပင် ဆိုရပေမည်။

ဤသို့လျှင် ခုဒ္ဒကနိကာယ်ဝင် ပါဠိတော်အရေအတွက်မှာ အဋ္ဌကထာ၌ ပြအပ်သည့် ၁၅-ကျမ်း အပြင် နေတ္တိ, ပေဋကောပဒေသ, မိလိန္ဒပဉှာတို့ကိုပါ ပေါင်းထည့်၍ ၁၈-ကျမ်း ဖြစ်လာလေတော့သည်၊ ယင်း ၁၇-ကျမ်းကိုပင် သုတ္တန္တပိဋက ခုဒ္ဒကနိကာယ်ဝင် ပါဠိတော်အဖြစ်ဖြင့် သတ်မှတ်၍ ပဉ္စမသင်္ဂါယနာ, ဆဋ္ဌသင်္ဂါယနာတို့၌ သာသနာ့ဝန်ဆောင် ဆရာတော်တို့ သင်္ဂါယနာတင်တော်မူခဲ့ကြလေသည်။ အထက်၌ ဖော်ပြခဲ့သည့် ပါဠိတော်ကျမ်းတို့သည် သီဟိုဠ်ကျွန်းသို့ ရောက်မှ ပေထက်အက္ခရာ တင်အဖြစ်သို့ ရောက်သော်လည်း ဇမ္ဗူဒိပ်ခေါ် ဣန္ဒြိယပြည်၌ ဖြစ်ပေါ်ခဲ့ကြသော ကျမ်းဂန်များ ဖြစ်၍ ဣန္ဒြိယပါဠိစာပေများပင် ဖြစ်ပေသည်။[၁]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ တိပိဋကအဘိဓာန် အတွဲ-၁ နိဒါန်း
  2. ၁။ ဒီ၊ဋီ၊၁၊၂၄။ သာရတ္ထ၊ ၁၂၆၄။ သီ၊ဋီ၊သစ်၊၁၊၈၄-၅-တို့ ကြည့်။
  3. ၂။ ဒီ၊ဋီ၊၁၊၂၄။ သာရတ္ထ၊၁၊၆၄-၅။ သီ၊ဋီ၊သစ်၊၁၊၈၅-တိ ကြည့်။
  4. ၃။ ဤ ဝစနအားဖြင့်ခဲ့ပုံ အကျယ်ကို ပါရာဇိကဏ် အဋ္ဌကထာ, သီလက္ခန် အဋ္ဌကထာ, အဋ္ဌသာလိနီ အဋ္ဌကထာတို့၏ နိဒါနကထာတို့၌ ပြဆိုထားသည်။
  5. ၁။ ဤခွဲဝေပုံလည်း အဋ္ဌကထာတို့၌လာသော ခွဲဝေပုံအတိုင်း ဖြစ်သည်၊ မဟာဝိဘင်္ဂနှင့် ဘိက္ခုနီဝိဘင်္ဂ ၂-ရပ်ပေါင်းကိုပင် – ဥဘတောဝိဘင်္ဂ”ဟု ခေါ်သည်။
  6. ၂။ ဤဒီဃနိကာယ်စသော နိကာယ် ၄-ရပ်ကို ဒီဃသင်္ဂီတိ စသည်ဖြင့်လည်း ခေါ်သည်၊ သုတ္တန္တပိဋကေ စတဿော သင်္ဂီတိယော၊ တာသု ပဌမံကတရံ သင်္ဂီတိန္တိ။ ဒီဃသင်္ဂီတိံ ဘန္တေတိ။ (ဒီ၊ဋ္ဌ၊၁၊၁၄)။ သုတ္တန် ပိဋက၌ သင်္ဂီတိ(နိကာယ်) ၄-မျိုးဟု ဤ၌ဆိုသော်လည်း ပါဠိတော်ကို နိကာယ်အားဖြင့် ခွဲဝေသောအခါ နိကာယ် ၅-ပါး ဖြစ်လာသည်ကိုလည်း သတိပြုသင့်သည်။ ပထမသင်္ဂါယနာတင်ပုံ အစီအစဉ်ကို ပြသော သီလက္ခန် အဋ္ဌကထာ (၁၆)၌ ခုဒ္ဒကပါဌ, ဓမ္မပဒ-စသည်ကို ခုဒ္ဒကနိကာယ်ဟု မသတ်မှတ်ပဲ ခုဒ္ဒကဂန္ထဟုသာ သတ်မှတ်ချက်ပြုသည်ကို တွေ့ရသည်။
  7. ၁။ ဤစာရင်းမှာ အဋ္ဌကထာနိဒါန်းတို့၌ လာသည့်အတိုင်း ဖြစ်သည်၊ ပဉ္စမသင်္ဂါယနာ, ဆဋ္ဌသင်္ဂါယနာတို့၌ သင်္ဂါယနာတင်သည့်အတိုင်း ရေတွက်မူ နေတ္တိ, ပေဋကောပဒေသ, မိလိန္ဒပဉှာတို့ကိုပါ ထည့်၍ ၁၈-ကျမ်းဖြစ်သည်။ နောက်၌ ထင်ရှားလတ္တံ့။
  8. ၂။ ကတမော ခုဒ္ဒကနိကာယော။ သကလံ ဝိနယပိဋကံ အဘိဓမ္မပိဋကံ ခုဒ္ဒကပါဌာဒယော စ ပုဗ္ဗေ ဒဿိတာ ပန္နသဘေဒါ၊ ဌပေတွာ စတ္တာရော နိကာယေ အဝသေသံ ဗုဒ္ဓဝစနန္တိ။ (ဝိ၊ဋ္ဌ၊၁၊၂၂။ ဒီ၊ဋ္ဌ၊၁၊၂၄။ အဘိ၊ဋ္ဌ၊၁၊၂၆။)
  9. ၁။ ဤ သုတ်, ဂေယျစသည်တို့၏ အဓိပ္ပါယ်ကို အဋ္ဌကထာနိဒါန်းတို့မှာ ကြည့်။
  10. ၂။ ထေရ၊၃၄၇။
  11. ၃။ ဓမ္မက္ခန္ဓာ ရေတွက်နည်းကို ဒီ၊ဋ္ဌ၊၁၊၂၅-နှင့်၎င်းဋီတို့မှာ ကြည့်။ ဝိနည်းပိဋက၌ ဓမ္မက္ခန္ဓာ ၂၁၀၀၀, သုတ္တန်ပိဋက၌ ဓမ္မက္ခန္ဓာ ၂၁၀၀၀ အဘိဓမ္မာပိဋက၌ ဓမ္မက္ခန္ဓာ ၄၂၀၀၀ ရှိကြောင်းကိုလည်း ထိုထိုကျမ်းငယ်တို့၌ ဆိုကြသည်၊ ပိဋကတ်တော်သမိုင်း (နှာ-၃၀၈-၉)ကြည့်၊ ဤဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဟူသော စကားလည်း အထက်ပါ ဒွါသီတိံ-စသော ဂါထာ အရသာ ပြဆိုခြင်း ဖြစ်သည်၊ ကထာဝတ္ထု, မဓုရသုတ် စသာ နောက်ပေါ်ကျမ်းများကိုပါ ထည့်သွင်း ရေတွက်လျှင် ရှစ်သောင်းလေးထောင်ထက်ပင် ပိုသေးသည်။ (ဧဝံ ပရိဒီပိတဓမ္မက္ခန္ဓဝသေနာတိ) ဣမိနာ ဧဝံ တေန အပရိဒီပီတာပိ ဓမ္မက္ခန္ဓာ သန္တီတိ ပကာသေတိ၊ တသ္မာ ကထာဝတ္ထုပကရဏမာဓုရိယသုတ္တာဒီနံ ဝိမာနဝတ္ထာဒိသု ကေသဉ္စိ ဂါထာနဉ္စ ဝသေန စတုရာသီတိသဟသာတောပိ ဓမ္မက္ခန္ဓာနံ အဓိကတာ ဝေဒိတဗ္ဗာ။ (သီ၊ဋီ၊သစ်၊၁၊၁၃၃။)
  12. ၄။ ပါဠိတော်တို့၌ နောက်မှ ထည့်သွင်းအပ်သော စကားရပ်များ ရှိသော်လည်း ယင်းသို့ ရှိခြင်းသည် ပါဠိတော်၏ ကေဝလပရိပုဏ္ဏ-ဟူသော ဂုဏ်ကို မထိခိုက်ပေ။ မှန်၏၊ ဘုရားရှင်၏ တရားတော်သည် ကေဝလ-ပရိပုဏ္ဏ ဖြစ်သည်, ဝါ တစ်စုံတရာထည့်စွက်ဖွယ် မရှိ အလုံးစုံ ပြည့်စုံသည်ဟု ဆိုရာဝယ် ဘုရားရှင်၏ သစ္စာ ၄-ပါး တရားတော်, မဂ္ဂင်ရှစ်ပါးတရားတော် စသည်တို့ဝယ် သစ္စာတစ်ပါး တိုးစေ၍ သစ္စာ ၅-ပါးဟုလည်းကောင်း, မဂ္ဂင်တစ်ပါး တိုးစေ၍ မဂ္ဂင် ၉-ပါးဟုလည်းကောင်း, ဤသို့ စသည်ဖြင့် ထည့်စွက်စရာ မရှိ၊ သစ္စာ ၄-ပါး, မဂ္ဂင်ရှစ်ပါး ဟူသော တရားတော်တို့သည် ထက်ဝန်းကျင်မှ ပြည့်စုံပြီး ဖြစ်သည်၊ မည်သူတစ်စုံတစ်ဦးတစ်ယောက်မျှ ယင်းတရားတို့ကို ဖြည့်စွက် နိုင်စွမ်းမရှိဟု ဆိုလိုရင်း ဖြစ်ပေသည်။
  13. ၁။ သုဘသုတ် ပထမသင်္ဂါယနာတင်၌ ပါ-မပါဟူသော ပြဿနာ၏ဖြေရှင်းချက်ကို ဒီ၊ဋီ၊၁၊၂၅-၆။ သာရတ္ထ၊၁၊၆၇။ သီ၊ဋီ၊သစ်၊၁၊၈၈-တို့၌ အကျယ်ပြထားသည်၊ သုဘသုတ်နှင့် ဂေါပကမောဂ္ဂလ္လာနသုတ်တို့ ဓမ္မက္ခန္ဓာ ၈၄၀၀၀-၌ ဝင်-မဝင်ပြဿနာကိုလည်း သာရတ္ထ၊၁၊၁၀၄။ သီ၊ဋီ၊သစ်၊၁၊၁၃၃-၄-တို့၌ ဖြေရှင်းထားသည်။
  14. ၂။ ဒီ၊ဋ္ဌ၊၂၊၆။
  15. ၃။ မဇ္ဈိမဘာဏကတို့အလို ဗာရာဏသီ၊ အံ၊ဋ္ဌ၊၁၊၂၄၀။
  16. ၄။ အံ၊ဋ္ဌ၊၁၊၂၄၀။ မ၊ဋ္ဌ၊၄၊၁၃၇။
  17. ၅။ မ၊၃၊၁၆၆-၈။
  18. ၁။ စာမျက်နှာ ၁၃၅။
  19. ၂။ စာမျက်နှာ ၂၃၉။
  20. ၃။ ထေရ၊ဋ္ဌ၊၂၊၁၇၄-၈။
  21. ၄။ အဘိ၊ဋ္ဌ၊၁၊၄၆။ အဘိ၊ဋ္ဌ၊၃၊၁၁၅-၁၁၁။ ဝိ၊ဋ္ဌ၊၁၊၄၆။
  22. ၁။ စာမျက်နှာ ၃-၄။
  23. ၂။ ပေဋကောပဒေသေ မဟာကစ္စာယနေန ဘာသိတေ...........။ (ပေဋကော။ ၁၈၃)။ ထေရဿ မဟာကစ္စာယနဿ ပေဋကောပဒေသေ။ (၎င်း။ ၃၂၈)။ ထေရ မဟာကစ္စာယနဿ ဇမ္ဗုဝနဝါသိနော ပေဋကောပဒေသော သမတ္တော။ (၎င်း။ ၃၄၁။)
  24. ၃။ ဝိ၊ဋ္ဌ၊၁၊၁၁၄။ အဘိ၊ဋ္ဌ၊၁၊၂၁၀။ ဝိသုဒ္ဓိ၊၁၊၁၃၇။
  25. ၄။ မဟာကစ္စာယနတ္ထေရေန ဒေသိတာ ပိဋကာနံ သံဝဏ္ဏနာ ပေဋကံ၊ တသ္မိံ ပေဋကေ။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၆၅။ သာရတ္ထ၊၁၊၃၈၅)။ ပေဋကေတိ မဟာကစ္စာယနတ္ထေရေန ကတံ နေတ္တိပ္ပကရဏာနုသာရိပကရဏံ၊ တံ ပန ပိဋကာနံဝဏ္ဏနာဘူတတ္တာ “ပေဋက” န္တိ ဝုတ္တံ။ (ဝိမတိ၊၁၊၇၂)။ ပါရာဇိကဏ်ဂဏ္ဌိသစ်၊ ဒု၊ ၁၆၈-နှင့် နေတ္တိ၊ဋ္ဌ၊၃၊ ၄၇၊ ၄၈၊ ၂၀၈·တို့လည်း ကြည့်
  26. ၁။ ဤပေထက်အက္ခရာတင်ခြင်းကို “စတုတ္ထသင်္ဂါယနာ”ဟူသောအမည်ဖြင့် ရှေးကျသော မှတ်တမ်းတို့၌ မှတ်တမ်းတင်သည်ကို မတွေ့ရပေ။ ပိဋကတ္တယပါဠိံ စ၊ တဿာ အဋ္ဌကထမ္ပိ စ။ မုခပါဌေန အာနေသုံ၊ ပုဗ္ဗေ ဘိက္ခူ မဟာသတီ။ ဟာနိံ ဒိသ္မာန သတ္တာနံ၊ တဒါ ဘိက္ခု၊ သမာဂတာ။ စိရဋ္ဌိတတ္ထံ ဓမ္မဿ၊ ပေါတ္ထကေသု လိခါပယုံ။ (ဒီပဝံသ၊ ၂၀၊ ၂၁။ မဟာဝံသ၊၃၃။ ၁၀၁၊ ၁၀၂။) အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာတို့၌လည်း သင်္ဂါယနာ ၃-တန်ကိုသာ ပြဆိုသည်ကို တွေ့ရသည်၊ ဝဇိရဗုဒ္ဓိဋီကာ(၅၄၃)၌ကား ပေါရာဏေဟိ မဟာထေရေဟီတိ သီဟဠဒီပေ မဟာထေရေဟိ ပေါတ္ထကံ အာရောပိတကာလေ ဌပိတာတိ အတ္ထော။ “စတုတ္ထသင်္ဂီတိသဒိသာ ပေါတ္ထကာဠှသင်္ဂီတိ အဟောသီ”တိ ဝုတ္တံ-ဟု ဆိုသည်။ သာရတ္ထ၊၃၊ ၄၅၆)နှင့် ဝိမတိ၊၂၊၂၇၂) ဋီကာတို့၌လည်း အလားတူပင် ဆိုကြသည်။
  27. ၂။ ဝိ၊ဋ္ဌ၊၁၊၁၉၅။ ဝိ၊ဋ္ဌ၊၂၊၁၀၉။ ဒီ၊ဋ္ဌ၊၁၊၂၄၆၈ ဒီ၊ဋ္ဌ၊၃၊၈၄။ မ၊ဋ္ဌ၊၁၊၈၆။ မ၊ဋ္ဌ၊၂၊၂၄၄၊ ၂၈၅။ မ၊ဋ္ဌ၊၃၊၂၅၃၈ သံ၊ဋ္ဌ၊၂၊၉၂၊ ၂၇၁။ အံ၊ဋ္ဌ၊၁၊၄၉၊ ၇၂၊ ၃၅၉၊ ၃၈၉။ အံ၊ဋ္ဌ၊၃၊၇၂၊ ၁၈၂။ အဘိ၊ဋ္ဌ၊၁၊၁၅၁၊ ၁၅၅၊ ၁၅၇၊ ၁၆၁၊ ၁၆၃၊ ၁၆၄၊ ၁၆၆၊ ၁၈၆။ သုတ္တနိ၊ဋ္ဌ၊၂၊၁၇၃၊