ပါဠိဘာသာသည် ဣန္ဒြိယပြည် ရှေးဟောင်းဘာသာများဖြစ်သည့် သက္ကတဘာသာ, ပြာကြိုဋ် ဘာသာတို့နှင့် လွန်စွာနီးစပ်ကြောင်းကို ဤနိဒါန်း အခန်း ၁-တွင် ပြဆိုခဲ့ပြီးပေပြီ။ ၎င်းဘာသာ ၂-မျိုးတို့တွင် သက္ကတဘာသာသည် အဋ္ဌာရသဝိဇ္ဇာခေါ် အတတ်ကြီး ၁၈-ရပ်, စတုသဋ္ဌိကလာခေါ် အတတ်ငယ် ၆၄-ရပ် ဟိန္ဒူ တရားကျမ်းဂန်များနှင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ တရားကျမ်းဂန်တို့၏ တည်ရာ မှီရာဖြစ်သဖြင့် အလွန်များပြားကျယ်ဝန်းသော ဝေါဟာရသဒ္ဒါ, ပရိယာယ် ပုဒ်တို့ဖြင့် ပြည့်နှက်လျက်ရှိပေသည်၊ သို့ဖြစ်လေရာ ထိုများပြားလှသော ဝေါဟာရတို့ကို သိမ်းကျုံးစုဆောင်း ထားသော အဘိဓာန်ကျမ်းများလည်း အမြောက်အမြားပင်ရှိမည်မှာ ယုံမှားဖွယ်မရှိပေ။ ယင်းသို့ ပေါ်ထွက်ခဲ့သော သက္ကတအဘိဓာန်ကျမ်းတို့တွင်လည်း အမရသိံဟဆရာစီရင်သည့် အမရကောသ ခေါ် အဘိဓာန်ကျမ်းသည် အကျော်ကြားဆုံး အသုံးအများဆုံးဖြစ်၍ အရပ်တကာတို့၌ပင် ပျံ့နှံလေသည်။ ထိုသို့ ပျံ့နှံ့ခြင်းမှာလည်း၎င်းအမရကောသ အဘိဓာန်ကျမ်းသည် ပါဏိနိ စသော သဒ္ဒါကျမ်းတို့ဖြင့် စီရင်အပ်သော သဒ္ဒါများစွာကို သိမ်းကျုံး၍ယူခြင်း, သဒ္ဒါနည်း၍ အနက်များသော အဖွဲ့ရှိခြင်း အစီအရင်ကောင်းခြင်း, နာမ်လိင် ၂-ပါးတို့ကို ကောင်းစွာပြခြင်းစသော ဂုဏ်တို့ကြောင့်ပင် ဖြစ်ပေသည်။ [၁]

နိယဏ္ဋုကျမ်း ပြင်ဆင်ရန်

ယင်းသို့ အမရကောသ အဘိဓာန်ကျမ်းသည် တွင်ကျယ်ထင်ရှား အသုံးများသော ကျမ်းဖြစ်သော်လည်း ၎င်းသည် သက္ကတဘာသာဖြင့် ပေါ်ထွက်ခဲ့သည့် အဘိဓာန်ကျမ်းများတွင် အစဆုံး ပေါ်ထွက်ခဲ့သော ကျမ်းကား မဟုတ်ပေ။ ယနေ့တွေ့မြင်အပ်သည့် သက္ကတအဘိဓာန်တို့တွင် ရှေးအကျဆုံး ပေါ်ထွက်ခဲ့သောကျမ်းကား နိယဏ္ဋု ခေါ် ကျမ်းပင် ဖြစ်လေသည်။ ၎င်းကျမ်းမှာ ထိုခေတ်က ဣရု, ယဇု, စသော ဝေဒကျမ်းများကို လေ့လာသူတို့ အလွယ်တကူ လေ့လာသက်ဝင် နိုင်စေရန် ၎င်းဝေဒတို့မှ ခက်ခဲသောပုဒ်တို့ကို ထုတ်နုတ်၍ စီစဉ်ရေးသားထားသော ပုဒ်အနက် မှတ်စုတစ်မျိုးပင် ဖြစ်ပေသည်။

၎င်းကျမ်းသည် အမရကောသ-စသော နောက်ပေါ် အဘိဓာန်ကျမ်းတို့ကဲ့သို့ ကျယ်ဝန်းခြင်း မရှိပဲ ပုံနှိပ်ပြီးမူနှင့် စာမျက်နှာ ၁၈-မျက်နှာမျှသာရှိသော ကျမ်းငယ်ကလေးဖြစ်သည်။ ၎င်းကျမ်းတွင် အဓျာယ (အခန်း) ၅-ခု ပါရှိရာ ပထမ အချာယတွင် မြေကြီးအနက်ဟော ပရိယာယ် ၂၁-ပုဒ် ရွှေအနက်ဟော ပရိယာယ် ၁၅-ပုဒ်, ကောင်းကင်အနက်ဟော ပရိယာယ် ၁၆-ပုဒ် စသည်ဖြင့် အနက်တူ ပရိယာယ်ပုဒ်များကို စီစဉ်ပြသထားသည်၊ နောက် အဓျာယတို့၌လည်း ထို့အတူပင် အခြားအနက်ဟော ပရိယာယ်ပုဒ်တို့ကို စီစဉ်ရေးသားထားသည်ကို တွေ့ရှိရသည်။ ထူးခြားချက်မှာကား အမရကောသ-စသော နှောင်းခေတ်ပေါ် ကျမ်းများ၌ကဲ့သို့ မဟုတ်ပဲ ကြိယာပုဒ်များကိုပါ အနက်တူရာစု၍ စီစဉ်ပြသထားခြင်းပင် ဖြစ်ပေသည်။ ဥပမာ-ဇလတိ(ထွန်းတောက်ပ၏)ဟူသော ကြိယာပုဒ်နှင့် အနက်တူသော ကြိယာပုဒ်များကို “ဘြာဇတေ, ဘြာၐတေ, ဩာၐျတိ, ဒီဒယတိ, ၐေါစတိ, မန္ဒတေ, ဘန္ဒတေ, ရောစတေ, ဇျောတတေ, ဒျောတတေ, ဒျုမတ်ဣတိ, ဧကာဒၐ ဇွလတိ ကင်္မာဏး [၂]”ဟု ပြဆိုထားခြင်းမျိုး ဖြစ်လေသည်။

ဤနိဃဏ္ဍုကျမ်းမျိုးကိုပင် ရည်ရွယ်၍ ပါဠိတော်တို့၌ ပညာတတ်ဗြာဟ္မဏတို့၏ ဂုဏ်အရည်အချင်းကို ပြရာတို့ဝယ် “နိဃဏ္ဋုကျမ်း, ကေဋုဘကျမ်းတို့နှင့်တကွ ဝေဒ ၃-ကျမ်းတို့ကို ကမ်းတဖက်ရောက် တတ်မြောက်သည်”[၃]ဟု ဟောတော်မူခြင်းဖြစ်ပေမည်။ ထိုစကားမှန်၏၊ ဤနိဃဏ္ဋုကျမ်းသည် ဝေဒ၏ အခြံအရံဖြစ်သော ဝေဒင်္ဂကျမ်း ၆-ကျမ်းတို့တွင်ပါဝင်သည့် နိရုတ္တိကျမ်း၏မှီရာ တွဲဖက် ကျမ်းပင်ဖြစ်သည်။ ပါဠိတော်၌လည်း ဝေဒကျမ်း၏ အခြံအရံအနေဖြင့် နိဃဏ္ဋုကျမ်းကို ပြဆို ထားရကား ဆေးကျမ်းတို့တွင် အပါအဝင်ဖြစ်သော ရာဇနိဃဏ္ဋုစသော ကျမ်းမျိုး ဖြစ်နိုင်စရာ အကြောင်းမရှိပေ။

ယင်းနိဃဏ္ဋုကျမ်းသည် ဝေဒကိုလေ့လာသူတို့အား ကျေးဇူးပြုခဲ့သည် မှန်သော်လည်း နောက်၌ သက္ကတဘာသာသည် ကျယ်ပြန့်လာ၍ ဣတိဟာသ, ကာဗျ, နာဋက-စသော စာပေတို့ ထွန်းကားလာသောအခါ၌ကား ယင်းဖြင့် မလုံလောက်တော့သည်ဖြစ်၍ ထိုစာပေတို့ကို ခြုံနိုင်သော အမရကောသ-စသော အဘိဓာန်တို့ကို နောက်ဆရာတို့ ရေးသားခဲ့ကြခြင်း ဖြစ်ပေသည်။ ထိုသို့ရေး သားကြရာတွင်လည်း ဤနိဃဏ္ဋုကျမ်းကလေးသည် ထိုအဘိဓာန်ကျမ်းသစ်တို့ စံနမူနာထားအပ်သည့် ရှေ့ပြေးကျမ်းကလေးပင် ဖြစ်တော့သည်။

ဆိုခဲ့ပြီးသည့် နိဃဏ္ဋုကျမ်းနှင့် အမရကောသ-စသော သက္ကတအဘိဓာန်ကျမ်းတို့၌ သဒ္ဒါတို့သည် ပိဋကတော်နှင့် သင့်လျော်သည်လည်း ရှိ၍ မသင့်လျော်သည်လည်း ရှိ၏၊ ပါဠိဘာသာနှင့် သက္ကတဘာသာ ၂-မျိုးလုံးကို တတ်ကျွမ်းသူ ပေါများသော ပါဠိစာပေခေတ်ဦး ပိုင်းတွင် ၎င်းအမရကောသ-စသော သက္ကတအဘိဓာန်ကျမ်းတို့ကပင် ပိဋကတော်အား အထိုက် အလျောက် ကျေးဇူးပြုခဲ့မည် ဖြစ်ပေသည်၊ ထို့ကြောင့်လည်း ထိုစောစောပိုင်းအခါက ပါဠိ-မာဂဓအဘိဓာန်များ မပေါ်ထွက်ခဲ့ခြင်း ဖြစ်ဟန်တူပေသည်။ [၁]

အဘိဓာနပ္ပဒီပိကာ ပြင်ဆင်ရန်

ထိုနောက်ထွက်ပေါ်လာသော အဘိဓာနပ္ပဒီပိကာကျမ်းကို ဤတွင် ဖတ်ပါ။

အဘိဓာန်ဋီကာကျမ်း ပြင်ဆင်ရန်

အဘိဓာနပ္ပဒီပိကာ ပေါပြီးသည့်နောက် ၎င်း၏အဖွင့်ဋီကာများကို သီဟိုဠ်ကျွန်း၌ ရေးသားခဲ့ သည်ဟု သမိုင်းမှတ်တမ်းများ၌ မတွေ့ရပေ။ သီဟိုဠ်ဆရာတို့ မရေးသားခဲ့ကြ၍ပင် မှတ်တမ်းများ၌ မတွေ့ရခြင်း ဖြစ်သည်ဟု မှတ်ယူရပေသည်။ မြန်မာနိုင်ငံမှာကား ပင်းယခေတ် ဆင်ဖြူလေးစီးရှင် သီဟသူမင်းလက်ထက် သာသနာနှစ်-၁၈၅၉ သက္ကရာဇ် ၇၁၄-ခုနှစ် အရောက်တွင် သိရီမဟာစတုရင်္ဂဗလ-အမတ်ကြီးသည် အဘိဓာန်ဋီကာကျမ်းကို ရေးသားခဲ့ရာ ယခုတိုင် သာသနာတော်တွင် အသုံးများ၍ ထင်ရှားသောကျမ်း ဖြစ်လေသည်။ အမတ်ကြီးသည် မိမိကိုယ်တိုင် မာဂဓ သက္ကတဗျာကရုဏ်းကျမ်းတို့၌ အဝါးဝစွာ တတ်မြောက်သည်ဖြစ်၍ သက္ကတကျမ်းပေါင်းများစွာကို[၄] အကိုးအကားပြု၍ အဘိဓာန်ဋီကာကို ရေးသားခဲ့ခြင်းဖြစ်ရာ အရေးအသားကပင် သက္ကတဆန်နေသည်ကို တွေ့ရပေသည်။ သက္ကတဋီကာများနည်းတူ အဘိဓာနပ္ပဒီပိကာလာပုဒ်တိုင်းကို ဓာတ်ပစ္စည်း ခွဲ၍ ဝိဂြိုဟ် ဝစနတ် လှစ်ဆိုထားသဖြင့် ပုဒ်တစ်ခု၏ ဓာတ်ပစ္စည်းနှင့် ဝိဂြိုဟ်ကိုသိလိုလျှင် ဤအဘိဓာန် ဋီကာကိုပင် အားကိုးကြရသည်။ သို့ဖြစ်၍လည်း ဤကျမ်းသည် စာမျှ စာသင် ရှင်လူရဟန်းတို့ အမြဲမပြတ် လက်စွဲပြု၍ အသုံးပြုရသော ကျမ်းတစောင်အဖြစ် ထင်ရှားခြင်း ဖြစ်ပေသည်။ [၁]

အဘိဓာနပ္ပဒီပိကာသူစိကျမ်း ပြင်ဆင်ရန်

အဘိဓာန်ဋီကာသည် ဝိဂြိုဟ်, ဝစနတ်, ဓာတ် ပစ္စည်းခွဲနှင့် ပတ်သက်လျှင် အားကိုးအားထားပြုရသော ကျမ်းဖြစ်သည်မှန်သော်လည်း အဘိဓာနပ္ပဒီပိကာလာပုဒ်တို့ကို အစဉ်အတိုင်း ဖွင့်ဆိုထားသဖြင့် အလိုရှိသော ပုဒ်ကို အချိန်မကုန်ပဲ ရှာဖွေတွေ့ရှိနိုင်ရန် ခဲယဉ်းလျက်ပင် ရှိခဲ့ပြန်သည်၊ သို့ဖြစ်၍ ကြည့်ရှုရှာဖွေရာ၌ လွယ်သည်ထက် လွယ်အောင် စီစဉ်ရန် လိုအပ်လျက်ရှိလေရာ ယင်း လိုအပ်ချက်ကို သီဟိုဠ်ကျွန်း အရှင်သုဘူတိမထေရ်က ဖြည့်စွက်ခဲ့လေသည်။ ၎င်းမထေရ်စီစဉ်အပ်သည့် အဘိဓာနပ္ပဒီပိကာသူစိခေါ် ကျမ်းကား အဘိဓာန်ဋီကာ၌ ဝိဂြိုဟ်ဆို၍ ဓာတ်ပစ္စည်းခွဲထား သမျှသော ပုဒ်တို့ကို အက္ခရာစဉ်ဖြင့် စီစဉ်ပြီးလျှင် ဆိုင်ရာဝိဂြိုဟ်စသည်တို့ကို၎င်းပုဒ်များနှင့်အတူ ယှဉ်တွဲလျက် စီစဉ်ရိုက်နှိပ်ထားရာ အချိန်မကုန်ပဲ မိမိအလိုရှိသောပုဒ်၏ ဝိဂြိုဟ်စသည်ကို အလွယ် တကူတွေ့ရှိနိုင်သော ကျမ်းဖြစ်လေသည်။ အရှင်သုဘူတိမထေရ်သည် အဘိဓာန်ဋီကာလာ ရပ်တို့ကို စီစဉ်ရုံမျှသာ မဟုတ်ပဲ အချို့နေရာများ၌ သဒ္ဒနီတိနှင့် သက္ကတကျမ်းတို့မှ ဆိုင်ရာ မှတ်သားဖွယ်တို့ကိုလည်း ဖြည့်စွက်ထားပေသေးရာ၎င်းကျမ်းသည် သာ၍ပင် နှစ်သက်ဖွယ် ဖြစ် ပြန်လေသည်။ [၁]

အဘိဓာန်နိသျများ ပြင်ဆင်ရန်

ပုဂံခေတ်၌ အဘိဓာန်နိသျများ ပေါ်ထွက်ခဲ့သည်ဟု မှတ်တမ်းများ၌ မတွေ့ရပေ၊ သက္ကရာဇ် ၈၀၄-ခုနှစ်တွင် ရေးထိုးသည့် ပုဂံ ဝက်ကြီးအင်း တက်နွယ်ကျောင်း ကျောက်စာ၌မူကား ကျောင်း တပါတည်း လှူသော ပိဋကပေစာများစာရင်းတွင် “အဘိဓာန်နိဿရေည်”[၅]ဟု တွေ့ရသည်၊ ထို့ကြောင့်၎င်းအချိန်၌ အဘိဓာန်နိသျထွက်ပေါ်လျက်ရှိနေပြီကို သိနိုင်ပေသည်။ မည်သည့်ခေတ်က ပေါ်သည်ဟု အတိအကျ ပြောဆိုရန် မဖြစ်နိုင်သော်လည်း ပင်းယခေတ်မှာပင် ပေါ်သည်ဟု ယူဆနိုင်ပေသည်။ [၁]

ကျော်အောင်စံထား အဘိဓာန်နိသျ ပြင်ဆင်ရန်

ထို့အတူပင် သက္ကရာဇ်-၁၁၀၀ မတိုင်မီအတွင်း အဘိဓာန်နိသျများ ပေါ်ထွက်လျက်ရှိပြီကို ကျမ်းဂန် အထောက်အထားအရ သိရှိရပြန်သည်။ ယင်းကျမ်းဂန် အထောက်အထားကား အင်းဝခေတ် နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံ ဟံသာဝတီပါ မင်းတရားလက်ထက် သက္ကရာဇ် ၁၁၀၈-ခုနှစ်တွင် ကျော်အောင်စံထား ဆရာတော် စီရင်အပ်သည့် အဘိဓာန်နိသျပင် ဖြစ်လေသည်။ ၎င်းနိသျ၌ ပဏာမခန်းတွင် ရှေးနိသျတို့၌ အယုတ်အလွန် မညီမညွတ်ရှိသည်ကို ဘုရင်မင်းမြတ် မြင်တော်မူ၍ သတိုးမင်းကြီးအမည်ရှိသော အဂ္ဂသေနာပတိအမတ်ကြီးအား တဆင့် လျှောက်ထား တောင်းပန်စေသဖြင့် ယင်းနိသျကို ရေးရကြောင်း ပြဆိုလျက် ရှိလေသည်၊ ထို့ပြင် ၎င်းနိသျ ၁၅-ဂါထာ၌ “ဤတွင် ရှေးနိသျှတို့၌ ရွှေဟူသော ကိုယ်ရှိသည်ဟု သမ္ဗန်လေသည်ကား မှားလေစွ”ဟုလည်းကောင်း, ၃၄-ဂါထာ၌ “ရှေးနိသျတို့၌ အပုမေ-ပုဒ်ဖြတ်၍ ဣတ္ထိလိင် နပုံလိင်၌-ဟု သမ္ဗန်သည်ကား ဋီကာ နှင့်မညီ” ဟုလည်းကောင်း, ၃၅-ဂါထာ၌ “ရှေးနိသျတစောင်၌ မီးသွေးဟု သမ္ဗန်သည်ကား မသင့်စနိုး”ဟုလည်းကောင်း, ဤသို့စသည်ဖြင့် ရှေးနိသျတို့ကို ရည်ညွှန်း၍ ပြဆိုအပ်သော အရာဌာနတို့ကို အတော်များ များတွေ့ရလေသည်၊ ဤတွေ့ရှိချက်များကပင် ကျော်အောင်စံထားနိသျ မပေါ်မီ အနည်းဆုံး အဘိဓာန်နိသျ ၂-စောင်ရှိပြီးဖြစ်သည်ကို ညွှန်ပြလျက် ရှိလေသည်။ ယနေ့ တွေ့မြင်အပ်သည့် အဘိဓာန်နိသျတို့တွင် ရှေးအကျဆုံးနိသျကား ပထမ ကျော်အောင်-စံထားဆရာတော် ရေးသားအပ်သော နိသျပင်ဖြစ်ပေသည်၊ ၎င်းနိသျမှာ စတုရင်္ဂဗလ အမတ်ကြီး၏ အဘိဓာန်ဋီကာကိုပင် မှီငြမ်းပြု၍ ရေးသားထားသော နိသျဖြစ်၏၊ ပုဒ်တို့ကို အနက်ပေးရာ၌ ဗျုပ္ပတ်ပေါ်လွင်အောင် အနက်ပေးထားသဖြင့် နိသျနက်ကိုရလျှင် ဋီကာကိုပါ အထိုက်အလျောက် ငုံမိနိုင်သော နိသျဖြစ်ပေသည်၊ ထို့ကြောင့်လည်း ၎င်းနိသျသည် ယနေ့တိုင်အောင် သာသနာဝင် ပုဂ္ဂိုလ်တို့နှင့်တကွ ပါဠိဘာသာကို လိုက်စားသော မြန်မာအမျိုးသားတို့အဖို့ အားကိုးရာတဆူ ဖြစ်ခဲ့လေသည်။

ယင်းသို့၎င်းနိသျသည် အားကိုးရာတဆူ ဖြစ်ခဲ့သော်လည်း၎င်း၌ ထင်ရှားသော မှားယွင်း ချက်အချို့ ပါရှိနေခဲ့လေသည်၊ ထို့ကြောင့်ပင် ပုဂံမင်းလက်ထက် သံတော်ဆင့်မင်း မဟာဇေယျသင်္ခယာ ဦးချိန်[၆]သည် ကျော်အောင်စံထား အဘိဓာန်နိသျ၌ တွေ့ရှိရသော မှားယွင်းချက်တို့ကို သုတ်သင်သည့် အဘိဓာနတ္ထဝိသောဓနီမည်သော ကျမ်းစာတစောင်ကိုရေးသားခဲ့ခြင်းဖြစ်လေသည်။ [၁]

အဘိဓာန်နိသျသစ် ပြင်ဆင်ရန်

သက္ကရာဇ် ၁၂၈၇-ခုနှစ်သို့ ရောက်သောအခါမှာမူကား အဘိဓာန်နိသျ တစောင် ထပ်မံပေါ် ထွက်ခဲ့ပြန်သည်၊ နောက်ပေါ်နိသျဖြစ်သဖြင့် ကျော်အောင်စံထားဆရာတော်၏ နိသျမှ ထောက်၍၎င်းကို အဘိဓာန်နိသျသစ်ဟု အမည်တပ်လေသည်၊ ဤနိသျကို နိသျသစ်ဟုခေါ်သဖြင့် ကျော် အောင်စံထားဆရာတော်၏ နိသျမှာလည်း အလိုလိုပင် နိသျဟောင်းဟူသောအမည်ကို ရလေ တော့သည်။ ၎င်းအဘိဓာန်နိသျသစ်ကို ရေးသားစီရင်သည့်ပုဂ္ဂိုလ်မှာ မာဂဓ, သက္ကတ ၂-ဌာနတို့၌ တဖက်ကမ်းရောက် တတ်မြောက်ကျွမ်းကျင်တော်မူသော မန္တလေးမြို့ အဘယာရာမရွှေဂူတိုက် အဂ္ဂမဟာပဏ္ဍိတ အဘယာရာမဆရာတော်ပင်ဖြစ်ပေသည်။ ဋီကာနှင့် နိသျဟောင်း ရှိပြီးဖြစ်လျက် နိသျသစ်တစောင်ကို ထပ်မံရေးသားရခြင်း၏ အကြောင်းကိုလည်း ဆရာတော်က နိသျသစ် နိဒါန်းတွင်

“... အဘိဓာန်ဋီကာသည် ဤမြန်မာပြည်တွင် ထင်ရှားကျော်ကြား အသုံးများသော်လည်း ကျမ်းရင်းဆရာကဲ့သို့ အဋ္ဌကထာနှင့်တကွ နိကာယ်ငါးရပ်ကို နှံ့စပ်အောင်ဘွေရှာ၍ အသေ အချာ တိုက်ဆိုင်ရေးသားသည် မဟုတ်၊ အမရကောသဋီကာများကိုသာ ပမာဏထား၍ ရေးသားအပ်သည်ဖြစ်ရကား ပါဠိ, အဋ္ဌကထာအဆို ကျမ်းဆရာ့ အလိုနှင့် ဆန့်ကျင်သော အချက်တို့ဖြင့် ရောပြွမ်းလျက် ရှိလေသည်။ သို့ဖြစ်၍ ထိုဋီကာဖြင့် ပညာရှိ သုခမိန်တို့ တင်းမတိမ် အားမရ မရောင့်ရဲနိုင်ကြလေကုန်။ ထိုဋီကာကို ပဓာနထား၍ ရေးသားအပ်သော ရှေးနိဿယတို့သည်လည်း ဋီကာနည်းကို မလွန်နိုင်ကြသည့်ပြင် အချို့ အရာ ဋီကာ ဆရာ၏ အဆိုစကားလောက်ကိုပင် မရောက် မမိ မထိ မမီ ရှိကြလေသည်။

ထို့ကြောင့် ကျမ်းဆရာ့အလိုတော်ကျ အာဂမာနုလောမဖြစ်သော နိဿာယသစ်တကျမ်းကို ကြိုးပမ်းရေးသားရမူကား ကောင်းလေစွ” ဟူသော အကြံကို အရင်းခံ ရှေ့သွားပြုပြီလျှင်... [၇]”။

ဟု ပြဆိုထားသည်ကို တွေ့ရပေသည်။ ထို့ပြင် အဘိဓာန်နိသျသစ်ရေးသားရာ၌ ဆရာတော်သည် ကျမ်းဆရာ၏မှီရာ အကြွင်းမရှိသော ပါဠိ, အဋ္ဌကထာ, သက္ကတ ကျမ်းပေါင်းများစွာတို့နှင့်တကွ လွန်ခဲ့သောနှစ်ပေါင်း ၇၀၀-ကျော်လောက်က ရေးသားခဲ့သော သီဟိုဠ်နိသျဟောင်းတစ်ခုကိုလည်း သေချာကြည့်ရှု မှီငြမ်းပြုလျက် ဤအဘိဓာန်နိသျသစ်ကျမ်းကို ကြိုးပမ်း တည်ထွင် စီရင်ရေးသား”ခဲ့ပေသည်။

ဤနိသျသစ် ရေးသားပုံမှာ ပုဒ်တို့ကို အနက်ပေးရာ၌ နိသျဟောင်းမှာကဲ့သို့ ဝိဂြိုဟ်နက်များကို ဖော်၍မပေးတော့ပဲ လိုရင်း ဟောနက်ကိုသာ ပေးထားလေသည်။ ဥပမာ-ဗုဒ္ဓေါ – သစ္စာ ၄-ပါးကို သိမြင်တော်မူသော မြတ်စွာဘုရား”ဟု မပေးတော့ပဲ “ဘုရား”ဟုသာ လိုရင်းအနက်ကို ပေးထားလေသည်။ တိမ်မြုပ်သော ပေါရာဏ စကားများကို ခေတ်သုံးဝေါဟာရများဖြင့် လဲလှယ် သုံးစွဲထားသည်၊ များစွာသော ပုဒ်အဆုံးအဖြတ်နှင့်တကွ မှတ်သားဖွယ် အဓိပ္ပါယ်ရှင်းလင်းချက်တို့ကို ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကိုလည်းကောင်း, ဆိုင်ရာ သက္ကတကျမ်းတို့ကိုလည်းကောင်း, ကိုးကား၍ ဖော်ပြထားသည် တွေ့ရပေသည်။ အထူးသဖြင့် သစ်ပင် ဆေးပင် ဝေါဟာရတို့ကို မြန်မာနက်ပြန်ရာ၌ ဆရာတော်သည် သေချာစေ့စပ်လှပေသည်၊ အချို့သော ဆေးပင်များကို ဟိန္ဒီလို မည်သို့ခေါ်သည်၊ ဟိန္ဒူဆေးဆိုင်များ၌ မည်သို့မေး၍ဝယ်လျှင် မည်သို့သော ဆေးမြစ်စသည်ကိုရနိုင်သည်[၈] စသည်ဖြင့် မှာထားချက်များဖြင့် ဝေဆာလှသည်၊ ယင်းသို့ဖြစ်လေရာ ဤနိသျသစ်မှာ နိသျသာမန်မျှသာ မဟုတ်တော့ပဲ မြန်မာဘာသာ ဋီကာအသွင်ကို ဆောင်လျက်ရှိသော ကျမ်းတစောင်ဖြစ်လေသည်။ [၁]

နေလနှစ်ပါး ပြင်ဆင်ရန်

ဤသို့လျှင် ကျော်အောင်စံထား နိသျသည် ဝိဂြိုဟ်နက်များကိုပါ ထည့်သွင်းထားသဖြင့် ၎င်းနိသျနက်ကိုရလျှင် ဝိဂြိုဟ်ဝစနတ်ပြုရာ၌ များစွာ အထောက်အပံ့ ရရကား ယင်းကိုလည်း လက်မလွှတ်နိုင်ကြပေ၊ ပုဒ်, ပါဌ်, အနက်, အဓိပ္ပါယ် အမှာအထားများ ပြည့်စုံခိုင်လုံပြီး လိုရင်းအနက်ကိုသာ တိတိကျကျ ပေးထားသဖြင့် နိသျသစ်ကိုလည်း လက်မလွှတ်နိုင်ကြပေ။ ဤသို့ဖြစ်ပေရာ အဘိဓာန်နိသျဟောင်း, နိသျသစ် ၂-စောင်တို့သည် အဘိဓာန်လောကတွင် နေလနှစ်ပါးပမာ ဖြစ်လျက်ရှိလေသည်။ [၁]

တောင်ပေါက် အဘိဓာန်နိသျသစ် ပြင်ဆင်ရန်

အဘယာရာမဆရာတော်၏ အဘိဓာန်နိသျသစ်ကဲ့သို့ပင် ပုဒ်ပါဌ်အနက်တို့ကို စိစစ်၍ ရေးသားအပ်သော အဘိဓာန်နိသျသစ်တစောင်လည်း ၁၃၁၇-ခုနှစ်က ထွက်ပေါ်ခဲ့ပြန်သည်။ ကျမ်းပြုဆရာတော်မှာ မာဂဓ, သက္ကတ, ပြာကြိုဋ်စသော ဘာသန္တရတို့ကို နိုင်နင်းတော်မူသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မော်လမြိုင် တောင်ပေါက် ဆရာတော် ဦးစက္ကပါလပင် ဖြစ်ပေသည်။ ဤနိသျသစ် ကျမ်းကိုလည်း ကျမ်းပြုဆရာတော်သည် “အဘိဓာနပ္ပဒီပိကာကျမ်းကို အထူးထူးသော ပါဠိတော်, အဋ္ဌကထာ, ဋီကာ, သင်္ခတ, မာဂဓ ပါကတ, ဒေသီ, သီဟိုဠ်, ယိုးဒယားစသော လိပျန္တရ, ဘာသန္တရ ကျမ်းများ, နိဿယဟောင်းများနှင့် ညှိနှိုင်း တိုက်ဆိုင် သုတ်သင် ပြင်ဆင် စီရင်ကာ မြန်မာဘာသာ ပြန်ဆိုရေးသား ခဲ့ခြင်း ဖြစ်ပေသည်။ ဤနိသျကျမ်းတွင် ပုဒ်ပါဌ်ကို စိစစ်ရာ၌ သုံးနေကျ မာဂဓ, သက္ကတ ကျမ်းများသာမက ပြာကြိုဋ်ကျမ်းများကိုပါ ကိုးကားဆုံးဖြတ်ထားသဖြင့် တမူထူးခြား ဆန်းသစ်လျက် ရှိပေသည်၊ ၎င်းပြင် အချို့သော မြန်မာဝေါဟာရတို့ကိုပါ အရင်းအမြစ်အား ဖြင့်လည်းကောင်း, သတ်ပုံသတ်ညွှန်းအားဖြင့်လည်းကောင်း, စိစစ် ဆုံးဖြတ် ပြဆိုထားပေရာ အထူး နှစ်သက်ဖွယ် ဖြစ်လေတော့သည်။ [၁]

အဘိဓာန်ဋီကာနိသျများ ပြင်ဆင်ရန်

အဘိဓာန်ဋီကာမှာ သက္ကတဘာသာရေး အမရကောသဋီကာစသော ကျမ်းတို့ကို များစွာမှီငြမ်း ပြု၍ ရေးသားထားသော ကျမ်းဖြစ်ရာ နောက်သားနောင်လာတို့ အလွယ်တကူ သက်ဝင်ခြင်းငှါ ခဲယဉ်းလျက် ရှိပြန်ပေသည်။ သို့ဖြစ်၍ ဤပြဿနာကို ဖြေရှင်းသည့်အနေဖြင့် ဒုတိယကျော်အောင် စံထားဆရာတော်သည် အဘိဓာန်ဋီကာနိသျ (ဟောင်း)ကို ရေးသား ပြုစုတော်မူခဲ့လေသည်။ ၎င်းနောက် မန္တလေး ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၂၁၁-ခုနှစ်၌ မောင်းထောင်ဆရာတော် ဦးပညာသာမိသည် အဘိဓာန်ဋီကာနိသျသစ်ကို ရေးသားတော်မူခဲ့ပြန်သည်။ လည်းကောင်း, ၂-ကျမ်းတို့တွင် နိသျှဟောင်းမှာ ပုံနှိပ်စာအုပ်အဖြစ်သို့ မရောက်လာခဲ့ချေ။ ယခုအခါ တွေ့မြင်အပ်သော နိသျမှာကား ဒုတိယမောင်းထောင်ဆရာတော်၏ နိသျပင်ဖြစ်ပေသည်။ [၁]

အက္ခရာဝလိအဘိဓာန်များ ပြင်ဆင်ရန်

အဘိဓာနပ္ပဒီပိကာသည် ဂါထာ ၁၂၀၀-မျှဖြင့် များစွာသောပရိယာယ်ပုဒ်တို့ကို သိမ်းကျုံးယူငင် စီစဉ်ထားသော်လည်း အနက်တူပုဒ်များကို သဘောတူရာပေါင်း၍ စီစဉ်ထားခြင်းသာဖြစ်သဖြင့် အလိုရှိသောပုဒ်ကို ရှာဖွေတွေ့ရှိနိုင်ရန် ခဲယဉ်းလျက်ရှိပြန်သည်။ ဉာဏ်အလွန်ကောင်း၍ “နှုတ်ဝယ် တွတ်တွတ် ရွတ်တိုင်းရအောင် ဆောင်၍ထားသော” အနည်းငယ်မျှသော ပုဂ္ဂိုလ်တို့သာ မိမိတို့ အလိုရှိသည့်ပုဒ်ကို အလွယ်တကူ တွေ့နိုင်မည်ဖြစ်ပေသည်။ သို့ဖြစ်၍ အလိုရှိသောပုဒ်ကို အလွယ် တကူ ရှာဖွေတွေ့ရှိနိုင်မည့် အစီအစဉ်မျိုး လိုအပ်လျက် ရှိပြန်ရာ ယင်းလိုအပ်ချက်ကို အဘိဓာနက္ခရာဝလိကျမ်းက ဖြည့်စွက်ခဲ့လေသည်၊ ၎င်းကျမ်းတွင် အဘိဓာနပ္ပဒီပိကာ၌ လာသော ပုဒ်များကို အက္ခရာစဉ်လျက် ဂါထာနံပါတ်များကို ညွှန်ပြထားသဖြင့် အလိုရှိသောပုဒ်ကို အချိန်မကုန်ပဲ ရှာဖွေ တွေ့ရှိနိုင်ပေသည်။ ထို့အတူပင် အဘိဓာနပ္ပဒီပိကာလာ ပုဒ်များနှင့်တကွ ယင်း၌ မလာသော်လည်း ပါဠိတော်စသည်တို့တွင် အတွေ့များသည့် ပုဒ်များကိုပါ ထည့်သွင်း၍ စီစဉ်ထားသော သတပဒိကပုစ္ဆာဝိဿဇ္ဇနာကျမ်း စသည်ကို ပြုစုတော်မူသည့် မင်းကွန်း ဥဒုမ္မရချောင်ဆရာတော် အရှင်ပဏ္ဍဝံသ၏ “ပညတ်နက်ကျမ်း”လည်း ပေါ်ထွက်ခဲ့လေသည်။ ဤကျမ်းတို့ကား မြန်မာနိုင်ငံတွင် နောင်အခါထွက်ပေါ်သည့် ပါဠိအဘိဓာန်တို့၏ ရှေ့ပြေးကျမ်းများပင် ဖြစ်လေသည်။ [၁]

ပါဠိအဘိဓာန်ချုပ် ပြင်ဆင်ရန်

ဆိုခဲ့ပြီး ကျမ်းတို့သည် ပါဠိစာပေလိုက်စားသူတို့အား အထိုက်အလျောက် ကျေးဇူးပြုသည် မှန်သော်လည်း အဘိဓာနက္ခရာဝလိသည် အဘိဓာနပ္ပဒီပိကာ-လာ ပုဒ်များကိုသာ ထည့်သွင်းထားသဖြင့်လည်းကောင်း, ပညတ်နက်ကျမ်းမှာလည်း အဘိဓာနက္ခရာဝလိထက် ပါဠိပုဒ်များပိုမိုများပြားသော်လည်း အက္ခရာစဉ်ပုံမှာ ခေတ်မှီနည်းမျိုးမဟုတ်ပဲ ပုဒ်အစ အက္ခရာနှင့် အဆုံးအက္ခရာကို ပဓာနထား၍ စဉ်ထားသဖြင့် ရှာဖွေ ကြည့်ရှုရာတွင် မလွယ်ကူပဲ ရှိနေပြန်လေသည်။ ထို့ကြောင့်ပင် ယင်းကျမ်း ၂-ကျမ်းထက် ပါဠိပုဒ်ရေများ၍ အက္ခရာစဉ်ရာ၌ ခေတ်မှီသော ပါဠိ မြန်မာ အဘိဓာန် တကျမ်းကို ၁၂၇၆ (၁၉၁၄) ခုနှစ်တွင်[၉] လယ်တီဆရာတော်ဘုရားကြီး၏ တပည့်ရင်းဖြစ်သော လယ်တီပဏ္ဍိတသည် ရေးသားထုတ်ဝေခဲ့လေသည်။ ကျမ်းကိုလည်း “ပါဠိအဘိဓာန်ချုပ်” ဟုအမည်ပေးလေသည်။

ဤကျမ်းသည်သာ ယခုခေတ် အဘိဓာန်ဟူသော အမည်နှင့် ကိုက်ညီသော အစီအစဉ်ရှိသည့် ကျမ်းဖြစ်လေသည်။ ပုဒ်တို့ကို စုဆောင်းရာ၌ အဘိဓာနပ္ပဒီပိကာကို နှလုံးသဖွယ်ပြု၍ အထူးသဖြင့် ပဏ္ဍိတ်ဇီဝါနန္ဒရေးသော သဒ္ဒသာဂရခေါ် သက္ကတအင်္ဂလိပ်အဘိဓာန်ကျမ်းမှ ပါဠိနှင့် သင့်လျော်မည့် ပုဒ်များကို ပါဠိပြန်၍ အများအပြား ထည့်သွင်းထားသည်ကို တွေ့ရှိရသည်။ သို့ဖြစ်လေရာ ဤကျမ်း၌ ပါဠိတော် အဋ္ဌကထာ-လာ ပုဒ်များစွာတို့ မပါရှိပဲ ကြွင်းကျန်နေပေသေးသည်။ [၁]

သဒ္ဒတ္ထရတနာဝလိမဟာပါဠိအဘိဓာန် ပြင်ဆင်ရန်

အထက်ဖော်ပြပါကျမ်းတို့မှာ ပုဂ္ဂိုလ်တစ်ဦးတည်းပြုစုခဲ့သော ကျမ်းများဖြစ်ပေသည်။ ပါဠိပညာရှိအများတို့ စုပေါင်း ဝိုင်းဝန်းပြုစုသော သဒ္ဒတ္ထရတနာဝလိမဟာပါဠိအဘိဓာန်အကြောင်းကို ဤတွင်ဖတ်ပါ။

မြန်မာပါဠိအဘိဓာန် ပြင်ဆင်ရန်

ရှေးအခါက ပါဠိလေ့လာရာ၌ ဖတ်၍ နားလည်ပြီး ပါဠိကျမ်းဂန်များကို လေ့လာနိုင်ရန်သာ ပဓာနထားသူ များခဲ့သော်လည်း ပထမကမ္ဘာစစ်ကြီးနှင့် ဒုတိယကမ္ဘာစစ်ကြီး၏ အကြားကာလ အတွင်း၌ကား မြန်မာနိုင်ငံ၌ ပါဠိဘာသာ လေ့လာမှုမှာ တစ်မျိုးတဖုံ ထူးခြားခဲ့သည်။

ယင်းအခါတွင် အရေးအသားနှင့် အပြောအဆိုကိုပါ လေ့လာသူ ပေါများလာခဲ့လေရာ အမြို့မြို့ အနယ်နယ်တွင် ပါဠိစကားပြောအသင်းများဖွဲ့၍ ပါဠိစကားပြော လေ့ကျင့်ခြင်း, တစ်ဦးနှင့် တစ်ဦး ပါဠိဘာသာဖြင့် စာပေးစာယူပြုလုပ်ခြင်းများကို လေ့ကျင့်လာကြလေသည်၊ ယင်းသို့ ပါဠိစကားပြောနှင့် အရေးအသားကို လေ့လာသူတို့ မိမိအလိုရှိသော ပါဠိပုဒ်ကို အလွယ်တကူ ရှာဖွေရရှိနိုင်ရန် ရည်သန်၍ ၁၃၀၁-ခုနှစ်တွင် ပထမကျော် အရှင်တေဇဝန္တာဘိဝံသသည် မြန်မာ ပါဠိအဘိဓာန်ကို ရေးသားစီရင်ခဲ့လေသည်။ ၎င်းကျမ်းတွင် မြန်မာစကားလုံး ၂၀၀၀၀-ခန့်ကို မူတည်လျက် ပါဠိနှင့်တွဲဖက်၍ စီစဉ်ရေးသားထားသဖြင့် မိမိသိပြီးသော မြန်မာနက်ကို ဟောသည့် ပါဠိစကားလုံးကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရကား၎င်းကျမ်းသည် ပါဠိဘာသာဖြင့် ရေးသားရာ ပြောဆိုရာတို့၌ များစွာအထောက်အပံ့ရသော ကျမ်းဖြစ်လေသည်။ [၁]

ဝိသုဒ္ဓါရုံပိဋကအဘိဓာန် ပြင်ဆင်ရန်

စစ်ပြီးခေတ်တွင်လည်း ပါဠိမြန်မာအဘိဓာန် ၂-ကျမ်း ပေါ်ထွက်လာသည်ကို တွေ့ရပေသည်။ ထိုတွင် ဝိသုဒ္ဓါရုံပိဋကအဘိဓာန်သည် ၁၃၁၅-ခုနှစ်မှ ၁၃၁၈-ခုနှစ်အတွင်း ပေါ်ထွက်ခဲ့လေသည်။

၎င်းအဘိဓာန်ကြီးကား မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက အစပြုခဲ့သည်ဟု ဆိုရပေမည်။ ဆရာတော်ဘုရားကြီးသည် ၁၂၇၅-ခုနှစ်ကပင် စည်ရှင်ဆရာတော်ကို ခေါ်တော်မူ၍ ဝိနည်းပါဠိတော်ပြင်ချက်ကို မူထားလျက် မှားယွင်းသော ပုဒ်ပါဌ်တို့၏ ဆုံးဖြတ်ချက်ကို ရေးသားရန် အမိန့် ချမှတ်တော်မူခဲ့၏၊ စည်ရှင်ဆရာတော်လည်း ထိုနေ့မှစ၍ အားလပ်သောအချိန်များတွင် ရေးသားခဲ့ပြီးနောက် စာပေသင်ကြားပို့ချပေးရခြင်း ဂန္ထပလိဗောဓစသည်ကြောင့် ရပ်တန့်ထားခဲ့ရာ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း အားလပ်ချိန်ရသဖြင့် ဆက်လက် ရေးသားတော် မူခဲ့လေသည်၊ ပုဒ်ပေါင်းတသောင်းကျော်ပြီးဆုံး၍ နိဂုံးချုပ်လုခါနီးတွင် ဆရာတော်ဘုရား ဘဝနတ်ထံ စံတော်မူ သွားရာ ဆရာတော်ရေးသားတော်မူခဲ့သော ပုဒ်များကိုပင် အက္ခရာဝလိ စီစဉ်၍ ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်ပေသည်။

ယင်းအဘိဓာန်သည် လွယ်ကူသောပုဒ်များကို ချန်လှပ်၍ ခက်ခဲသော ပုဒ်များကိုသာ မာဂဓ သက္ကတ ကျမ်းဂန်အမျိုးမျိုးကို မွှေနှောက်စိစစ်၍ ပုဒ် ပါဌ် အနက် အဆုံးအဖြတ်တို့ဖြင့် ခံ့ထယ်စွာ ရေးသားထားပေရာ ဝိနိစ္ဆယအဘိဓာန်ကြီးတစောင်ပင် ဖြစ်ပေသည်။ သက္ကတကျမ်းတို့မှလာသော မှတ်သားဖွယ်ကောင်းသည့် ပုဒ်များကိုပါ ထည့်သွင်း ပြသထားသဖြင့် သက္ကတဘာသာကို သင်ကြားလေ့လာသူတို့အဖို့လည်း ကျေးဇူးများသော အဘိဓာန်ဖြစ်ပေသည်။ [၁]

ဦးဟုတ်စိန်အဘိဓာန် ပြင်ဆင်ရန်

ဝိသုဒ္ဓါရုံ ပိဋကအဘိဓာန် ထွက်ပေါ်၍ မကြာမီမှာပင် ပဒတ္ထမဉ္ဇူသာခေါ် ပါဠိမြန်မာအဘိဓာန် ထွက်ပေါ်ခဲ့လေသည်။ ၄င်းအဘိဓာန်ကို မြန်မာနိုင်ငံတော် အမှုနှင့်ပစ္စည်းထိန်းဝန်, တရားလွှတ်တော်ရှေ့နေကြီး ဦးဟုတ်စိန် ဘီအေ(ဂုဏ်ထူး), ဘီ၊ အယ်(လ်) ရေးသား၍ အစိုးရပုံနှိပ်တိုက်မှ ၁၉၅၄-၅၉-ခုနှစ်များအတွင်း ရိုက်နှိပ်ထုတ်ဝေခဲ့လေသည်။ အတွဲအားဖြင့် ၄-တွဲရှိ၍ ပါဠိပုဒ်ပေါင်း ၅၀၀၀၀-ကျော် ပါဝင်သည်ဟု နိဒါန်းတွင် ဖော်ပြထားလေသည်။

၎င်းအဘိဓာန်သည် နောက်ပေါ်ဖြစ်သည့်အားလျော်စွာ ရှေးထွက်ပေါပြီး အဘိဓာန်တို့တွင် တွေ့ရှိရသော ချွတ်ယွင်းချက်များကို ရှောင်ရှားလျက် အပြည့်စုံဆုံးဖြစ်အောင် စီစဉ်ထားသည်ကို တွေ့ရပေသည်။ ဤကျမ်းသည် ပါဠိမြန်မာအဘိဓာန်ကို ကမ္ဘာ့ခေတ်မှီ အဘိဓာန်အဆင့်အတန်း သို့ရောက်အောင် မြှောက်တင်ပေးသော ကျမ်းဖြစ်လေသည်။ ဤကျမ်းတွင် “မူရင်းပုဒ်တို့၌ သဏ္ဌာန် တူညီသော သက္ကတပုဒ်တို့ကို ယှဉ်ပြိုင်၍ ပြသထား’ပေရာ ပါဠိပုဒ်၏ ပုဒ်နေပါဌ်ထားနှင့် အနက်ကို ဆုံးဖြတ်ရာ၌ များစွာ အထောက်အကူရသော စီစဉ်ချက်ဖြစ်၍ မြန်မာနိုင်ငံ ပါဠိမြန်မာအဘိဓာန် အရာတွင် တမူထူးခြားလျက် ရှိလေသည်၊ ယင်းသို့ သက္ကတပုဒ်တို့ကို ယှဉ်တွဲပြသရခြင်း၏ အကျိုး ကျေးဇူးကိုလည်း ကျမ်းဆရာက နိဒါန်း[၁၀]တွင် အကျယ်ဖော်ပြထားလေသည်။ ပုဒ်တို့၏အရင်း အမြစ်ကို ပြရာ၌လည်း အနောက်တိုင်းသုံး သင်္ကေတနှင့် နည်းစံနစ်[၁၁]ကို အသုံးပြုထားသဖြင့် ခေတ်ပညာတတ်တို့အဖို့ နှစ်သက်ဖွယ်ဖြစ်ပေသည်။ နောက်ဆက်တွဲများကလည်း ပါဠိဘာသာ သဒ္ဒါဆိုင်ရာ အခြေခံဗဟုဿုတကို ပေးထားပြန်ရာ ဤကျမ်းသည် ပါဠိဘာသာကို ခေတ်မှီနည်းဖြင့် လေ့လာသူတို့အဖို့ အလွန်အားထားထိုက်သော ကျမ်းဖြစ်လေတော့သည်။

ဤကျမ်းကို ၄-ပိုင်းခွဲ၍ရိုက်နှိပ်ရာ စာမျက်နှာအားဖြင့် နောက်ဆက်တွဲအလွတ် ၁၀၈၈-မျက်နှာ ရှိ၍ နောက်ဆက်တွဲပါဆိုလျှင် ၁၁၈၀-မျက်နှာရှိလေသည်၊ ဤမျှကျယ်ဝန်း၍ ခက်ခဲသော လုပ်ငန်းကြီးကို မိမိတစ်ဦးတည်းပြုစုခဲ့သောကျမ်းပြုပုဂ္ဂိုလ်၏ ဇွဲ, သတ္တိ, လုံလဝီရိယတို့မှာ အထူးချီးကျူးဖွယ် ပင် ဖြစ်ပေသည်။[၁]

ဓာတ်အဘိဓာန်များ ပြင်ဆင်ရန်

အထက်၌ ပြခဲ့သော ကျမ်းတို့မှာ ပါဠိပုဒ်တို့ကိုသာ စီစဉ်၍ ရေးသားအပ်သော ကျမ်းတို့ဖြစ်ပေသည်။ ၎င်းတို့အပြင် ပုဒ်များ၏ အရင်းအမြစ် ဖြစ်သည့် ဓာတ်များကိုသာ အက္ခရာစဉ်ဖြင့် စီစဉ်၍ ရေးသားအပ်သော ဓာတ်အဘိဓာန်ကျမ်းတို့လည်း ပေါ်ထွက်ခဲ့လေသည်။

ပါဠိဓာတ်အဘိဓာန်တို့တွင် ရှေ့သွားဖြစ်သည့်ကျမ်းမှာ သဒ္ဒနီတိဓာတုမာလာကျမ်းပင် ဖြစ်ပေသည်။ ပါဠိတော်, အဋ္ဌကထာ, ဋီကာများနှင့်တကွ ပါဏိနိဓာတုပါဌ, စန္ဒြဓာတုပါဌ[၁၂] စသော ကျမ်းပေါင်းများစွာကို မွှေနှောက်သုံးသပ်ပြီးမှ ပြည့်စုံစွာ ရေးသားအပ်သော ကျမ်းဖြစ်ပေသည်၊ ပါဠိဓာတ်နှင့်ပတ်သက်လျှင် ပမာဏအမြောက်ဆုံး ကျမ်းတကျမ်းပင် ဖြစ်လေသည်။ ယင်းကျမ်းတွင် ဓာတ်တို့ကို ဂိုဏ်းအားဖြင့်လည်းကောင်း, ကာရန်အားဖြင့်လည်းကောင်း, စီစဉ်ထားလေသည်။ လိုသောဓာတ်ကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်စေရန် ထိုထိုတည်းဖြတ်သူတို့က အက္ခရာစဉ် ဓာတ်ညွှန်းများကို ထည့်သွင်းပေးထားသဖြင့် ယခုအခါတွင် အလွယ်တကူပင် လိုသောဓာတ်ကို ရှာဖွေနိုင်ပေသည်။

ဤကျမ်းမှနောက် မန္တလေးရတနာပုံခေတ်တွင်လည်း ဓာတ်အဘိဓာန်ကျမ်းတကျမ်း ပေါ်ပေါက် ခဲ့ပြန်သည်၊ ၎င်းကား အခြားမဟုတ် မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရား၏ ဓာတုတ္ထသင်္ဂြိုဟ်ခေါ် ဓာတုတ္ထသင်္ဂဟကျမ်းပင် ဖြစ်လေသည်။ ၎င်းကျမ်းကို ဆရာတော်သည် ၁၂၅၀-ပြည့်နှစ်တွင် အပြီး ရေးသားတော်မူခဲ့သည်၊ ပုံနှိပ်သည်မှာ ယနေ့အထိ ၄-ကြိမ်ရှိလေပြီ။ ဤကျမ်းကို ဆရာတော်သည် စာသင်သားဖြစ်သော ရှင်ငယ် ရဟန်းငယ်တို့ နှုတ်တက်အာဂုံဆောင်ရန် ရည်ရွယ်တော်မူသဖြင့် ကျက်မှတ်လွယ်စေရန် ဂါထာများဖြင့် ရေးသားတော်မူ၍ နိသျကိုပါ တပါတည်း စီရင်ထားခြင်း ဖြစ်လေသည်၊ သဒ္ဒနီတိနှင့်တကွ သက္ကတဓာတ်ကျမ်းများကိုပါ ကြည့်ရှုညှိနှိုင်းလျက် ရေးသားအပ်သောကျမ်းဖြစ်၍ အဖိုးတန်သော ကျမ်းဖြစ်လေသည်။

ဆဋ္ဌသင်္ဂါယနာတင် စတင်ကျင်းပသည့် ၁၃၁၆-ခုနှစ်တွင်လည်း ဓာတ်အဘိဓာန်ကျမ်းတကျမ်း ထွက်ပေါ်ခဲ့ပြန်သည်။ ၎င်းမှာ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ စာပုံနှိပ်တိုက်၌ စာပြင်မှူးချုပ်အဖြစ် တာဝန်ထမ်းရွက်နေသော မဟာပညာဗလ, ပါဠိပါမောက္ခ ဆရာဉာဏ် ရေးသားသည့် “ပါဠိဓာတ်အဘိဓာန်ချုပ်” ပင် ဖြစ်ပေသည်။ ၎င်းကျမ်းလည်း ရှေးပေါ်နှင့်ပြီး ပါဠိဓာတ်ကျမ်းတို့နှင့်တကွ သက္ကတဓာတ်ကျမ်းများကိုပါ ညှိနှိုင်း၍ ကြည့်ရှုလွယ်စေရန် စီစဉ်ရေးသားအပ်သည်ဖြစ်ရာ ပါဠိ လိုက်စားသူတို့အား ကျေးဇူးများသောကျမ်းပင် ဖြစ်လေသည်။ [၁]

နိုင်ငံခြားပါဠိအဘိဓာန်များ အနောက်တိုင်းမှ ပြင်ဆင်ရန်

အနောက်တိုင်းတွင် ပါဠိလေ့လာမှု ပြန့်ပွါးနေစဉ် ၁၉၇၅-ခုနှစ်တွင် ချစ်လ်ဒါးအမည်ရှိသော ပညာရှင်တစ်ဦးက ပါဠိအင်္ဂလိပ် အဘိဓာန်တစောင် ရေးသားထုတ်ဝေခဲ့ကြောင်းကို ဖော်ပြခဲ့ပေပြီ၊ ၎င်းနောက် ပထမကမ္ဘာစစ်ကြီးအတွင်း အနောက်တိုင်းပညာရှင်တို့က လယ်တီဆရာတော်ဘုရားကြီးအား ပြည့်စုံသော ပါဠိအဘိဓာန်ကြီးတစောင် ရေးသားပြုစုပါရန် လျှောက်ထားတောင်းပန်ကြောင်းကိုလည်း ဖော်ပြပြီး ဖြစ်လေသည်။ ၎င်းတို့သည် ချစ်လ်ဒါး၏အဘိဓာန်ဖြင့် အားရခြင်း မရှိကြပဲ မိမိတို့ကိုယ်တိုင်လည်း ပါဠိအင်္ဂလိပ်အဘိဓာန်သစ်ကို ရေးသားရန် ကြိုးပမ်းလျက်ပင် ရှိခဲ့ကြပေသည်။ ၎င်းတို့၏ မနားမနေကြိုးစားမှုကြောင့်ပင် ခရစ်နှစ် ၁၉၂၁-၂၅-ခုနှစ်အတွင်း လန်ဒန်ပါဠိစာတော်မူအသင်း၏ ပါဠိအင်္ဂလိပ်အဘိဓာန်ကြီး ထွက်ပေါ်၍ လာပေသည်၊ ပညာရှင် အများ စုပေါင်းရေးကြ၍ ရှီးစ် ဒေးဗစ်နှင့် ဝီလျံ စတိ(ဒ်)တို့က အထွေထွေတည်းဖြတ်သူများအဖြစ် ဆောင်ရွက်ကြသည်၊ ၎င်းအဘိဓာန်ကြီးမှာ အနောက်နိုင်ငံသားတို့ ရေးသားပြုစုသည့်အားလျော်စွာ ခေတ်မှီသော ရေးသားပုံ အစီအစဉ်ရှိ၏၊ အင်္ဂလိပ်အက္ခရာဖြင့် ရိုက်နှိပ်ထားသော ပါဠိတော်, အဋ္ဌကထာကျမ်းစာတို့၏ စာမျက်နှာဂဏန်း စသည်များကိုလည်း ဆိုင်ရာပုဒ်တို့၌ ညွှန်းဆို ပြသထားပေရာ မည်သည့်ပါဠိ, မည်သည့်အဋ္ဌကထာတွင် မည်သည့်ပုဒ် ပါရှိသည်ကို အလွယ်တကူပင် သိမြင်နိုင်ပေသည်။

၎င်းအဘိဓာန်ကြီးနှင့် မရှေးမနှောင်းမှာပင် ဒိန်းမတ်ပြည်၏ သိပ္ပံပညာနှင့် စာပေဆိုင်ရာတော်ဝင်ဌာနမှ ထုတ်ဝေသည့် A Critical Pali Dictionary ခေါ် ပါဠိအဘိဓာန်ကြီး ပေါ်ထွက်ခဲ့ ပြန်သည်။ ၎င်းအဘိဓာန်ကြီးမှာ လန်ဒန်ပါဠိစာတော်မူအသင်း၏ ပါဠိအင်္ဂလိပ်အဘိဓာန်ထက် များစွာ ကျယ်ဝန်းလေသည်၊ ရှေးအဘိဓာန်များ၌ မပါသော များစွာသော ပုဒ်တွဲများကိုပါ ထည့်သွင်းလျက် အပြည့်စုံဆုံးဖြစ်အောင် စီစဉ်ထားသည်ကို တွေ့ရသည်၊ သို့သော်၎င်းမှာ အပြီးအဆုံးသို့ မရောက်သေးချေ၊ ၁၉၂၄-ခုနှစ်မှ ၁၉၄၈-ခုနှစ်အတွင်း အ-မှ အဟောသိကမ္မ-ပုဒ်တိုင် အ-သရအစပြု သော ပုဒ်များပါဝင်သည့် ပထမတွဲကို ထုတ်ဝေခဲ့သည်၊ အာ-သရပါသောအပိုင်းကိုကား စစ်ပြီးခေတ် ကျမှ ထုတ်ဝေနိုင်ခဲ့၏၊ ၁၉၆၂-ခုနှစ်တွင် အာဒိကပ္ပ-မှ အာပတ္တိကုသလတာ-ပုဒ်တိုင်အောင် ပါရှိသော အတွဲ-၂ အမှတ် ၂-ကို ထုတ်ဝေခဲ့လေသည်၊ ကျန်အပိုင်းများကိုလည်း ပြည့်စုံသည့်တိုင်အောင် တဖြည်းဖြည်းထုတ်ဝေသွားလိမ့်မည်ဟု မျှော်လင့်ရပေသည်။ ၎င်းအဘိဓာန်ကြီးကို စတင်ခဲ့သူမှာ ဗ္ဗိ၊ ထရင်္ကနာ(V.Trenckner)ဆိုသူ ပညာရှင် ဖြစ်ပြီး ၎င်းအလုပ်ကို ဆက်လက်လုပ်ကိုင် တည်းဖြတ်ခဲ့ကြသူများမှာ ဒီးန်စ် အင်ဒါဆင် (Dines Andersen), ဟဲလ်မာ စမစ်သ် (Helmer Smith)နှင့် ဟန်စ် ဟင်ဒြို(က်)ဆင် (Hans Hendriksen) အမည်ရှိသော ပညာရှိကြီးများ ဖြစ်၍ ကမ္ဘာ့ နိုင်ငံအရပ်ရပ်မှ ပါဠိပညာရှင်များကလည်း ၎င်းတို့အား ကူညီရေးသားပေးနေကြသည်ကို တွေ့ရှိရပေသည်။

ဆိုခဲ့ပြီး အဘိဓာန်တို့ကဲ့သို့ အနက်နှင့်ပုဒ်အရင်းအမြစ်ကို ပဓာနမထားပဲ အညွှန်းပြည့်စုံမှုကိုသာ ပဓာနထား၍ ရေးသားစီစဉ်အပ်သော ကျမ်းတကျမ်းကိုလည်း စစ်ပြီးခေတ်တွင် လန်ဒန်မြို့ ပါဠိ စာတော်မူအသင်းမှ ထုတ်ဝေခဲ့လေသည်၊ ၎င်းကျမ်းကား Pali Tipitakarn Concordance ခေါ် တိပိဋကပါဠိအညွှန်းအဘိဓာန်ကြီး ဖြစ်လေသည်၊ ၎င်းကျမ်းကြီးတွင် ပါဠိတော်လာပုဒ်တို့ကို အက္ခရာစဉ်၍ ၎င်းပုဒ်တို့ကို မိမိတို့ပါဝင်သော ဝါကျတို့နှင့်တကွ ထုတ်ပြပြီး၎င်းဝါကျတို့ကို တွေ့ နိုင်မည့် ပါဠိတော်ကျမ်းနှင့် စာမျက်နှာဂဏန်းများကို ဖော်ပြထားရာ ပါဠိတော်လာစာကို ရှာလိုသူ တို့အဖို့ အဖိုးမဖြတ်နိုင်သော ကျမ်းစာပင် ဖြစ်ပေသည်။

၎င်းကျမ်းကို စာမျက်နှာ ၆၀-ခန့်စီရှိသော အပိုင်းများအဖြစ် ၁၉၅၂-ခုနှစ်မှ စတင်ထုတ်ဝေခဲ့ရာ ယခုအခါ အပိုင်း-၁၀ (အက္ခရာအားဖြင့်-ဉ)သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤကျမ်းကို စီစဉ် သူများကား အက်ဖ်၊ အယ်လ်၊ ဝု(ဒ်)ဝပ်ဒ် (F.L. Woodward), အီ၊ အဲမ်၊ ဟဲယား(E. M. Hare) စသော ပညာရှင်တို့ ဖြစ်လေသည်။ [၁]

သီဟိုဠ်ကျွန်းမှ ပြင်ဆင်ရန်

သီဟိုဠ်ကျွန်းသည် ပါဠိစာပေပေါက်ဖွားရာဌာန ဖြစ်သည့်အားလျော်စွာ ၎င်းကျွန်းမှ ရဟန်း ပညာရှိ လူပညာရှိတို့သည်လည်း ခေတ်မှီပါဠိအဘိဓာန်များကို ရေးသားခဲ့ကြလေသည်။ ၎င်းတို့တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အရှင်ဗုဒ္ဓဒတ္တမထေရ်သည် ၁၉၄၉-ခုနှစ်တွင် ပါဠိအင်္ဂလိပ်အဘိဓာန်ကျဉ်း[၁၃]ကိုလည်းကောင်း, ၁၉၅၀-ခုနှစ်တွင် ပါဠိသိံဟဠအကာရာဒိယ-ခေါ် ပါဠိသီဟိုဠ်အဘိဓာန်ကိုလည်းကောင်း, ၁၉၅၅-ခုနှစ်တွင် အင်္ဂလိပ်ပါဠိအဘိဓာန်ကိုလည်းကောင်း, ရေးသားတော်မူခဲ့သည်။ ၎င်းတို့တွင် ပထမကျမ်းမှာ ကျောင်းသား စာသင်သားတို့ အလွယ်တကူ အသုံးပြုနိုင်ရန် အကျဉ်းရေးသားအပ်သော ကျမ်းဖြစ်၍ တတိယကျမ်းစာမှာကား ပါဠိရေး ပြော လေ့လာသူ အင်္ဂလိပ်စာတတ်တို့အတွက် ရေးသားအပ်သောကျမ်း ဖြစ်လေသည်။ အရှင်ဗုဒ္ဓဒတ္တကဲ့သို့ပင် ဝိဒုရပေါလ ပိယတိဿအမည်ရှိ ဆရာတော်ကြီးတစ်ပါးကလည်း ၁၉၄၉-ခုနှစ်တွင် အင်္ဂလိပ်ပါဠိအဘိဓာန်တစောင်ကို ရေးသားထုတ် ဝေခဲ့ပေသေးသည်၊ သို့သော်၎င်းစာအုပ်မှာ ပါဠိပုဒ်များကို သီဟိုဠ်စာလုံးများဖြင့် ပြထားသဖြင့် သီဟိုဠ်စာလုံးကို မဖတ်တတ်သော နိုင်ငံခြားသားများအဖို့ အသုံးမဝင်ပဲ ရှိခဲ့လေသည်။

၁၉၆၀-ခုနှစ်တွင်လည်း အဋ္ဌကထာသူစိခေါ် ပါဠိအဘိဓာန်ကျမ်းတကျမ်း စတင် ပေါ်ထွက်ခဲ့သည်ကို တွေ့ရပေသည်၊ ၎င်းကျမ်းတွင် အဋ္ဌကထာများ၌ ဖွင့်ဆိုအပ်သော သံဝဏ္ဏေတဗ္ဗပုဒ်များကို အက္ခရာစဉ်လျက် အဋ္ဌကထာဖွင့်ပါဌ်များနှင့် တွဲဖက်စီစဉ်၍ ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ ၎င်းကျမ်းသည် ယနေ့အထိ ၂-အုပ်ထွက်ပြီးဖြစ်လျက် အ-မှဩ-အထိ ပါဠိပုဒ်များ ပါဝင်သည်။ ၎င်းကျမ်းကို စီစဉ်သည့်ပုဂ္ဂိုလ်မှာ ကောသ်ဂါဍရာဇာတိ အရှင်သိရိသုမေဓမထေရ်ဖြစ်၍တည်းဖြတ် သူမှာ ၎င်းရွာဇာတိ အရှင်ဓမ္မဝံသမထေရ်ဖြစ်ပြီး ကိုလံဘိုမြို့ ဝိဇ္ဇာလင်္ကာရတက္ကသိုလ်ပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့လေသည်။ [၁]

ပါဠိအမည် အဘိဓာန် ပြင်ဆင်ရန်

လန်ဒန်ပါဠိစာတော်မူအသင်းထုတ် ပါဠိအင်္ဂလိပ်အဘိဓာန်၌ ပုဂ္ဂိုလ်စသည်တို့၏ အမည်ဟော ပါဠိပုဒ်များကို မတွေ့ရပေ၊ ယင်းသို့ မတွေ့ရခြင်းမှာ ၎င်းအမည်များကို သီးခြားထုတ်၍ စီစဉ်ရိုက် နှိပ်ထုတ်ဝေထားသော အဘိဓာန်တစောင် ရှိပြီးဖြစ်သောကြောင့်ဖြစ်ပေသည်။ ၎င်းအဘိဓာန်ကား သီဟိုဠ်သား ပါဠိပညာရှိ ပါမောက္ခ ဂျီ၊ ပီ၊ မာလလဆေကရ ရေးသားအပ်သည့် Dictionaiy of Pali Proper Names ခေါ် ပါဠိအမည်အဘိဓာန် ဖြစ်ပေသည်။ ၎င်းကျမ်းတွင် ပါဠိ, အဋ္ဌကထာ စသည်တို့၌ လာသော အမည်များကို ထုတ်နုတ်၍၎င်းတို့၏ အဋ္ဌုပ္ပတ္တိစသည်များကို ပါဠိတော် အဋ္ဌကထာစသည်တို့မှပင် ထုတ်နုတ်ပြီး မကျဉ်းမကျယ် ရေးသားထားသည်ကို တွေ့ရပေသည်။ ပုဂ္ဂိုလ်အမည်များနှင့်တကွ တိုင်းပြည်မြို့ရွာစသည်တို့၏ အမည် သုတ်ဝဂ်စသည်တို့၏ အမည်များ ကိုပါ ထည့်သွင်းစီစဉ်ထားသဖြင့် လွန်စွာအဖိုးတန်သော ကျမ်းတစောင် ဖြစ်လေသည်။ ဥပမာ ပါဠိတော် အဋ္ဌကထာစသည်တို့၌ တွေ့ရသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အဋ္ဌုပ္ပတ်ကို အကျယ်သိလိုလျှင် ၎င်းအဘိဓာန်မှာပင် ကျမ်းညွှန်းများနှင့်တကွ ရှာဖွေဖတ်ရှုနိုင်ပေသည်။

ဤပြဆိုခဲ့ပြီးသည်တို့ကား တိပိဋက ပါဠိမြန်မာအဘိဓာန်ကျမ်းကြီး မပေါ်ထွက်မီ ပေါ်ထွက် နှင့်သော ပါဠိဘာသာဆိုင်ရာ ပြည်တွင်း, ပြည်ပ အဘိဓာန်တို့၏ အကြောင်းအရာအကျဉ်းချုပ် ဖြစ်ပေသည်။ [၁]

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်

ပါဠိစာပေ

သီဟိုဠ်ပါဠိစာပေ

မြန်မာနိုင်ငံပါဠိစာပေ

သဒ္ဒတ္ထရတနာဝလိမဟာပါဠိအဘိဓာန်

အဘိဓာနပ္ပဒီပိကာကျမ်း

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ ၁.၁၆ ၁.၁၇ ၁.၁၈ တိပိဋကအဘိဓာန် အတွဲ-၁၊ နိဒါန်း
  2. ၁။ နိဃဏ္ဋု၊၁၊၁၆။
  3. ၁။ တဏ္ဏံ ဝေဒါနံ ပါရဂူ သနိဃဏ္ဋုကေဋဘာနံ။ ဒီ၊၁၊၈၂-စသည်။
  4. ၁။ အဘိဓာန်ဋီကာဆရာကိုးကားခဲ့သော ကျမ်းစာတို့တွင် အချို့ကား-အမရကောသ, အမရကောသစိန္တာမဏိဋီကာ, နာနတ္ထသင်္ဂဟ, ကာတန္တ, ရုဒ္ဒကျမ်း, သူရိယသိဒ္ဓန္တ, ဧကက္ခရကောသ, ရတနကောသ, ရဘသ, ရတနမာလာ, နလစရိယာ, မာဃဋီကာ, မေဃဒူတကာဗျ, နာဋကရတနကောသ-တို့ ဖြစ်လေသည်။
  5. ၂။ တတိယမျက်နှာ ကြောင်းရေ-၂၇။
  6. ၁။ ဤပုဂ္ဂိုလ်သည် မင်းတုန်းမင်းတရားကြီးလက်ထက် အတွင်းဝန် လှေသင်းဝန် ဖြစ်လာသည်။
  7. ၁။ နိဒါန်း စာမျက်နှာ (င)။
  8. ၂။ ဥပမာ စာမျက်နှာ ၂၁၃-စသည် ကြည့်။
  9. ၁။ ကျမ်းကို ရေးသားပြီးသည့်နှစ်မှာ ၁၂၇၀-ပြည့်နှစ် ဖြစ်သော်လည်း ပုံနှိပ်သည့်နှစ်မှာ ၁၉၁၄ (၁၂၇၆) ခုနှစ် ဖြစ်သည်။
  10. ၁။ စာမျက်နှာ (ခ)။
  11. ၂။ ပါဠိဓာတ်တို့ကိုပြရာ၌(V) ဤသင်္ကေတဖြင့် ပြ၍ အနေကဿရဓာတ်တို့တွင် အဆုံးဗျည်း၌ သရမပါပဲ ပြခြင်းများ။ ဥပမာ(V)အံသ်။
  12. ၁။ ၎င်းကျမ်း၌ ပရာဘာသာ, အတ္တနောဘာသာ, ဥဘ(ယ)တောဘာသာ-ဟူသော ပါဏိနိဓာတုပါဌ၌ လာသည့် အသုံးအနှုန်းများနှင့် “ခိဒိ အဝယဝေတိ စန္ဒ ဝိဒုနော ဝဒန္တိ(နှာ-၆၇)”ဟူသော စကားတို့ကို ထောက်။
  13. ၁။ Concise Pāli English Dictionary,