မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ

မြန်မာနိူင်ငံတော် အိမ်စောင့်အစိုးရ ၂၀၂၃ ခုနှစ်တွင် အသက်သွင်းသည်
(ပြည်သူ့စစ်မှုထမ်းဥပဒေ မှ ပြန်ညွှန်းထားသည်)

မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ထိုးပြဋ္ဌာန်းခဲ့သော စစ်မှုမထမ်းမနေရဥပဒေ ဖြစ်သည်။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန် ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေ ကို ရုပ်သိမ်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်လိုက်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်ကြေညာစာအမှတ် ၂၇/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့သည်။[၁][၂] ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို တစ်နှစ်အတွင်း ပြဋ္ဌာန်းမည်ဟု ပြောကြားခဲ့ပြီး နှစ်နှစ်အကြာတွင် အာဏာတည်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။[၃][၄]

ဥပဒေပါ ပြဋ္ဌာန်းချက်များ ပြင်ဆင်ရန်

စစ်မှုထမ်းရမည့်သူများ ပြင်ဆင်ရန်

ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်အရ ပြည်သူ့စစ်မှုထမ်း ဆိုသည်မှာ ဤဥပဒေအရ စစ်မှုထမ်းဆောင်သည့် နိုင်ငံသားကိုဆိုလိုကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုကြောင်း ဖော်ပြထားသည်။[၁][၅][၂]

တာဝန်ထမ်းဆောင်ရမည့် ကာလကို နှစ်နှစ်ဟု သတ်မှတ်ထားပြီး ကျွမ်းကျင်သူဖြစ်ပါက သုံးနှစ်အထိ စစ်မှုထမ်းရမည်ဖြစ်သည်။ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်ပေါ်ခဲ့ပါက ပြည်သူ့စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း ဖော်ပြထားသည်။[၆]

ကင်းလွတ်ခွင့်ရသူများ ပြင်ဆင်ရန်

ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ကင်းလွတ်ခွင့်ရရှိမည့်ပုဂ္ဂိုလ်များမှာ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ ဖြစ်ကြောင်း သတ်မှတ် ထားသူများနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ ဖြစ်သည်။[၁][၂]

ပြစ်မှုများနှင့် ပြစ်ဒဏ်များ ပြင်ဆင်ရန်

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က မှတ်ပုံတင်ရန်အတွက် ဆင့်ခေါ်ချိန်နှင့် ဆေးစစ်ရန်အတွက် ဆင့်ခေါ်ချိန်တွင်လာရောက် သတင်းပို့ရန် ပျက်ကွက်ခြင်း၊ ဆေးစစ်ခြင်းအောင်မြင်သော်လည်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊ စစ်စည်းရုံးခြင်း အမိန့်ထုတ်ဆင့်ချိန်တွင် သတင်းပို့ရန် ပျက်ကွက်ခြင်း၊ မိမိဖော်ပြရမည့် အကြောင်းအရာတစ်ခုခုနှင့် စပ်လျဉ်း၍ မမှန်မကန်ဖော်ပြခြင်း၊ ပြည်သူ့စစ်မှုထမ်းရန် ကာလပြီးဆုံးသော မိမိ၏ အလုပ်သမားအား အလုပ်ခန့်ထားရန် ပျက်ကွက်ခြင်းတို့ကို အကြောင်းပြချက်မရှိပဲ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရန်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။[၁]

မည်သူမဆိုစစ်မှုထမ်းဆောင်ခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုသည့်အကြံဖြင့် မိမိကျန်းမာရေးအဆင့်အတန်းကို နိမ့်ကျစေလိုသောအကြံဖြင့် မိမိကိုယ်ကို အနာရောဂါ စွဲကပ်ဟန်ဆောင်ခြင်း၊ မသန်မစွမ်းဟန်ဆောင်ခြင်း၊မိမိကိုယ်ကို ရောဂါစွဲကပ်စေရန်လည်းကောင်း၊ မသန်မစွမ်း ဖြစ်စေရန်လည်းကောင်း ပြုလုပ်ခြင်း၊ မိမိ၏ အနာရောဂါကိုဖြစ်စေ၊ မသန်မစွမ်းခြင်းကိုဖြစ်စေ၊ ပျောက်ကင်းအာင် မကုသဘဲ တမင်နှောင့်နှေး ကြန့်ကြာစေရန် လည်းကောင်း၊ ပိုမိုဆိုးရွားလာစေရန်လည်းကောင်း ပြုခြင်း၊မိမိအလိုအလျောက် မိမိကိုယ်ကို အနာတရဖြစ်စေရန် ပြုခြင်း၊ အခြားနည်းများဖြင့် ပြုလုပ်ခြင်း ပြစ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။[၁]

ဤဥပဒေအရ ဆောင်ရွက်ရသော နိုင်ငံဝန်ထမ်းတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းဝင် တစ်ဦးဦးသည် မိမိတာဝန်ကို မရိုးမဖြောင့်သော သဘောဖြင့်ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအားသုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်းကောင်း၊ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်းကောင်းပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။[၁]

ဝေဖန်မှုများ ပြင်ဆင်ရန်

ဤကြေညာချက်ကြောင့် ပြည်သူလူထုမှာ စိုးရိမ်ပူပန်မှုများရှိခဲ့ပြီး ပြည်တွင်းစစ်တိုက်ပွဲများတွင် အထိနာနေသည့် စစ်ကောင်စီ တပ်အတွက် လိုအပ်နေသည့် စစ်သည်အင်အားပြန်လည် ဖြည့်တင်းရန်နှင့် လူသားဒိုင်းအဖြစ် အသုံးပြုရန်အထုပ်အပိုးများ၊စားရေရိက္ခာထုပ်များသယ်ရန် ထိုသို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။[၅]

တစ်နိုင်ငံလုံးအနှံ့ စစ်ရေးအကျပ်တွေ့နေသော စစ်ကောင်စီသည် တပ်အင်အားလျော့နည်းလာသဖြင့် ဤစစ်မှုထမ်းဥပဒေကို ပြန်အသက်သွင်းခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ၏ ပြောခွင့်ရသူက ဆိုသည်။[၂]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ "■ ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယနေ့မှစ၍ အာဏာတည်ကြောင်း နစက အမိန့်ထုတ်ပြန်" (in my)၊ Eleven Media Group Co., Ltd၊ ၁၀ ဖေဖော်ဝါရီ ၂၀၂၄။ 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ "စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် လေ့လာသူတွေ ဝေဖန်" (in my)၊ Radio Free Asia၊ ၁၁ ဖေဖော်ဝါရီ ၂၀၂၄။ 
  3. "စစ်ကောင်စီ ပြဋ္ဌာန်းဖို့ပြင်နေတဲ့ စစ်မှုမထမ်းမနေရ ဥပဒေ" (in my)၊ Radio Free Asia၊ ၄ ဖေဖော်ဝါရီ ၂၀၂၂။ 
  4. "စစ်မှုမထမ်းမနေရဥပဒေကို၂၀၂၂ခုနှစ်ထဲအကောင်အထည်ဖော်သွားဖို့စစ်ကောင်စီဥက္ကဋ္ဌပြော" (in my)၊ နိုင်ငံတကာမြန်မာ့သတင်း၊ ၄ ဖေဖော်ဝါရီ ၂၀၂၂။ 
  5. ၅.၀ ၅.၁ "စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်"၊ ၁၁ ဖေဖော်ဝါရီ ၂၀၂၄။ 
  6. "စစ်ကောင်စီအသက်သွင်းတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ လူထုဘယ်လိုအကျပ်ဆိုက်မလဲ" (in my)၊ BBC News မြန်မာ၊ ၁၁ ဖေဖော်ဝါရီ ၂၀၂၄။ 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်