လှဖေ (ပအိုဝ်းအမျိုးသားခေါင်းဆောင်)

(ဖြားဗွာလှဖေ မှ ပြန်ညွှန်းထားသည်)

ဖြားဗွာလှဖေ သို့မဟုတ် သထုံဦးလှဖေ[၁]သည် ပအိုဝ်းလူမျိုး နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။

၁၉၁၀ ခုနှစ် မတ်လ (၂၆)ရက်နေ့တွင် သထုံခရိုင် ဘီးလင်းမြို့နယ် ညောင်ပင်လင်တိုက်နယ် သံပရာပင်ရွာနေ အမိ ဒေါ်နန်းဆီး အဖ ဦးဒွန်းတို့မှ ဖွားမြင်သည့် တတိယမြောက်သားဖြစ်သည်။ မွေးချင်းမောင်နှမများမှာ အစ်မ နန်းစိန်ခင်နှင့် အစ်ကို ဦးလွန်းမောင်တို့ဖြစ်သည်။ ဦးလှဖေသည် အိမ်ထောင်ဆက်သုံးဆက်ရှိပြီး နောက်ဆုံးအိမ်ထောင်ဆက်မှာ ဟိုပုံးမြို့နယ် မုဲင်းကောင်ဒေသ ကျောက္ကဆျားရွာမှ ဒေါ်ဟုံဗဲဖြစ်သည်။ သားသမီးများမှာ နန်းအေးကြည်၊ ခွန်ဖေသန်း (ကျဆုံး)၊ ခွန်တမောင် (ကျဆုံး)၊ ခွန်ဖိုးတုတ်၊ ခွန်ဖိုးသိန်း (ခ) ခွန်စံလွင် (PNO) နှင့် နန်းဒွီး တို့ဖြစ်ကြသည်။

၁၉၁၆ မှ ၁၉၂၁ ထိ ညောင်ပလင်ရွာ မူလတန်းကျောင်းတွင် လည်းကောင်း၊ ၁၉၂၁ မှ ၁၉၂၄ ထိ ကျိုက်ထိုမြို့တွင် အလယ်တန်းဆင့် ပညာကို လည်းကောင်း၊ ၁၉၂၄ မှ ၁၉၂၇ ထိ မော်လမြိုင်မြို့တွင် အထက်တန်းဆင့် ပညာကိုလည်းကောင်း ဆည်းပူးခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီ၊ အက်စ်၊ စီ ဂုဏ်ထူးဘွဲ့ဖြင့် လည်းကောင်း၊ ၁၉၃၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်မှ ဥပဒေပါရဂူဘွဲ့ (B.L)ဖြင့်လည်းကောင်း ဆွတ်ခူးနိုင်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရမှ ကျင်းပပြုလုပ်သော မဲဆန္ဒရွေးကောက်ပွဲ၌ သထုံမြောက်ဘက် မဲဆန္ဒနယ်မှ ဥပဒေပြုလွတ်တော်အမတ်အဖြစ် အရွေးခံရသည်။ ၁၉၃၇ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရမှ ဖွဲ့စည်းပေးသော ဒေါက်တာဘမော် ဦးစီးသည့် ပါလီမန်လွှတ်တော်တွင် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ကရင်နှစ်သစ်ကူး၌ ကရင်၊ ပအိုဝ်းနှင့် အခြားတိုင်းရင်းသား စည်းလုံးညီညွတ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၃၉ မှ ၁၉၄၂ ခုနှစ်ထိ လွှတ်တော် အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၂ ခုနှစ် ဖက်ဆစ်ဂျပန်များ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ဂျပန်ဗိုလ်ချုပ်ကြီးအီးဒါးမှ ဖွဲ့စည်းပေးသော ယာယီအစိုးရတွင် ဦးလှဖေသည် ကုန်သွယ်ရေးစက်မှုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၁၉၄၃ ခုနှစ် ဩဂုတ်လတွင် ဖက်ဆစ်ဂျပန်အစိုးရမှ မြန်မာ့လွတ်လပ်ရေးကြေညာပေးပြီးနောက် ဦးလှဖေသည် သစ်တောနှင့် သတ္တုဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၄၅ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းထူထောင်ထားသည့် အရှေ့တောင်အာရှလူငယ်အစည်းအရုံးကိုလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၄၅ ခုနှစ် ဧပြီလတွင် ဖက်ဆစ်ဂျပန်များသည် ဒေါက်တာဘမော်ဦးစည်းသော အစိုးရများနှင့်အတူ ဦးလှဖေေလည်း ပါဝင်ပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်သို့ ဆုတ်ခွာခဲ့ရသည်။

၁၉၄၆ ခုနှစ် မတ်လတွင် ပထမပင်လုံညီလာခံ ခင်းကျင်းပြသသော ရှမ်းပြည်လက်မှုပညာပြပွဲသို့ ဖဆပလ ခေါင်းဆောင်များ၊ ရှမ်းစော်ဘွားများ၊ ကချင်ဒူဝါးများနှင့်အတူ ဦးလှဖေလည်း ပါဝင်တက်ရောက်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇွန်လတွင် ဦးလှဖေသည် ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့ချုပ်ကို သထုံမြို့ ရှိ ညောင်ဝိုင်းဘုန်းကြီးကျောင်း၌ ဖွဲ့စည်း ထူထောင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် KNU ကို ပြန်လည်ဖွဲ့စည်းခဲ့ရာ ဦးလှဖေသည် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထိုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပင်လုံစာချုပ်ညီလာခံတွင် ကရင်ကိုယ်စားလှယ်အဖြစ် တက်ရောက်လေ့လာခဲ့သည်။

၁၉၄၈ ခုနှစ် ဩဂုတ်လတွင် KNDO ကရင့်တော်လှန်ရေးတပ်ဖွဲ့သည် သထုံကို သိမ်းပိုက်နိုင်ပြီးနောက် ဦးလှဖေအား အုပ်ချုပ်ရေးတာဝန်ပေးအပ်ခဲ့သည်။ ၁၉၄၉ ခုနှစ် ဇူလှိုင်လတွင် ကရင်တပ်၊ ကချင်တပ်နှင့် ပအိုဝ်းတို့ ပူးပေါင်းပြီး တောင်ကြီးမြို့ကို သုံးလကြာ သိမ်းပိုက်ခဲ့သည်။ တောင်ကြီးမြို့ကို ပြည်ထောင်စုစစ်တပ်က ပြန်သိမ်းယူပြီးနောက် ဦးလှဖေသည် KNU ၌ ဒု-ဥက္ကဋ္ဌရာထူးကို နုတ်ထွက်စာတင်ခဲ့သည်။

ထို့နောက် မိမိပိုင်ဆိုင်သော ငွေ (၁၅)သိန်းကို မော်လမြိုင်ဘဏ်နှင့် ရန်ကုန်ဘဏ်တိုက်မှ အခြားလူယုံတဦးအား ထုတ်ယူစေခဲ့သည်။ ၎င်းငွေဖြင့် KNU ထံလက်နက်များ တပ်ရင်း(၃)ရင်းစာ ဝယ်ယူပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် စနစ်တကျ ဖွဲ့စည်းထူထောင်ပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လှုပ်ရှားခဲ့သည်။ ပအလဖ သည် ၁၉၅၈ ခုနှစ် မေလ (၅)ရက်နေ့တွင် ဖဆပလ၏ လက်နက်နှင့်ဒီမိုကရေစီလဲလည်ရေးစစ်ဆင်ရေးကြောင်း လူအင်အား ၁၀၀၀ ဖြင့် လက်နက်ချအလင်းဝင်ခဲ့သည်။

၁၉၆၀ ခုနှစ်တွင် ပြည်လုံးကျွတ်ပါလီမန်ရွေးကောက်ပွဲ၌ ရွေးကောက်ခံရသော ပအမဖ အမတ် (၃)ဦးအနက် ဦးလှဖေလည်း ပါဝင်သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလတွင် တောင်ကြီးမြို့တွင် ပြည်နယ်များ ညီညွတ်ရေး ညီလာခံ၌ ဦးလှဖေေ တက်ရောက်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလတွင် ရှမ်းပြည်အနေဖြင့် ပြင်ဆင်ညှိနှိုင်းသည့် ဖက်ဒရယ်မှုဝါဒတွင် ပအမဖ အဖွဲ့ဝင်များဖြစ်သော ဦးလှဖေေ၊ ဦးဖြူနှင့် ကျော်စိန်တို့လည်း ပါဝင်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းသော တိုင်းရင်းသားကော်မတီအဖွဲ့ကို ဦးလှဖေက ဥက္ကဋ္ဌ နေရာယူခဲ့သည်။ ထိုအဖွဲ့ဥက္ကဋ္ဌဖြစ်သော ဦးလှဖေေ၏ ခေါင်းဆောင်သည့် (၆)ခရိုင်ဆန္ဒပြပွဲကို လူထု (၁)သိန်းကျော်တက်ရောက်ပြီး ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဆန္ဒပြပွဲကို ဦးလှဖေေနှင့် သခင်ကိုယ်တော်မှိုင်းတို့အသီးသီး မိန့်ခွန်းမြွတ်ကြားခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ဦးလှဖေေသည် အစိုးရဖမ်းဆီးခြင်းခံရပြီး ၁၉၇၁ ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာခဲ့သည်။ ၁၉၇၂ ခုနှစ် ဇွန်လတွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာလာပြီး တော်လှန်ရေးနယ်မြေသို့ ပြန်ရောက်ရှိခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးတွင် ဥက္ကဋ္ဌ တာဝန်ကို ဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် တောင်ကြီးမြို့နယ် ပန်တွန်ရွာ၌ ရင်ကြပ်ရောဂါ‌ဝေဒနာဖြင့် ကွယ်လွန်ခဲ့သည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ပအိုဝ်းတစ်မျိုးသားလုံး ပါဝင်ဆောင်ရွက်ရန် PNLO တိုက်တွန်း (in en-gb)။ 28 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. ခွန်စောက်အာႏ-မုဲင်းကောင်၊ တပေါင်းလက်ဆောင်(ဒဲဉ်သီႏလက်ဆောင်ႏ)စာစောင် အမှတ်-၁၆

ပအိုဝ်းလူငယ်စာဆောင် အမှတ် (၂)မှ ကောက်နှုတ်ထားသည်။