ဘဦး၊ ဦး

သတင်းစာဆရာနှင့် ဥပဒေပြုအမတ်

မွေးရပ်နှင့်ပညာရေး ပြင်ဆင်ရန်

သက္ကရာဇ် (၁၂၅၇) ခုနှစ်တွင် မန္တလေးမြို့၊ ဒေးဝန်းရပ်၌ ဦးဘဦးကို မွေးဖွား၍ ဖခင်မှာ လက်နက်တိုက် စာရေးတော်ကြီး ဦးယော ဖြစ်သည်။ ဦးဘဦး၏ အဘိုးမှာ မင်းတုန်းမင်းလက်ထက် မဟာမင်းထင် သင်္ခရာဘွဲ့ခံ၊ တဘက်ရွာ (၇) ရွာစား စာဆိုတော် ဦးမြရစ် ဖြစ်၏။ အမိမှာ ဒေါ်ညွှန့်ဖြစ်သည်။ မွေးချင်းသုံးယောက်တွင် အကြီးဆုံးဖြစ်သည်။ ဦးဘဦးသည် ငယ်စဉ်က ရွှေရေးဆောင်တိုက်ဆရာတော်ထံမှ မြန်မာစာပေ သင်ကြားခဲ့ပြီး (၁၂) နှစ်အရွယ် ရောက်သည့်အခါ အင်္ဂလိပ်-မြန်မာစာကို အမေရိကန်ကျောင်းတွင် ဆက်လက်သင်ကြားခဲ့သည်။ ထိုကျောင်းမှ ဆယ်တန်းအောင်ပြီးနောက် ဆရာဖြစ်သင်ကျောင်းတွင် ဆက်တက်ကာ ဆရာဖြစ်သင်အောင်ပြီး "ဗုဒ္ဓသာသန နုဂ္ဂဟ" ကျောင်းကြီး၌ ကျောင်းဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။

ကျောင်းဆရာဘဝနှင့်နိုင်ငံရေးစိတ်ဓာတ် ပြင်ဆင်ရန်

ဦးဘဦးမှာ ငယ်စဉ်ကပင် နိုင်ငံရေးစိတ်ဓာတ် ရင့်သန်သူတစ်ဦး ဖြစ်သည့် အားလျော်စွာ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးတို့ကို ကျောင်းဆရာဘဝကပင် ကြိုးပမ်း ဆောင်ရွက်ခဲ့လေသည်။ ထိုစဉ် ကိုလိုနီအစိုးရ၊ ပညာရေးဌာနက ကျောင်းဆရာများ နိုင်ငံရေးမလုပ်ရဟု တားမြစ်သောကြောင့် ဦးဘဦးမှာ ကျောင်းဆရာဘဝက ထွက်ခဲ့ပြီး ပဟိုရ်စည်ဂျာနယ် (သတင်းစဉ်) ကို (၁၂၈၃) ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။

သတင်းစာဆရာဘဝတွင်လည်း ပညာရေး၊ မြို့ရွာရေး၊ အမျိုးသားရေး၊ နိုင်ငံရေးတို့ကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့လေသည်။ ဦးဘဦးမှာ (၁၂၈၃) ခုနှစ်တွင် မန္တလေးမြို့၌ ကျင်းပခဲ့သော ဝံသာနု ဂျီစီဘီအေ နိုင်ငံလုံးဆိုင်ရာ နဝမမြောက် ကွန်ဖရင့် အစည်းအဝေးကြီးတွင် အတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် အင်္ဂလန်ပြည်မှ အိမ်ရှေ့ဥပရာဇာ ဝေလမင်းသား မြန်မာပြည်သို့ တိုင်းခန်းလှည့်လည်လာစဉ် ဦးဘဦးမှာ ထိုမင်းသား ကြိုဆိုရေး သပိတ်မှောက်ခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် ရခိုင်ပြည်၊ စစ်တွေမြို့သို့ အကျယ်ချုပ်ဖြင့် ပထမအကြိမ် အပို့ခံခဲ့ရသည်။


အမတ်ဘဝနှင့်ဝန်ကြီးဘဝတာဝန်များ ပြင်ဆင်ရန်

[၁] ဦးဘဦးမှာ ဒိုင်အာခီအစိုးရ လက်ထက်တွင် ဥပဒေပြုအမတ်အဖြစ် (၃) ကြိမ် အရွေးခံရလေသည်။ မန္တလေးမြို့၊ ဗဟိုအမျိုးသား အထက်တန်းကျောင်း၌ ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊ မန္တလေးမြူနီစပယ်၌ မြို့တော်ဝန် အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဦးဘဦးမှာ နိုင်ငံရေးအသင်းဖြစ်သော မန္တလေး (၂၁)ဦးနှင့် ငါးပွင့်ဆိုင်အဖွဲ့ ခေါင်းဆောင်ဖြစ်သည့်အပြင် ၁၃၀၀ ပြည့်နှစ်၊ ၉၁ ဌာနအုပ်ချုပ်ရေး ညွှန့်ပေါင်းအစိုးရအဖွဲ့တွင် အခွန်တော်ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ တွင် ဗြိတိသျှ အစိုးရက ဆာဘွဲ့ ချီးမြင့်ခဲ့သည်။

လွတ်လပ်ရေးရသောအခါ မြန်မာနိုင်ငံအတွက် သင့်တော်သော အုပ်ချုပ်ရေးစည်းမျဉ်းများ ရေးဆွဲကြရန် ထိုစဉ်က နိုင်ငံရေးအဖွဲ့ အသီးသီးအား တာဝန်ပေးခဲ့ရာ ဦးဘဦး ခေါင်းဆောင်သော ဒို့ဘုရင်ဝါဒအဖွဲ့ကလည်း မြန်မာအုပ်ချုပ်ရေးစည်းမျဉ်း ရေးဆွဲတင်ပြခဲ့ လေသည်။ ထိုအုပ်ချုပ်ရေး စဉ်းမျဉ်းမှာ မြန်မာအုပ်ချုပ်ရေး ပညာရပ်ကြီးကို အခြေခံထားပြီး ရေးဆွဲခဲ့သော စည်းမျဉ်းဖြစ်လေသည်။

စိတ်ထိခိုက်ခဲ့ရသောဦးဘဦး ပြင်ဆင်ရန်

ထို့နောက် ၁၃၀၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၉၁ ဌာန အစိုးရလက်ထက်၊ ကာကွယ်ရေးပုဒ်မဖြင့် ဦးဘဦးမှာ စစ်တွေထောင်သို့ ဒုတိယအကြိမ် အပို့ခံခဲ့ရလေသည်။ ၁၃၀၄ ခုနှစ်၊ ဂျပန်များ စစ်တွေမြို့ကို ဗုံးကြဲသဖြင့် ဦးဘဦးမှာ ထောင်မှလွတ်မြောက်ကာ ခြေလျင်ခရီးဖြင့် တောအထပ်ထပ်၊ တောင်အထပ်ထပ်ကို ကျော်ကာ မန္တလေးမြို့အရောက် ထွက်ပြေးလာခဲ့သည်။ ဂျပန်ဗုံးဒဏ်ကြောင့် မန္တလေးမြို့ကြီး ပြာပုံဘဝရောက်နေသည်ကို မြင်တွေ့ရသောအခါ ဦးဘဦးမှာ စိတ်အထိခိုက်ကြီး ထိခိုက်ယူကြုံးမရ ဖြစ်လေသည်။ [၂]

ဘဝနိဂုံး ပြင်ဆင်ရန်

ခရီးလမ်းမှ ငှက်ဖျားရောဂါ စွဲကပ်လာခဲ့သည်က တစ်ကြောင်း၊ ခြေလျင်လာခဲ့ရသော ခရီးက လွန်စွာကြမ်းတမ်းသဖြင့် အားအင်ချိနဲ့ ပင်ပန်းသည်က တစ်ကြောင်းကြောင့် ဦးဘဦးမှာ မန္တလေးမြို့ မြောက်ဘက်ရှိ ကန်ပိုင်ရွာ၌ ဇနီး၊ သားသမီးများနှင့်အတူ စစ်အတွင်း ခေတ္တ ပြောင်းရွှေ့နေထိုင်စဉ် (၁၃၀၄) ခုနှစ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။

ရေးသားခဲ့သောပညာရေးကျမ်း ပြင်ဆင်ရန်

"မြန်မာ့အုပ်ချုပ်ရေးပညာကျမ်း" ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် စစ်တွေထောင်အတွင်း၌ ရေးသားပြုစုခဲ့ရာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သောကျမ်းကို ပုံနှိပ်ရန် စီစဉ်ဆဲဟု သိရသည်။

ရည်ညွှန်းကိုးကား ပြင်ဆင်ရန်

  1. မြန်မာအုပ်ချုပ်ရေးပညာ (ဦးဘဦး)၊ ဦးဧမောင် (ပဟိုရ်စည်) တည်းဖြတ်။ ပဟိုရ်စည် သတင်းစာတိုက်၊ မန္တလေး (၁၃၀၂-ခုနှစ်)
  2. ကိုလိုနီခေတ် မြန်မာသမိုင်း အဘိဓာန် (မြဟန်)၊ တက္ကသိုလ်များသမိုင်း သုတေသနဌာန ၊ ၁၉၉၉ ခုနှစ်