ဘူရိဒတ်လင်္ကာကြီးမှာ လွန်ခဲ့သောနှစ်ပေါင်း ၉၂၀(အကိုးအကားလိုအပ်) ကျော်ခန့်က ရေးသားခဲ့သည် လင်္ကာကြီးတစ်ခုဖြစ်သည်။ ယင်းလင်္ကာကြီးကို ရေးသားသူမှာ အင်းဝခေတ် ဆရာတော် သျှင်မဟာရဋ္ဌသာရ ဖြစ်သည်။ ဆရာတော်သည် သက်တော် တစ်ဆယ့်ခြောက်နှသ်အရွယ် လူအဖြစ်နှင့်စ၍ ရေးသားခဲ့ရာ အသက် ၂၀ ရဟန်းဘဝရောက်မှသာ ဘူရိဒတ်လင်္ကာကြီးကို နိဂုံးကမ္ပတ် အပြီးသတ်ခဲ့လေသည်။ ဘူရိဒတ်လင်္ကာကြီး၏ မှီငြမ်းပြုရာကျမ်းမှာ တေ-ဇ-သု-နေ-မ၊ ဘူ-စန်-နာ-ဝိ-ဝေ ဟူသော ဇတ်တော်ကြီး ဆယ်ဘွဲ့တွင် ဆဋ္ဌမမြောက် ဘူရိဒတ္တ ဘူရိဒတ်ဇာတ်တော်ပင် ဖြစ်သည်။ ဇာတ်နိပါတ်တော်များကို ကဗျာလင်္ကာသွားဖြင့် မြန်မာပြန် ဖွဲ့ဆိုရေးသားကြရာတွင် ဘူရိဒတ်လင်္ကာကြီးသည် အဦးအစ ပထမဆုံးဖြစ်၍ နှောင်းဇာတ်တော်ဘွဲ့ပျို့ ကဗျာလင်္ကာများမှာ ဤဘူရိဒတ် လင်္ကာကြီးကို နည်းမှီဘွဲ့ဆိုရေးသားကြရပေသည်။

ဘူရိဒတ်လင်္ကာကြီးအား ပေမှ စက္ကူပေါ်သို့ ရောက်သည်အထိ ရေးသားမှတ်တမ်းတင်ထားသည့်စာအုပ်၏ ပထမဆုံးစာမျက်နှာ

ဘူရိဒတ်လင်္ကာ အပိုင်းကဏ္ဍ ပြင်ဆင်ရန်

ဘူရိဒတ် ဇာတ်တော်တွင် ဘူရိဒတ် နဂါးမင်း၏ အကြောင်းအရာ ဝတ္ထုဇာတ်လမ်းနှင့် ဘူရိဒတ်နဂါးမျင်း ဟောကြားအပ်သော တရားတော်များဟူဿ ၂ ပိုင်း၊ ၂ ကဏ္ဍရှိရာ ဝတ္ထုဇာတ်လမ်းကို

  1. နဂရခန်
  2. ဥပုသ်ခန်း
  3. အိပ်မက်ခန်း
  4. အလမ္ပာယ်ခန်း
  5. ဗြာဟ္မခန်း၊နှင့်
  6. နဂရပဝေခန်း ဟူ၍ အခန်း ၆ ခန်း ပိုင်းခြား၍ ဘူရိဒတ်လင်္ကာကြီးဟု အမည်ပေးပြီးလျှင် ကျန်တရားတော်များနှင့် ဇာတ်ပေါင်းခန်းကိုမူ ဘူရိဒတ် ဇာတ်ပေါင်းပျို့ဟု သီးခြားအမည်တပ်လျက် စာနှစ်ဆူအဖြစ် ဖွဲ့ဆိုရေးသားတော်မူခဲ့သည်။ ထို့ကြောင့် ဘူရိဒတ် ဇာတ်ပေါင်းပျို့တွင်

ဓတရဋ္ဌ၊ နာဂသနင်း၊ ရေမင်း မျိုးမြတ်၊ အပတ်တကုတ်၊ သမုဒ္ဒဇာ၊ ပန်ထွာသောအား၊ မင်းဖျားပရမေ၊ ဆောက်နှင်းပေသော်၊ ဆောင်လေသာကြည်၊ နဂါးပြည်၌၊ နေသည်တကွ၊ ခြင်းရာပြသား၊ နဂရခန်း၊ ရှေ့နိဒါန်းလည်း

ဟူ၍လည်းကောင်း။

ဒေဝသီရိ၊ သမ္ပတ္တိကို၊ မြင်ဘိရကား၊ ဝမ်းတော်ပါး၍၊ ကြိုးစားသီတင်း၊ သုံးလေလျှင်းသား၊ အခြားဆောင်ညွှန်း၊ ဥပုသ်ခန်းဟု၊ နိဒါန်းခေါ်ထွေ

ဟူ၍လည်းကောင်း။

မယ်တော်မိခင်၊ အိပ်မက်မြင်သော၊ ပုံပြင်ခင်းခင်း၊ မင်းရှေ့ကျင်း၍၊ သန့်ရှင်းဝါဒ၊ သာခလျဖြင့်၊ ရသစိတ်ဖြာ၊ အလင်္ကာ၌၊ ကရုဏာမည်ထ၊ သုပိနဟု၊ ပြခဲ့ပိုင်းခြား၊ တခန်းထားမှ

ဟူ၍လည်းကောင်း၊။

ဘုရားလျာကို၊ လွတ်ရာတွင်ရွေ့၊ စေ့စေ့နိဒါန်း၊ လမ္ပာယ်ခန်းဟု၊ ညွှန်းခဲ့သင်းသီ

ဟူ၍လည်းကောင်း။

မိစ္ဆာပုဏ္ဏား၊ သားနှင့်တကွ၊ တွေ့ကြလေဟန်၊ ပြန်ပေတုံထ၊ ချဉ်းကာပြသား၊ ဗြဟ္မာဏခန်း၊ သာလွန်းချိုမြ၊ ပဉ္စမနှင့်၊ နဂရပဝေ၊ ထက်လေတုံရှောင်း၊ လုံးစုံပေါင်းသော်၊ ရှေးဟောင်းစိစစ်၊ ခြောက်ခန်းဖြစ်၏

ဟု ပြဆိုရေးသားတော်မူခဲ့သည်။

ဘူရိဒတ်လင်္ကာကြီးကို ရေးသားစဉ်က သျှင်မဟာရဋ္ဌသာရသည် ၁၆ နှစ်အရွယ်မျှသာရှိသေး၍ လောကီ၊ လောကုတ္တရာ စာပေပညာမှာ ကောင်းစွာတတ်မြောက်ဟန် မရှိသေးဟု တွေးထင်မှတ်ယူကာ မိမိပြုစုသော ဘူရိဒတ်လင်္ကာကြီးအပေါ် အထင်သေး၊ အမြင်သေး ဖြစ်ကြမည်အရေးကို မျှော်တွေး၍ ၁၆ နှစ်အရွယ် သူငယ်ပင်ဖြစ်သော်လည်း အတတ်ပညာကို ကြိုးစားသင်ကြားသဖြင့် မည်မျှတတ်မြောက်နေသည်ကို ပြဆိုလို၍-

မှတ်လော့မှန်စွာ၊ အကြင်ငါကား၊ မန္ဒာခိဍိ၊ စသည်တို့တွင်၊ စိစစ်ကျင်သော်၊ ပေါ်လွင်မြူးရယ်၊ ပျံ့ဖြူးဘွယ်သား၊ တဆယ်ကျူးမြောက်၊ သူသိလောက်က၊ ဆယ့်ခြောက် နှစ်အောင်၊ သူတော်ဘောင်၌၊ ဆယ်စောင်ဇာတ်မျိုး၊ ပါဌ်ရိုးဂါထာ၊ ငါးရာဧက်ဒုက်၊ ကောင်းဟုတ်ဗေဒင်၊ သင်္သကရိုဋ်၊ အလိုက်အဖက်၊ လေ့ကျက်ဖွယ်ဖွယ်၊ သရာဇ္ဈယ်မှ၊ နည်းကျယ် သဒ္ဒါ၊ ကစ္စည်းမှာလည်း၊ နှုတ်ပါရွရွ၊ ဓာရဏဖြင့်၊ ဗုဒ္ဓဝံသာ၊ စဉ်တိုင်းလာသား၊ ပညာပါရမီ၊ ဖြည့်သည့်ပြီဟု၊ တန္ဓီခိုင်းနွယ်၊ ဆုကြီးရွယ်လျက်

- ဟု ဘူရိဒတ်ဇာတ်ပေါင်းပျို့တွင် စပ်ဆိုခဲ့လေသည်။

ဘူရိဒတ်လင်္ကာဖွဲ့ဆိုခြင်းအကြောင်းအရင်း ပြင်ဆင်ရန်

ဘူရိဒတ်လင်္ကာကြီးကို ရေးသားခြင်းသည် ကဗျာလင်္ကာနှင့် စာပေကျမ်းဂန်တတ်မြောက်သည်ကို သူတပါးသိစေလို၍ ရေးသလေား၊ ထင်ပေါ်ကျော်စောလို၍ ရေးသလော၊ သူတပါးရေးပြီးသော စာပေကို မိမိစာပေဖြင့် ဖိနှိပ်လို၍ ရေးသလော၊ သို့မဟုတ် အမှန်ဖြစ်စေလို၍ ရေးသလော၊ မသိနားမည်သေးသော သူတို့အား ကရုဏာရှေ့ထား သဒ္ဓါတရားဖြင့် ရေးသလောဟု တွေးတောဖွယ် အကြောင်းရှိနေပြန်သဖြင့် မိမိရေးသားရခြင်း၏ အကြောင်းရင်းမှန်နှင့်တကွ မည်သို့မည်ပုံ ရေးသားခဲ့ခြင်းများကို ပြဆိုလို၍ ဖတ်ရှုမှတ်သားသူတို့အား မှတ်လွယ်စေရန်၊ နားဝင်လွယ်စေရန်အတွက် လည်းကောင်း၊ အနုအကြမ်း၊ ပီတိအရသာ စသည်တို့ဖြင့် ပေါင်းစပ်၍ လင်္ကာဖွဲ့ရေးသားသည်ကိုလည်းကောင်း ရေးသားပြီး လူမှုအကျိုး၊ သာသနာအကျိုးကို ပြုလျှင် မိမိ၏နှလုံးသည်လည်းရွှင်နိုင်မည်ဖြစ်သည်ကို ဇာတ်ပေါင်းပျို့တွင် ရေးသားခဲ့သည်။

ရသ ၉ ပါး ပြင်ဆင်ရန်

ဘူရိဒတ် လင်္ကာကြီးဤ အလင်္ကာရသ တို့သည် အခန်းအားလျော်စွာ အကြောင်းအရာ အားလျော်စွာ တည်ရှိကြပေသည်။ အထူးသဖြင့် နဂါးမနှင့် မင်းသား တွေ့ခန်းတွင် ချစ်ရေးကြိုက်ရေးပြ သိင်္ဂါရ ရသကိုလည်းကောင်း၊ စူဠလိပ်တမန်သည် ခန်းတွင် ရယ်ရွင်ဖွည်ပြ ဟဿရသကိုလည်းကောင်း၊ မယ်တော်သမုဒ္ဒဇာ အိပ်မက်ခန်းတွင် သနားကြင်နာဖွယ်ပြ ကရုဏာ ရသကိုလည်းကောင်း၊ ဘူရိဒတ်ကို ဖမ်း၍ ညှဉ်းဆဲနှိပ်စက်သည့် အလမ္ပာယ်ပုဏ္ဏားခန်းတွင် ကြည့်ရှုနားထောင်းသူတို့ စိတ်ခက်ထန်ဖွယ် ဒေါသဖြစ်ဖွယ် ရုဒ္ဓရသကိုလည်းကောင်း၊ ဘူရိဒတ်နဂါးမင်း၏ မကြောင်မရွံ့ အဓိဋ္ဌာန်ပြုခန်းတွင် ရဲရင့်စိတ်ပြ ဝီရရသကိုလည်းကောင်း၊ သမုဒ္ဒဇာကို မပေးသဖြင့် နဂါးများ ဗာရာဏသီပြည်လုံးအပြည့် ဝင်ရောက်နေခန်းတွင် ကြောက်ဖွယ် ထိပ်လန့်ဖွယ်ပြ ဘယာနကရသကိုလည်းကောင်း၊ ထိုအခန်းသည်ပင် အချို့သူတို့အဖို့ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ ဝိဘစ္ဆရသကိုလည်းကောင်း၊ နဂါးနှင့် ဖားမတန်းခိုးပြိုင်ခန်းတွင် အံ့ဩဖွယ်ပြ အဗ္ဘုတရသကိုလည်းကောင်း၊ ဘူရိဒတ်နဂါးမင်ငြိမ်သက်တည်ကြည်စွာ ဥပုသ်စောင့်သုံးနေခန်းတွင် ကိုယ်စိတ်ငြိမ်းချမ်းဖွယ်ပြ သန္တရသကိုလည်းကောင်း အသီးသီးပါရှိနေသည်ကိုတွေ့ရသည်။

မှတ်သားဖွယ်ရာဗဟုသုတများ ပြင်ဆင်ရန်

ဘူရိဒတ်လင်္ကာကြီးတွင် မှတ်သားဖွယ်ကောင်းသည့် ဗဟုသုတပေး လင်္ကာများလည်း အများအပြားပါရှိ၏။ မင်းသားက နဂါးမကို နန်းတော်သို့ လိုက်၍ မိဖုရားကြီးပြုရန် အပါခေါ်ရာတွင် အချို့လူတို့ စိတ်သဘောထားမကောင်း၍ မလိုက်လိုကြောင်းဖော်ပြထားသော အရေးအသားများ၊ လူတို့အမွန်အမြတ်ထား၍ သုံးဆောင်ကြသော ရတနာ ၁၀ပါးမှာ ၂မျိုး၂စားရှိကြောင်း ပြဆိုသော အရေးအသားများ၊ နေသာဒပုဏ္ဏားသည် အလမ္ပာယ်ထံမှ ပတ္တမြားကို အလိုရှိသဖြင့် နတ်စည်းစိမ်ပေးဖူးသော ဘူရိဒတ်နဂါးကို ပြ၍ ပတ္တမြားနှင့် နဂါးကိုလှဲလှယ်လိုကြောင်း သားဖြစ်သူ မဒတ္တလုလင်အား တိုင်ပင်ရာ သောမဒတ္တလုလင်သည် စိတ်ထားမွန်မြတ်သူဖြစ်ပြီး ကျေးဇူးရှင်အား ကျေးဇူးကိုချေဖျက်ရန်မသင့်ကြောင်းသားက အဖအား ဆုံးမပုံကို မှတ်သားဖွယ် စပ်ဆိုထားသည်များကိုလည်းကောင်း လေ့လာတွေ့ရသည်။ ထို့ပြင် ဦးပုညသည် ဆဒ္ဒန်ဆင်မင်းဝတ္ထု သောဏုတ္တရမုဆိုး၏ ကိုယ်လက်အင်္ဂါကြံအင်လက္ခဏာကို ပြသရာတွင် သူယုတ်လက္ခဏာ ရှစ်ပါးသာပြသည်၊ သျှင်မဟာရဋ္ဌသာရမူကား နေသာဒမုဆိုးပုဏ္ဏား၏ ရုပ်လက္ခဏာတို့ကို ထုတ်ဖော်စပ်ဆိုရာ၌ ဦးပုညထက်သာလွန်လျှက် သူယုတ်လက္ခဏာ ၁၀ ပါး ရှိကြောင်းစပ်ဆိုထားသည်ကိုတွေ့ရသည်။ ဘူရိဒတ်သည် ဥပုသ်စောင့်ရာမှ ထသောအခါ နတ်လုလင်အသွင်ဖြင့် နဂါးမတို့၏ ဖျော်ဖြေခြင်းကို ခံယူစဉ် နေသာဒပုဏ္ဏားတွေ့မြင်၍ တအံ့တဩ ချီးကြူးစကားဆိုရာတွင် နဂါးလုလင်ပုံပေါ်အောင် စပ်ဆိုထားသည်မှာ အလွန်ဖတ်ရှု၍ကောင်းပါသည်။

ပထမအကြိမ်ပုံနှိပ်ခြင်း ပြင်ဆင်ရန်

ယနေ့ခေတ်တွင် ရှားပါးစာအုပ်အဖြစ်မှတ်တမ်းဝင်နေပြီးဖြစ်သော ဤဘူရိဒတ်လင်္ကာကြီး စာအုပ်ကို ဟံသာဝတီ ပုံနှိပ်တိုက်မှ ပထမဆုံးအကြိမ်အဖြစ် ၁၉၀၈ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၉၆၄ခုနှစ် မေလ တွင် ဒုတိယအကြိမ်အဖြစ် ၎င်းပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့ပြန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဘူရိဒတ်လင်္ကာကြီး၊ ဟံသာဝတီစာပုံနှိပ်တိုက်၊ ၁၉၆၄ခုနှစ်၊ မေလ၊