မယ်တော်မာယာ

ဘုရားအလောင်း သိဒ္ဓိတ္ထမင်းသား၏ မယ်တော်
(မယ်တော်မာယာ(သိရီမဟာမာယာဒေဝီ) မှ ပြန်ညွှန်းထားသည်)

ဒေဝဒဟပြည့်ရှင်အဉ္စနမင်း နှင့် ယသောဓရာမိဖုရားကြီးတို့မှ ဖွားမြင်သောသမီးတော်ဖြစ်၍၊ ကပိလတ်ပြည် သီဟဟနုမင်းသား၏သားတော် သုဒ္ဓေါဒနမင်းနှင့် စုံဖက်ရာတွင် အလောင်းတော် သိဒ္ဓတ္ထကုမာရ မင်းသားကိုဖွားမြင်သည်။ ထို့ကြောင့် မယ်တော်မာယာ ဟုခေါ်ဆိုကြသည်။

မာယာ
ပဲရစ်မြို့ရှိ ၁၉ ရာစုနှစ် မာယာ၏ ရုပ်တု
မွေးဖွားမာယာ
ဒေဝဒဟပြည်၊
ကွယ်လွန်သက္ကတိုင်း၊ ကပိလဝတ်ပြည်။
အခြား အမည်များမဟာမာယာ
အိမ်ထောင်ဖက်(များ)သုဒ္ဓေါဒနမင်းကြီး
သားသမီးဂေါတမဗုဒ္ဓ
မိဘ(များ)ဇယသေနမင်း (ခမည်းတော်), ယသော်ဓရာ (မယ်တော်)
ဆွေမျိုးသားချင်းသုပ္ပဗုဒ္ဓမင်း၊ ဒဏ္ဌပါဏိ (မောင်တော်)၊ ဂေါတမီထေရီ (နှမတော်)

ဂေါတမမြတ်စွာဘုရား၏ မယ်တော် ဖြစ်သော သိရီမဟာမာယာဒေဝီ၏ အမျိုးအနွယ် အစဉ်အဆက်မှာ ဩက္ကာမုခမင်းမှစ၍ ဇယသေနမင်းတိုင်အောင် ရှစ်သောင်း နှစ်ထောင် တစ်ကျိပ်သော မင်းတို့သည် ကပိလဝတ်ပြည်ကြီးကို စိုးမိုးအုပ်ချုပ် မင်းလုပ်ခဲ့ကြလေသည်။ အခြား အမျိုးတို့နှင့် ထိမ်းမြားလက်ထပ်ခြင်း မပြုဘဲ၊ မိမိတို့ အမျိုးတွင်း၌သာ လက်ထပ်ထိမ်းမြားခြင်း ပြုကြသောကြောင့် သာကီဝင် မင်းမျိုးဟု ခေါ်ကြသည်။

ထိုသာကီဝင်မင်းမျိုးတို့ ရေဖျန်းကစားရာ ရေအိုင်ကြီးသည် အလွန်ကြီးကျယ်၏။ သာကီဝင်မင်းမျိုးတို့သည် ထိုရေအိုင်ကြီး၏ အနီး၌ မင်းကွန်းတည်းနန်းဆောက်၍ ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြ၏။ ထိုသို့ နေခဲ့ကြရာမှ ကာလကြာရှည် လတ်သော်ကပိလဝတ်ပြည်မှ တသီးတခြားဖြစ်၍ ဒေဝဒဟပြည် ဟု ခေါ်တွင် ပေါ်ပေါက်လာခဲ့လေသည်။ ကပိလဝတ်နှင့် ဒေဝဒဟ နှစ်ပြည်ထောင်တို့သည် သာကီဝင် မင်းမျိုးသာ ဖြစ်ကြ၍၊ အမျိုးချင်း ဖလှယ်ကာ၊ ရွှေလမ်း ငွေလမ်း သွယ်တန်းခြင်း အမှုကို ပြုခဲ့ကြလေသည်။

ကပိလဝတ်ပြည် ဗယသေနမင်း၏ သမီးတော် ယသောဓရာနှင့် ဒေဝဒဟမင်း၏ သားတော် အဉ္စန (မဟာ သုပ္ပဗုဒ္ဓ) မင်းတို့စုံဖက်ကြရာတွင် သိရီမဟာမာယာမင်းသမီး၊ မဟာပဇာပဘိဂေါတမီ မင်းသမီး၊ မောင်တော် ဒဏ္ဌပါဏိ၊ ညီတော် သုပ္ပဗုဒ္ဓ ဟူသောသားတော် သမီးတော် လေးပါးကို ဖွားမြင်ခဲ့လေသည်။

ဤလေးပါးမှ သိရီမဟာမာယာမင်းသမီးနှင့် ကပိလဝတ်ပြည် သီဟဟနုမင်း၏ သားတော် သုဒ္ဓေါဒနမင်းတို့ စုံဖက်ခဲ့ကြရာမှ ဘုရားအလောင်းတော် သိဒ္ဓတ္ထကုမာရ မင်းသားကို ဖွားမြင်ခဲ့လေသောကြောင့် မယ်တော်မာယာ ဟူသော ဂုဏ်ထူးဖြင့် ချီးကျူးခေါ်ဆိုကြခြင်း ဖြစ်လေသည်။


(ဤနေရာ၌ မယ်တော် မာယာ၏ ခမည်းတော်မှာ မဟာဝင်စသော ကျမ်းများ၌လာသော ဘိုးတော်အဉ္စန ဟူသော အမည်ကိုသာ အသိများကြ၏။ သို့ရာတွင် ဓကနိပါတ် အဂုတ္ထိုရ် အဋ္ဌကထာ စသည်ကို လည်းကောင်း၊ မဟာသုပ္ပ၊ ဗုဒ္ဓဟူသည်၊ ရိပ်ဖြူတစ်စင်း၊ မင်း၏ ရင်သွေး၊ အထွေးအကြီး၊ ညီးရရီးသား၊ သမီးစစ်တွင်၊ လက်ဦးမြင်သည်၊ မိခင်မာယာ၊ ဖြစ်တုံလှာ၍ ဟု ရှင်မဟာရဋ္ဌသာရက ဘူရိဒတ်ဇာတ်ပေါင်း လင်္ကာတွင် စပ်ဆိုသည်ကိုလည်းကောင်း ထောက်၍ မဟာသုပ္ပဗုဒ္ဓ မည်ကြောင်းကိုလည်းသိသင့်ပေသည်။ မယ်တော်မာယာ၏ မောင်တော်မှာ သုပ္ပဗုဒ္ဓ ဖြစ်၍ ခမည်းတော်မှာ မဟာသုပ္ပဗုဒ္ဓဟု ဆိုလိုသည်။)

မယ်တော် မာယာသည် မိမိ၏ ကောင်းမှု အထူးကြောင့် အလွန်လျှင် သူတစ်ပါး၏ နှလုံးကိုဆောင်တတ်သော အဆင်း၏ တင့်တယ်ခြင်း၊ ဘုန်းရှိသော သူတို့၏ ဘုန်းကြောင့် ဖြစ်သော လက္ခဏာရှိခြင်းနှင့် ပြည့်စုံ၏။ အလွန် အဆင်းလှ၏။ ရှုချင်စဖွယ်ရှိ၏။ ခပ်သိမ်းသော ရတနာတို့ဖြင့် တန်ဆာဆင်ယင် ကုန်ဘိသကဲ့သို့ ကြည်ညိုဖွယ် ရှိ၏။ မယ်တော် မာယာသည် အဆင်းအင်္ဂါလက္ခဏာနှင့် ပြည့်စုံခြင်းကြောင့် လူအပေါင်းအား မတည်တံ့နိုင်သော သဘောရှိ၏။ မယ်တော်မာယာ စံမြန်း နေထိုင်သော ကပိလဝတ်ပြည်ကြီးဝယ် ဥတ္တရာသဘင်နက္ခတ် သဘင်ကြိမ်၍ လူအများတို့ နက္ခတ်သဘင် ကစားကြကုန်သော်၊ မယ်တော် မာယာသည်လည်းနက္ခတ်သဘင်ပွဲကြီး၌ တိုင်းသား ပြည်သူတို့နှင့်အတူ ပါဝင်ဆင်နွှဲလေသည်။ ထိုသို့ ဆင်နွှဲ၍ ၇ ရက်မြောက်သော နေ့ဝယ် မွန်မြတ်သော ခဲဖွယ်ဘောဇဉ်များကို စားသုံးပြီး၍ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီးလျှင်၊ ကျက်သရေတိုက်ခန်းသို့ဝင်၍ စက်တော်ခေါ်လေ သော်၊ ဤသို့သော အိပ်မက်ကို မြင်၏။

စတုမဟာ ရာဇနတ်မင်းကြီး လေးယောက်တို့သည် မဟာမာယာမိဖုရားကို အိပ်ရာနှင့်တစ်ကွ ချီလေ၍၊ ဟိမဝန္တာတောသို့ဆောင်ယူပြီးလျှင်၊ ယူဇနာခြောက်ဆယ်ရှိသော ဆေးဒန်းမြင်းသီလာကျောက်ဖျာအပြင်၌ ခုနစ်ယူဇနာရှိသော အင်ကြင်းပင်ကြီးအောက်၌ ထား၍တင့်တယ်စွာ ရပ်ကုန်၏။ အထိုအခါ နတ်မင်းကြီးတို့၏ နတ်မိဖုရားတို့လာ၍ မဟာမာယာ မိဖုရားကို အနဝတတ်အိုင်သို့ယူဆောင်ပြီးလျှင် လူတို့၏ အနံ့ကို ဖျောက်ခြင်းငှာ ရေချိုးစေ၍၊ နတ်တို့၏ အဝတ်တန်ဆာကို ဝတ်ဆင်စေ၍၊ နတ်တို့၏ နံ့သာတို့ဖြင့် လိမ်းစေ၍၊ နတ်တို့၏ ပန်းကို ပန်စေ၍၊ နတ်တို့၏ တန်ဆာကို ဆင်ယင်စေပြီးလျှင်၊ အနဝတတ်အိုင်၏ အနီး၌ ငွေတောင်သည်ရှိ၏။ ထိုငွေတောင်၏ အတွင်း ရွှေဗိမာန်သည်ရှိ၏။ ထိုဗိမာန်၌ အရှေ့သို့ ဦးခေါင်းပြု၍ နတ်တို့အိပ်ရာကို ခင်း၍ သိပ်ကုန်၏။

ထိုအခါ၌ ဆင်ဖြူသည် ထိုငွေတောင်၏ အနီး၌ ရွှေတောင် တစ်တောင်ရှိ၏။ ထိုရွှေတောင်၌ သွားဦး၍ ရွှေတောင်မှ သက်ပြီးလျှင်၊ မြောက်မျက်နှာမှ လာ၍၊ ငွေပန်းဆိုင်းနှင့် တူသော နှာမောင်းဖြင့် ကြာဖြူကိုယူ၍၊ ကြိုးကြာသံကဲ့သို့ မြည်၍၊ ရွှေဗိမာန်သို့ ဝင်ပြီးလျှင် မိဖုရားအိပ်ရာကို သုံးကြိမ်လကျ်ာရစ်လှည့်၍ လင်္ကျာနံတောင်းကိုခွဲ၍ ဝင်သကဲ့သို့ ဖြစ်၏။ ဤသို့သော အိပ်မက်ကို မြင်မက်၏။

မယ်တော်မာယာသည် ဤအိပ်မက်ကို မြင်မက်၍၊ ဘုရားလောင်းပဋိသန္ဓေယူသည်မှ အစပြုပြီးလျှင်၊ ယောက်ျားတစ်ပါးတို့၌တပ်မက်သော စိတ်မရှိ၊ လာဘ်သပ္ပပာပြန့်ပြောခြင်း၊ အခြံအရံ ပြန့်ပြောခြင်းသို့ရောက်၏။ မယ်တော်ဝမ်း၌တည်သော ဘုရားလောင်းကိုလည်း ကြည်လင်လှစွာ ပတ္တမြား၏ အတွင်း၌တည်အပ်သော ခြည်ဖြူ ကြိုး ကဲ့သို့မြင်ရ၏။ ဘုရားလောင်းနေတော်မှုသော ဝမ်းတိုက် သည် စေတီအိမ်နှင့် တူလေ၏။

မယ်တော်မာယာသည် ရင့်သော ကိုယ်ဝန်ရှိလတ်သော်၊ ဆွေတော် မျိုးတော်များ စံပျော်ရာ ဒေဝဒဟပြည်သို့ ပြန်လို ကြောင်းသုဒ္ဓေါဒနမင်းကြီးအား လျှောက်ကြားလေ၏။ သုဒ္ဓေါဒနမင်းကြီးလည်း ကပိလဝတ်ပြည်မှ ဒေဝဒဟပြည် တိုင်အောင် လမ်းခရီးတို့ကိုညီညွတ်စွာသုတ်သင်စေ၍၊ တန်ဆာဆင်ယင်စေပြီးသော်၊ မိဖုရားအား ရွှေစင်၌ စီးစေ၍ အမတ်တစ်ထောင် ချီမစေကာ၊ အထိန်း အယများစွာဖြင့် လွှတ်တော်မူ၏။ ကပိလဝတ်နှင့် ဒေဝဒဟပြည်အကြား လုမ္ဗိနီမည်သော အင်ကြင်းတော ဥယျာဉ်သို့ ရောက်သောအခါ မယ်တော်မာယာသည် သာယာကြည်နူး အထူးပင် နှစ်သက်ဖွယ် ကောင်းလှသော အင်ကြင်းရနံ့တို့၏ သင်းပျံ့ပုံကိုလည်းကောင်း၊ ပင်လုံးပွင့်ညွတ် ဆွတ်ချင်စရာ အင်ကြင်းမာလာတို့ကို လည်းကောင်း မြင်တွေ့ရ၏။ အင်ကြင်းခက်တစ်ခက်ကို လက်တော်ဖြင့် လှမ်းလင့်ယူငင်လိုက်၍၊ မတ်ရပ် နေရာကပင် ဘုရားအလောင်းတော်ကို ဖွားမြင်လေ၏။

ယင်းသို့ အလောင်းတော် မင်းသားကို ဖွားမြင်တော်မူပြီးသော်၊ ပြည်ကြီး နှစ်ပြည်မှ ရောက်လာ ကြကုန်သော ဆွေတော် မျိုးတော် အပေါင်းတို့သည် ကောင်းစွာ ဝန်းညီ၍ ကပိလဝတ်ပြည်သို့ ပြန်ပို့ကြကုန်၏။ ယင်းသို့ အလောင်းတော်မင်းသားကို ဖွားမြင် တော်မူပြီးသော်၊ ပြည်ကြီးနှစ်ပြည်မှ ရောက်လာကြကုန်သော ဆွေတော်မျိုးတော်အပေါင်းတို့သည် ကောင်းစွာ ဝန်းညီ၍ ကပိလဝတ်ပြည်သို့ ပြန်ပို့ကြကုန်၏။

အလောင်းတော်ကို ဖွားမြင်၍ ၇ ရက်စေ့သောနေ့ဝယ် ဗုဒ္ဓမာတာ ဘုရားလောင်း မိခင်တို့၏ ဓမ္မတာအရ လူ့ပြည်မှကွယ်လွန်၍ တုသိတာ နတ်ပြည်၌ သန္တုသိတနတ်သား ဖြစ်၏။[၁] နောင် မြတ်စွာဘုရားသည် ခုနစ်ဝါမြောက်သောအခါ တာဝတိံသာပြည်၌ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောကြားတော်မူရာ၊ ဒေသနာတော်၏ အဆုံး၌ မယ်တော် မိနတ်သားသည် သောတာပတ္တိဖိုလ်သို့ ရောက်ရှိလေသတည်း။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Buddhist Goddesses of India by Miranda Shaw (Oct 16, 2006) ISBN 0-691-12758-1 pages 45-46
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)