မဟာတိဿထေရ်သည် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် ကိလေသာကုန်ခမ်းရဟန္တာဖြစ်သွားသည့် ရဟန်းတစ်ပါး ဖြစ်သည်။[၁]

သမိုင်း ပြင်ဆင်ရန်

သာဝတ္ထိပြည်တွင် တိဿဟု အမည်ရှိသည့် သူကြွယ်၏သားသည် ရှိ၏။ တိဿသည် ကုဋေလေးဆယ်သော ရွှေငွေတို့ကို စွန့်လွှတ်ကာ မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းပြုခဲ့သည်။ ထို့နောက်တွင် တောအရပ်တွင် သင်္ခန်းကျောင်းကလေး ဆောက်လုပ်ကာ သီတင်းသုံးလေသည်။

ထိုတိဿမထေရ်၏ ခယ်မ (ညီ၏ဇနီး) သည် တိဿမထေရ် သာသနာတော်တွင် ပျော်မွေ့ခြင်းမရှိဘဲ လူထွက်လာပါက ပစ္စည်းဥစ္စာများကို ခွဲဝေပေးရမည်ကို စိုးရိမ်လျက် ရှိ၏။ ထို့ကြောင့် တစ်ယောက်စီတွင် ဂိုဏ်းသားတစ်ရာစီရှိသည့် လူဆိုးကြီးငါးဦးတို့ကို ခေါ်ကာ တိဿမထေရ်အား သတ်ဖြတ်ရန် စေခိုင်းလေသည်။ ဤသို့ဖြင့် လူဆိုးကြီးငါးဦးသည်လည်း မထေရ်အား သတ်ဖြတ်ရန် တောသို့သွားလေသည်။

တိဿမထေရ်ရှိရာသို့ လူဆိုးကြီးများ ရောက်လာသည့်အခါ မထေရ်က အဘယ်ကြောင့် ရောက်လာသနည်းဟု မေးရာ လူဆိုးကြီးများကလည်း မထေရ်အား သတ်ဖြတ်ရန် ရောက်လာခြင်း ဖြစ်ကြောင်း ပြော၏။ ထိုအခါ မထေရ်သည် လူဆိုးကြီးများအား မိမိအား ယနေ့တစ်ည မသတ်ရန် ပြော၏။ ထို့နောက်တွင် လူဆိုးကြီးများအား အာမခံပေးသည့်အနေဖြင့် မိမိ၏ ပေါင်ရိုးနှစ်ချောင်းကို ကျောက်တုံးဖြင့် ထုချိုးလေ၏။ ထိုအခါ လူဆိုးကြီးများသည် စိတ်ချလက်ချဖြင့် စင်္ကြံဦး၌ မီးဖို၍ အိပ်ကြလေသည်။

ထို့နောက်တွင် မထေရ်သည် မိမိ၏ ပေါင်ကျိုးခြင်း ကြောင့်ဖြစ်လာသည့် ဆင်းရဲမှုကို ဖယ်ခွာ၍ မိမိ၏ ရဟန်းဖြစ်သည်မှ ယနေ့တိုင် စောင့်ထိန်းလာသည့် သီလ၏ စင်ကြယ်မှုကို ပြန်လည်အောက်မေ့သည့်အခါ နှစ်သက်ဝမ်းမြောက်မှုများ ဖြစ်လာ၏။ ထို့နောက်တွင် မြတ်စွာဘုရားထံမှ သင်ယူလာခဲ့သည့် ဝိပဿနာတရားကို ပွားများရာ အရုဏ်တက်သည့်အခါတွင် အရဟတ္တဖိုလ်သို့ရောက်ကာ ရဟန္တာဖြစ်ခဲ့လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ဆရာဦးကြည် (သစ္စာ ဒီပက ကမ္မဋ္ဌာနာ စရိယ) (နိုဝင်ဘာ ၂၀၀၆)။ မဟာသတိပဋ္ဌာန်အဖွင့်ကျမ်း။ ရန်ကုန်: ဦးကျော်ဟင်း (၁၀၉၁၀)၊ ယုံကြည်ချက်စာပေ။ pp. ၁၇၊ ၁၈။