ဇိန(ခေါ်) ဂျိန်းဘာသာရေး ၏ ဦးဆောင်သူ မဟာဝီရ(Mahavira) ၊ ဗုဒ္ဓစာပေများတွင် ဂိုဏ်းဆရာကြီးနိဏ္ဌဋနာလပုတ္တ ဟုဖော်ပြခြင်းခံရသူ၊ ဝရ်ဇမနဟုလည်းအမည်တွင်သူကို အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ဖွားမြင်သည်။ မင်းညီမင်းသား တစ်ဦးဖြစ်ပြီး အသက် ၃၀ အရွယ်တွင် ဇနီး၊ သားသမီးနှင့် စည်းစိမ်ကိုစွန့်ကာ တရားရှာရန် တောထွက်ခဲ့သည်။ မဟာဝီရသည် ဘုရားမဟုတ်။ မဟာဝီရသည် အလွန်အကြူး အစွန်းရောက်သည်ထိ တရားကျင့်သည်။ ဗုဒ္ဓနှင့် မဟာဝီရတို့သည် နေရာဒေသ တစ်ခုအတွင်းက ခေတ်ပြိုင်တွေဖြစ်ပြီး မဟာဝီရက ဗုဒ္ဓထက် အနှစ် ၃၆နှစ် မျှ ကြီးသည်။

မဟာဝီရ (နိဏ္ဌဋနာလပုတ္တ) (ဘီစီ ၅၉၉-၅၂၇)

ပရ်သွနာထဂိုဏ်းသို့ ဝင်ရောက်ပြီး ရဟန်းဝတ်ဖြင့် ၁၂နှစ် တိုင်တိုင် တရားအကျင့်ကို အလွန်အကြူး အစွန်းရောက်သည်ထိ ကျင့်သည်။ ကိုယ်ပိုင်ပစ္စည်းများကို စွန့်လွှတ်သည်မှာ သောက်ရေခွက်ပင် မကျန်တော့ပေ။ အစပိုင်းက ကိုယ်ထည်အဝတ်စ တစ်ခုထားပေမယ့် နောက်ပိုင်း အဝတ်စကိုပါ စွန့်ပစ်ပြီး ကိုယ်လုံးတီးလျှောက်သွားနေခြင်း၊ ကိုယ်ပေါ်သို့ တက်လာသည့် ပိုးမွှား၊ ခြင်၊ မှက် အစရှိသည်တို့ကို ဖယ်ရှားခြင်း၊ သတ်ဖြတ်ခြင်းကိုပင် မပြုခဲ့ချေ။ အိန္ဒိယကဲ့သို့ ဖုန်းစားယာစကာ ပေါများသည့် ဒေသမှာပင် ၎င်း၏အမူအကျင့်တို့မှာ ကဲ့ရဲ့ဖွယ်ဖြစ်ခဲ့ရသည်။ အသက် ၄၂နှစ်ရောက်လျှင် အကျွတ်တရားကိုရပြီ၊ အလုံးစုံသိမြင်သော ဉာဏ်ရပြီ ဟုဆိုကာ ကွယ်လွန်ချိန်ရောက်သည်အထိ နှစ်ပေါင်း ၃၀လုံးလုံး တပည့်များ၊ နောက်လိုက်များကို တရားဟောပြောခဲ့သည်။ ဘီစီ ၅၂၇ တွင် ကွယ်လွန်သောအခါ ကြည်ညိုသူ တပည့်တပန်း အများအပြားကျန်ရှိသည်။ တပည့်တပန်းများသည် ဂျိန်းဘာသာဝင်အဖြစ် ကျန်ခဲ့သည်။


မဟာဝိရ၏ဟောပြောချက်များမှာ ဗြဟ္မာဏဝါဒများနှင့် ဆင်တူသည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။ လူသေပြီးနောက် ဘဝတစ်ပါးသို့ ရောက်သည်။ သို့သော် လူ့ဘဝသို့ ပြန်ရောက်ချင်မှ ရောက်မည်။ ထိုသို့ဖြစ်ရသည်မှ ဇိနဂိုဏ်းယုံကြည်မှုဖြစ်သည့် ကာရ်မ(Karma)အရ ဖြစ်သည်။ မဟာဝိရ(ဇိန)တို့၏ ကာရ်မသည် ဗုဒ္ဓဘာသာကံ ကံ၏အကျိုးနှင့် မတူပါ။ မတူသည်မှာ မဟာဝိရ(ဇိန)တို့က ယခုဘဝပြုသမျှသော အကြောင်းတရားတို့မှာ နောက်ဘဝရောက်မှသာလျှင် အကျိုးပြုသည်ဟု ယုံကြည်သောကြောင့်ပင် ဖြစ်သည်။ အကုသိုလ်တရားတို့ကို ချုပ်ငြိမ်းရန်အတွက်၊ တဏှာကို ပယ်နိုင်ရန်အတွက် အလွန် ခြိုးခြံသည့် အကျင့်ကိုကျင့်ရန် လမ်းညွှန်သည်။ ငတ်ပြီးသေသည့်အထိ ကျင့်နိုင်လျှင် သာ၍မြတ်သည်ဟုပင် အလွန်အကြူး ဆိုသည်။

မဟာဝီရသည် မှူးမျိုးမတ်နွယ်ဇာတ်မြင့်ထဲတွင် ပါဝင်သူတစ်ဦး ဖြစ်သည်။ ခတ္တိယဇာတ်ဝင်များ၏တောင်းဆိုမှုကို ‌ဗြာဟ္မဏများက အပြင်းအထန်ခုခံခဲ့ရာ ထိုအချက်မှာ နိဗ္ဗန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ကို ဗြဟ္မဏပုဏ္ဏားများကလွဲပြီး ဘယ်သူမှ မညွှန်ကြားနိုင်ဆိုသော အချက်ဖြစ်သည်။

သို့ဖြင့် ဣဿရိသ ဝါဒကို ဆန့်ကျင်သော အနိဿရိသနိမ္မာန (Atheism)ဝါဒသည် နောက်ဆုံးပေါ်ပေါက်လာလေသည်။ ထိုအမြင်ကို လက်ခံသောအုပ်စုထဲတွင် မဟာဝီရလည်း အဝါအဝင် ဖြစ်သည်။ သို့ရာတွင် မဟာဝီရအနေဖြင့် ထိုအုပ်စုထဲတွင် ပါဝင်ခဲ့ခြင်းသည် ဉာဏ်ပညာအကြောင်းကြောင့်သော် လည်းကောင်း၊ လူမှုရေးအကြောင်းကြောင့်သော်လည်းကောင်း မဟုတ်ဘဲ သူ၏ပုဂ္ဂိလိက လိုလားချက်ဖြစ်သော ဘဝလွတ်မြောက်မှုကို ရလိုသော ပြင်းထန်သောဆန္ဒကြောင့်သာ ဖြစ်သည်။

အရေးပါဆုံးသော တရားမှာ နောင်တစ်ချိန်တွင် အိန္ဒိယလမ်းစဉ်၊ ဂန္ဒီလမ်းစဉ်၏ အခြေခံဟုပင်ဆိုရလောက်သည့် အကြမ်းမဖက် ရေး လမ်းစဉ်(အဟိသ္မ)ဖြစ်သည်။ လူအချင်းချင်းမဆိုနှင့် တိရစ္ဆာန်တို့ကိုပင် နှိပ်စက်ခြင်းမပြုရန် တားမြစ်သည်။ ထို့ကြောင့် ဇိနဂိုဏ်းဝင်တို့သည် သတ်သတ်လွတ်စားခြင်း၊ တိရစ္ဆာန် ပိုးမွှားသတ်ဖြတ်မှုမှ ရှောင်ကျဉ်ခြင်းတို့ကို ဆောင်ရွက်ကြရသည်။ အစာစားလျှင် ပိုးမွှားများ ပါကုန်မည်စိုးသဖြင့် အမှောင်ထဲတွင် အစာမစားကြပေ။ ထိုမှသာမက အကျင့်ပြင်းထန်သည့် ဇိနဂိုဏ်းဝင်များဆိုလျှင် မိမိသွားရာလမ်းများတွင် လူငှားဖြင့် တံမြတ်လှည်းစေသည်။ ဘာသာရေး ယုံကြည်ချက်ကြောင့် ဇိနဘာသာဝင်များသည် အလုပ်ကြမ်းကိုစွန့်လွတ်ပြီး လယ်ထွန်နွားကျောင်းအမှုကိုပင် မပြုကြတော့ပဲ ရောင်းဝယ်သူ၊ ကုန်သည်များအဖြစ်သာ ဝီရိယထားပြီး အသက်မွေးကြသည်။ ထို့ကြောင့် ဇိနဘာသာဝင်များ၊ ဂိုဏ်းဝင်များသည် များသောအားဖြင့် ချမ်းသာသည့် အလွှာများဖြစ်ကြလေ့ရှိပြီး စာပေအနုပညာ ထွန်းပေါက်သူများအနေဖြင့် ကျန်ဘာသာဝင်များ ထက် အချိုးကျပိုများသည်။

မူလအစက ဇိနဘာသာသည် လူတန်းစား ခွဲခြင်းမရှိသော်လည်း ဟိန္ဒူဝါဒ၏ လွှမ်းမိုးမှုခံလာရကာ ဇာတ်ခွဲခြားခြင်းရှိလာသည်။ သို့သော် ဟိန္ဒူဘာသာကဲ့သို့ ပြင်းထန်ခြင်းမရှိပေ။ ဟိန္ဒူဝါဒ၏ လွှမ်းမိုးမှုခံရခြင်း၏အကြောင်းမှာ ဗုဒ္ဓဘာသာကဲ့သို့ပင် စာထက် အက္ခရာတင်ထားခဲ့ခြင်း မရှိခဲ့၍ဖြစ်သည်။ သို့သော် ဇိနဝါဒသည်လည်း ဟိန္ဒူဘာသာအပါအဝင် အခြားဘာသာများ ပေါ်တွင်လည်း ပြန်လည်လွှမ်းမိုးခဲ့သည်များလည်းရှိသည်။ ဥပမာအားဖြင့် တိရစ္ဆာန်သတ်ပြီး ယဇ်ပူဇော်ခြင်း နှင့် အသားစားခြင်းများကို ရှောင်ကျဉ်ရန် ဟိန္ဒူတို့ကို စည်းရုံးနိုင်ခဲ့သည်။ နောင်ပိုင်းတွင် အကြမ်းမဖက်ရေး ဝါဒမှာ အိန္ဒိယ၏ ရှေ့ဆောင်ဝါဒဖြစ်လာတော့သည်။ အိန္ဒိယလွတ်လပ်ရေးရှေ့ဆောင်ကြီး ဂန္ဒီဆိုလျှင် ဇိနဂိုဏ်းဆရာကြီး ဂြီဖဒ်ရာဇဆန္ဒြ ကိုဆရာတင်ပြီး အလုပ်တော်တော်များများကို ဆောင်ရွက်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် ဟိန္ဒူနှင့် ဇိန နှစ်ဘာသာတို့၏ နီးစပ်မှုကိုတွေ့နိုင်သည်။ ဇိန(ဂျိန်း)ဘာသာဝင် ဦးရေမှာ များလှသည်တော့မဟုတ်ပေ။ အိန္ဒိယနိုင်ငံတွင်သာ အများစုကိုတွေ့ရပြီး သုံးသန်းခွဲမျှရှိသည်ဟု ဆိုသည်။

ဗုဒ္ဓကျမ်းစာများအလိုအရ မဟာဝီရ (ခေါ်) နိဏ္ဌဋနာလပုတ္တသည် အလွန်အကြူး အစွန်းရောက်သည်ထိ အကျင့်ပြင်းထန် သည့် ဂိုဏ်းဆရာကြီးသာ ဖြစ်သည်ဟု ဆိုသည်။ သွေးအန်၍ ကွယ်လွန်သည် ဟုဆိုသည်။

ရည်ညွှန်းကိုးကား ပြင်ဆင်ရန်

ကျော်စွာ၁၀၀- ဒေါက်တာသန်းထွန်း