မီးဝတိုက်ပွဲသည် ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၁၁ နာရီခန့်မှ စတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်သည်။ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မြောက်ဖက်၊ ကုလားတန်မြစ်၏ အရှေ့ဖက်၊ မီးချောင်းနှင့် ကုလားတန်မြစ်တို့ဆုံရာ မီးချောင်းဝတောင်ဖက်ကမ်းခြေရှိ မြန်မာ့တပ်မတော် အခြေပြုဗျူဟာကုန်းသို့ ရက္ခိုင့်တပ်တော် စစ်သည်တော်များ ထိုးစစ်ဆင်လာသောကြောင့် ဖြစ်ပွားရသော တိုက်ပွဲဖြစ်သည်။ မြန်မာ့တပ်မတော် ဗျူဟာထိုင်ရာ တောင်ကုန်းအနောက်ဖက် ကုလားတန်မြစ် အနောက်ဖက်ခြမ်းတွင် မီးဝ‌ကျေးရွာတည်ရှိသည်။ မီးချောင်းသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ခွဲခြားထားသော ပြည်နယ်ခြားမျဉ်းလည်း ဖြစ်သည်။


မီးဝတိုက်ပွဲသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကဗ) နှင့် မြန်မာ့တပ်မတော်တို့ ၁၉၇၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကွမ်းလုံတိုက်ပွဲအပြီး နှစ် (၅၀) အကြာ၊ ၂၀၂၀ ခုနှစ်တွင် ထပ်မံဖြစ်ပွားသော ရက်အကြာဆုံး တိုက်ပွဲကြီးတစ်ပွဲဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ထိ မီးဝတိုက်ပွဲမှာ နှစ်ဖက်လုံးမှ အင်အားအလုံးအရင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရဆဲဖြစ်သော တိုက်ပွဲတစ်ပွဲဖြစ်သည်။


၂၀၂၀ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မြန်မာ့တပ်မတော် လေယာဉ်များပေါ်မှ Thermobaric bomb (FAE) ဗုံးများကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်ခဲ့သည်။

၎င်း မီးချောင်းတိုက်ပွဲကြောင့် ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့အထိ အနီးအနားမှကျေးရွာများဖြစ်သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ မုန့်သန်းပြင်၊ ကျောက်တန်း၊ မီးကျောင်းတက်၊ ပြိုင်းတိုင်း၊ တင်းမရွာသစ်၊ တင်းမ၊ အထက်တင်းမ၊ မာလာ၊ မျောက်တောင်၊ သာစည်၊ ရွှေပြည်ကျေးရွာများနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ လိပ်ခေါင်း၊ ဝက်မ၊ အထက်ဝက်မ၊ ပြိုင်ဝက်၊ မိတ်စာဝ၊ မိတ်စာဝ (အရှေ့)၊ မိတ်စာဝ (အနောက်)၊ ငမြင်းသောင် (အနောက်) အစရှိသော ကျေးရွာများမှ ပြည်သူလူထုများသည် တပ်မတော်၏ အင်အားသုံးတိုက်ခိုက်လာသောကြောင့် ရပ်ရွာများစွာကို စွန့်ခွာကာ ကုလားတန်မြစ်အောက်ပိုင်း ကျောက်တော်မြို့နှင့် လုံခြုံဘေးကင်းသည့် ကျေးရွာများသို့ ပြည်တွင်းစစ်ဘေးဒုက္ခသည်များအဖြစ် ထွက်ပြေးခဲ့ကြရသည်။ မြန်မာ့တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးတိုက်ပွဲတစ်ပွဲလည်းဖြစ်သည်။ အစိုးရတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရခိုင်လူမျိုးများ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီနှင့် ချင်းလူမျိုးများဦးဆောင်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ရှုတ်ချကန့်ကွတ်သည့် ကြေငြာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ကိုးကားပြင်ဆင်