မောင်မိုးသူ (၁၉၃၇ - ၂၀၂၁ စက်တင်ဘာ ၁) မြန်မာနိုင်ငံသား စာရေးဆရာ၊ အယ်ဒီတာတစ်ဦး ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာ တစ်ဦး ဖြစ်သည့်အပြင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်တွင် ဗဟိုကော်မတီဝင်တွင် တစ်ဦးအပါအဝင် ဖြစ်သည်။ မောင်မိုးသူ၊ ဦးမိုးသူ၊ ဘကြီးမိုး အစရှိသဖြင့် လူသိများသူ ဖြစ်သည်။[၁]

ငယ်ဘဝ ပြင်ဆင်ရန်

မန္တလေးမြို့ဇာတိဖြစ်၍ အဖ သခင် ဗတုတ်၊ အမိ ဒေါ်မြမေတို့မှ ၁၉၃၇၊ မေလ ၁၇ ရက်နေ့၊တနင်္လာနေ့တွင် ဖွားမြင်သည်။ မွေးချင်း နှစ်ယောက်ရှိသည်။ အမည်ရင်းမှာ ဦးစိန်မြင့် ဖြစ်သည်။ ငယ်စဉ်က မန္တလေးမြို့၊ စိန်တောင် မြန်မာ ဘုန်းတော်ကြီး ကျောင်းနှင့်စိန့်ပီတာကျောင်း၊(ယခု အ.ထ.က (၉ ))တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်ခဲ့်ပြီး မန္တလေး တက္ကသိုလ် ၁၉၅၆ မှ ၁၉၅၈ ခုနှစ်ထိ ပညာ သင်ကြားခဲ့သည်။ မည်သည့်ဘွဲ့မှ မရရှိခဲ့ပါဲ့။

စာပေ ပြင်ဆင်ရန်

  • ၁၉၅၃ ခုနှစ်မှ စ၍ ကဗျာများ ရေးခဲ့။ ၁၉၅၆ ခုနှစ်၊ တက္ကသိုလ် ရောက်ရှိချိန်တွင် ဆောင်းပါး ဝတ္ထုများ ရေးခဲ့။ ည (၁၉၆၁)၊ မေမေကြည် (၁၉၆၂)၊ ရန်ကုန်သားနှင့် မန္တလေးသူ (၁၉၆၆)၊ မိုးမိတောက်တို့ ပန်တော်အမီ (၁၉၆၇) စသည့် မြန်မာ ဝတ္ထုများ ရေးခဲ့။ ဝတ္ထု၏ သဘောနှင့် ရည်ရွယ်ချက် စာတမ်းနှင့် မိုးဦးပန်း အစမ်းစာများ ရေးသားခဲ့။
  • မိုးဦးပန်း စာပေတိုက်ကို တည်ထောင်၍ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာ ဇေယျ၊ ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာ တက်တိုး၊ ဒဂုန်တာရာ၊ တက္ကသိုလ် ဘုန်းနိုင်၊ သိန်းသန်းထွန်း၊ ထွန်းထွန်း (ဆေးသိပ္ပံ) တို့ရဲ့ ဝတ္ထုများ၊ ကဗျာ စာအုပ်များ၊ ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့။
  • ဘာသာပြန် ဝတ္ထုများ အဖြစ် စိတ္တဇ (၁၉၆၅)၊ အိပ်မက်ကုန်သည် (၁၉၇၆)၊ သေနေ့ (၁၉၇၇)၊ ကြေးစား (၁၉၈၁)၊ အိပ်ဇိုးဒပ် (နိုင်ငံတခု မွေးဖွားခြင်း)၊ ကျားကုတ်ကျားခဲ (၁၉၈၃)၊ သဲကြီးမဲကြီး (၁၉၈၂)၊ သူနိုင်ကိုယ်နိုင် (၁၉၈၂)၊ အချစ်ပုံပြင် (၁၉၈၂)၊ သက်စွန့်ဆံဖျား (၁၉၈၃)၊ စိန်ပီတာဘက်မှလူ (၁၉၈၃)၊ မာဖီးယားနှင့် ပေါ်ပီပန်း (၁၉၈၃)၊ ဂျိန်းစဘွန်း၏ အထူးတာဝန် (၁၉၈၃)၊ အိပ်ဇိုးဆေး (၁၉၈၄)၊ အတိတ်တစ္ဆေ (၁၉၈၄)၊ လင်းယုန်တို့ အောင်ပွဲ (၁၉၈၄)၊ ရိုလာကိုစတာ ခုမကြည့်နဲ့ဦး (၁၉၈၅)၊ ငြိုးသူ့ရန်ဘက် (၁၉၈၅)၊ ပစ်မသွားနဲ့ အချစ်ရယ် (၁၉၈၆)၊ အထွတ်အထိပ် (၁၉၈၇) စသည့် ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့။
  • လွယ်အိတ် တစ်လုံးနှင့် ရွာစဉ်လည် (မိုးဝေနှင့် အခြား မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် (ကလျာ မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ ရေးသားပြီး လုံးချင်း ထုတ်ဝေခဲ့သည်။
  • မန္တလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း (မြန်မာစာတည်း)၊ မန်းခေတ် သတင်းစာ၊ ခေတ်ဂျာနယ်၊ ဓန မဂ္ဂဇင်း၊ ကုမုဒြာ ဂျာနယ်၊ Perfect မဂ္ဂဇင်း တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့။
  • မန်းတက္ကသိုလ် ကလောင်ရှင် အသင်း အမှုဆောင်၊ အထက် မြန်မာနိုင်ငံ စာရေးဆရာ အသင်း အမှုဆောင်၊ မန္တလေး အသင်း အမှုဆောင်၊ မြန်မာ နိုင်ငံ ရုပ်ရှင် ကောင်စီ ဗဟို အမှုဆောင် အဖြစ် တာဝန် ယူခဲ့။

ရုပ်ရှင်၊ ဗီဒီယို ပြင်ဆင်ရန်

  • ရေပွက်ပမာ၊ ရန်ကုန်သားနှင့် မန္တလေးသူ၊ အချစ်ဆုံးမုန်းသူ (ဝတ္ထု၊ မောင်သိန်းဆိုင်)၊ မုန်းရစ်လေဦး (ဝတ္ထု၊ တက္ကသိုလ်ဘုန်းနိုင်)၊ ချစ်လိုက်တာ မသည်းအူရယ် အပါအဝင် ဇာတ်ညွှန်းများစွာ ရေးသားခဲ့။
  • ကျနော့်နာမည် ကျော်ကျော် (ကျော်ဟိန်း၊ တင်တင်ညို)၊ မှုန်နံ့သာ ခြယ်ကာသပါလို့ (တွံတေးသိန်းတန်၊ တင်တင်ညို)၊ သက်ထားဆိုသော မိန်းမချော (ထွန်းဝေ၊မြတ်မွန်)၊ ဆောင်းမှာတွေ့သော မိန်းကလေး (ညွန့်ဝင်း၊ တင်တင်ညို)၊ စံရွှေမြင့် လေးခင်ခင် (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ တယ်တညင် (ကောလိပ်ဂျင်နေဝင်း၊ တင်တင်နွဲ့)၊ မမလေး ပန်စရာ (ကောလိပ်ဂျင် နေဝင်း၊ ချိုပြုံး၊ မြင့်မြင့်ခိုင်)၊ ချစ်လှိုင်းဂယက် (ညွန့်ဝင်း၊ နွဲ့နွဲ့မူ)၊ တကယ် ချစ်ရဲ့လား (ဇော်လင်း၊ စန္ဒာ)၊ ကျမမှာ ချစ်သူရှိတယ် (ကောလိပ်ဂျင်နေဝင်း၊ ကျော်စွာဝင်း၊ ချော)၊ လွှတ်လပ်မှ အမျှဝေပါ (ကျော်ဟိန်း၊လင်းထင်၊ဆွေဇင်ထိုက်)၊ အပါအဝင် ရုပ်ရှင် ကားများစွာကို ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့။
  • ဗီဒီယို ခေတ်ဦးတွင် ရှက်လည်း ရှက်တယ်၊ ချစ်လည်း ချစ်တယ် (ဇော်ဝမ်း၊ သုမောင်) နှင့် ချစ်မိခဲ့ပြီ (နေအောင်၊ ဆွေဇင်ထိုက်) ဗီဒီယို ကားများကို ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့။

ပန်းချီ ပြင်ဆင်ရန်

  • ၂ဝဝ၅၊ ဒီဇင်ဘာ - ရန်ကုန်မြို့ AZADA ပြခန်းတွင် Emotion တကိုယ်တော် ပန်းချီပြပွဲ။
  • ၂ဝဝ၆၊ ဒီဇင်ဘာ - မန္တလေးမြို့၊ ပံသုစန္ဒာ ပန်းချီ ပြခန်းတွင် Emotion တကိုယ်တော် ပန်းချီပြပွဲ ခင်းကျင်း ပြသခဲ့။

နိုင်ငံရေး ပြင်ဆင်ရန်

  1. ၁၉၅၈-၅၉ ခုနှစ် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ တွင် အမှုဆောင်အဖြစ်တာဝန်ယူခဲ့သည်။
  2. ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ (ဗိုလ်နေဝင်း) တက်လာသည့်အချိန်တွင် ထိမ်းသိမ်းခံခဲ့ရသည်။
  3. ၁၉၈၈ ခုနှစ် မြန်မာ့ပြည်သူတရပ်လုံးပါဝင်သော လူထုအုံကြွမူကြီး (၈၈၈၈) တွင် စာရေးဆရာများသမဂ္ဂများအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့သည်။ ဦးဝင်းတင် ဥက္ကဋ္ဌ၊ ဦးသော်က (ဒုဥက္ကဋ္ဌ)၊
  4. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး၊ ဗဟိုကော်မတီဝင်အဖြစ်တာဝန်ထမ်းဆောင်ပြီးက ပြန်ကြားရေးတာဝန်ယူခဲ့သည်။
  5. ၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အားနေအိမ်အကျယ်ချုပ် ဖမ်းဆီးချိန်တွင် အဖမ်းခံခဲ့ရပြီး ထောင် ၃ နှစ်ကျခဲ့သည်။
  6. ၁၉၉၂ ခုနှစ်တွင်ပြန်လည်လွှတ်မြောက်လာခဲ့သည်။
  7. ၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည်တွေ့ဆုံကာ နိုင်ငံရေးပြန်လည်လုပ်ဆောင်ခဲ့သည်။
  8. ၁၉၉၆ ခုနှစ်တွင် နောက်တချိန်ပြန်လည်ဖမ်းခံခဲ့သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံး လုပ်ဖော် ကိုင်ဖက် တဦး ဖြစ်သူ ရုပ်ရှင် ဒါရိုက်တာ၊ စာရေး ဆရာ မောင်မိုးသူရဲ့ အသက် (၇ဝ) ပြည့် မွေးနေ့ပွဲကို ၂ဝဝ၇ ခု၊ မေလ ၁၇ ရက်နေ့ မနက်က ရန်ကုန် ရွှေကျင်တိုက်ကြီး ကျောင်းတိုက်မှာ ကျင်းပ ခဲ့ပါတယ်။ မွေးနေ့ပွဲ ကျင်းပစဉ် မှာပဲ အသက် (၇ဝ) ပြည့် ဘကြီးမိုး ခေါ် ဆရာ မောင်မိုးသူက အခုလို နှုတ်ခွန်း စကား ပြောကြား ပါတယ်။


"ကျနော် အသက် (၇ဝ) ပြည့်တဲ့ အတော အတွင်းမှာ ကျောင်းသား လှုပ်ရှားမှု များမှာ ပါခဲ့ ပါတယ်။ ကျောင်းသား သမဂ္ဂ တာဝန် များကို ထမ်းခဲ့ ပါတယ်။ နောက် စာပေ အနုပညာ တာဝန်ကို ထမ်းခဲ့ ပါတယ်။ ရုပ်ရှင်မှာလဲ ရုပ်ရှင် ရိုက်တဲ့ အတွက် ရုပ်ရှင် တာဝန် ထမ်းခဲ့ ပါတယ်။ နောက်ပြီးတော့ ကျနော် NLD မှာ စတင် တည်ထောင် ကတည်းက စပြီးတော့ ကျနော် ပါဝင် ခဲ့ပါတယ်။ ကျနော် တိုင်းပြည်ရဲ့ တာဝန်၊ လူမျိုးရဲ့ တာဝန်ကို တတ်နိုင် သလောက် ကြိုးစား ပြီးတော့ ဆောင်ရွက် ခဲ့ပါတယ်။ နောက် စာတွေလဲ တတ်နိုင် သလောက် ကြိုးစား ပြီးတော့ ရေးပါတယ်။ လူငယ်တွေ ကျနော်တို့ အသက် (၇ဝ) ရှိလာ ပါပြီ။ နောက် လူငယ် တွေက တိုင်းပြည် အကျိုး၊ လူမျိုး အကျိုးကို ထမ်းရွက် နိုင်ကြ ပါစေလို့ ဆုတောင်း ပါတယ်။"


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ထူထောင် ကတည်းက တတ်သိ ပညာရှင် တဦး အဖြစ် ရပ်တည် ဆောင်ရွက် ခဲ့သော မောင်မိုးသူကို တပ်မတော်က ၁၉၉၆ တွင် ဖမ်းဆီး ထောင်ချ ခဲ့ပြီး၊ ၂ဝဝဝ ဇန်နဝါရီလတွင် ပြန်လွှတ် ပေးခဲ့သည်။ ထောင်မှ မလွတ်ပေးမီ ၁၉၉၉ ဒီဇင်ဘာလ အတွင်းတွင် မောင်မိုးသူ၏ ဇနီး ကွယ်လွန်ခဲ့ပြီး၊ အသုဘ အခမ်းအနားသို့ ထောင်တွင်းမှ ခေတ္တ လာရောက် အသုဘ ရှုခွင့် ရခဲ့သည်။ နိုင်ငံရေးကို အနစ်နာခံ လုပ်ခဲ့သူ ဦးမိုးသူကို စစ်အစိုးရက အကျဉ်းချ ထိန်းသိမ်း ခဲ့တဲ့ အကြောင်း ကိုလဲ စာရေး ဆရာ မောင်ဝံသက အခုလို ပြောပြ ပါတယ်။


"ကျနော်တို့ ပထမ တကြိမ်တုန်းက (၃) နှစ် ပေါ့ဗျာ။ နောက်ကျတော့ (၁ဝ/က) နဲ့ ကျနော်တို့ အားလုံးပေါင်း (၅) နှစ်ပေါ့။ ကျနော်တို့ အထိန်းသိမ်း ခံရတာပေါ့။ ကျနော်တို့ အတူတူ ပါပဲ။ သူကတော့ (၂ဝဝဝ) ခုနှစ် နှစ်ဆန်းမှာ ပြန်လွတ်တယ်။ ကျနော်က (၂ဝဝ၁) အလယ် လောက်မှာ ပြန်လွတ်တယ်။"


နယ်ပယ်စုံက လူတွေ လေးစား သလိုပဲ ရုပ်ရှင် နယ်ပယ် မှာလဲ သူ့ကို လေးစား ကြတယ်လို့ ဆိုပါတယ်။ ဟာသ သရုပ်ဆောင် ကိုဇာဂနာ ကလဲ။


"ဘကြီးမိုး ကိုက နိုင်ငံရေး နယ်ပယ် ထဲမှာပဲ ပြောပြော၊ စာပေ နယ်ထဲ မှာပဲ ပြောပြော ရုပ်ရှင် နယ်ထဲ မှာပဲ ပြောပြော သူက လူချစ်လူခင် တော်တော် ပေါတဲ့ ပုဂ္ဂိုလ် တယောက် ဖြစ်တယ်လေ။ ဘာထူးခြားလဲလို့ ဆိုတော့ အဲဒီ ထောင်ဝန်ထမ်းတွေ လာတယ်။ အင်းစိန် ထောင်ထဲက ဝန်ထမ်းတွေ လာတယ်။ အရင်တုန်းက သူ့ကို တိုက်ထဲမှာ တုန်းက စောင့်ရှောက် ခဲ့တဲ့ ထောင်ဝန်ထမ်းတွေ လာတယ်။ အဲသလို ထောင်ထဲက ဝန်ထမ်း ကိုတောင် စည်းရုံး နိုင်တယ်။ အဲဒါတောင် လာတယ်။ စဉ်းစားသာ ကြည့်ပေတော့။"


ယခု လက်ရှိ အချိန်၌ မဂ္ဂဇင်း များတွင် ပင်တိုင်နှင့် တခြား ဆောင်းပါးများ ရေးသားခြင်း၊ ဘာသာပြန် ဝတ္ထုများ လက်စသတ် နေခြင်း၊ အယ်ဒီတာ အဖြစ် တာဝန် ထမ်းဆောင်ခြင်းနှင့် ပန်းချီ ရေးဆွဲခြင်းများ ပြုလုပ်လျက် ရှိသည်။ [၂]

မိသားစု ပြင်ဆင်ရန်

၁၉၆၀ ခုနှစ်တွင် ဒေါ်အမာကြည်(မအမာ) နှင့် အိမ်ထောင်ကျခဲ့သည်။ သားသမီး သုံးယောက်ထွန်းကားခဲ့သည်။ ၁၉၆၁ ခုနှစ်သားကြီး ဖြစ်သူ မောင်ထွန်းမြတ်ဦး၊ ၁၉၆၃ ခုနှစ်တွင်သမီး မအေးသီတာ၊ ၁၉၇၃ ခုနှစ်သားငယ် မောင်ညီညီမိုးသူ ကိုမွေးဖွားခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၂၁ ခု၊ စက်တင်ဘာလ ၁ ရက်တွင် လွန်သည်။ [၃]

စာညွှန်း ပြင်ဆင်ရန်

  1. ဒါရိုက်တာ၊ စာရေး ဆရာ မောင်မိုးသူ အသက် (ရဝ) ပြည့် မွေးနေ့ပွဲ ကျင်းပသည့် သတင်း၊ ၁၇ - မေ - ၂ဝဝ၇၊ ဒီဗွီဘီ အသံလွှင် သတင်း ။
  2. မိုးမခ အင်တာနက် စာမျက်နှာ၊ မောင်မိုးသူ (၁၉၃၇ - ) အတ္ထုပ္ပတ္တိ အကျဉ်း။

ကိုးကား ပြင်ဆင်ရန်

  1. https://www.youtube.com/watch?v=-KTbgqo9-74
  2. မောင်မိုးသူ၏ မောင်မိုးသူ (၁၉၃၇) အတ္ထုပ္ပတ္တိ အကျဉ်း
  3. "စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ ကွယ်လွန်". Eleven News. 2021-09-02.