သင်္ဘောမဲဇလီ
Senna alata | |
---|---|
Candle Bush flowers | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Fabales |
မျိုးရင်း: | Fabaceae |
မျိုးဇာတ်: | Cassieae |
မျိုးစု: | Senna |
မျိုးစိတ်: | S. alata
|
ဒွိနာမ | |
Senna alata | |
Synonyms | |
|
ကျေးလက်တောရွာနှင့် မြို့ဆင်ခြေဖုံးလမ်းဘေးများ၊ မြေရိုင်းဖုန်းဆိုး များ၌ အလေ့ကျပေါက်နေသော သင်္ဘောမဲဇလီပင်ကို မြင်ဖူးတွေ့ဖူးသူများပေလိမ့်မည်။ ယင်းကို မဲဇလီကြီးဟူ၍ လည်းကောင်း၊ မဲဇလီခါးဟူ၍လည်းကောင်းခေါ်ဝေါ်ကြ သေးသည်။ သင်္ဘောမဲဇလီပင်သည် အပူပိုင်းဇုန်ဒေသ၌ ပေါက်ရောက်သော အပင်မျိုးဖြစ်ပြီးလျှင် ရှင်သန်လွယ်သဖြင့် ထိုဒေသများ၌ အနှံ့အပြားတွေ့ကြရသည်။ နှစ်ကြာခံ အပင်မျိုးဟု ဆိုရသော်လည်း အပင်သက်တိုသောအပင်မျိုးဖြစ်သည်။ သို့သော် တခါပေါက်မိလျှင်ထိုနေရာတဝိုက်၌ အစေ့ကျရာမှ ပြန်၍ပေါက်သဖြင့် မျိုးအဆက်မပြတ်နိုင်တော့ချေ။ သင်္ဘောမဲဇလီသည်လီဂူမီနိုးစီးမျိုးရင်း(Leguminosae; ယခုအခါတွင် Fabaceae)ဝင်ဖြစ်သည်။
ရုက္ခဗေဒအမည်ဖြင့် ကက်ဆီယာအလာတာ(Cassia alata; ယခုအခါတွင် Senna alata) ဟုခေါ်သည်။ ခြုံပင်မျိုးဖြစ်၍ ငါးပေမှခြောက်ပေကျော်ခန့်အထိ အမြင့်ရှိနိုင်သည်။ အရွက်များသည်ထိပ် ရွက်မြွှာ မပါသော (ငှက်မွှေးရွက်မြွှာစုံ) ရွက်ပေါင်းဖြစ်သည်။ ရွက်လက်များသည် တစ်ပေကျော်ခန့်ရှည်၍ ဆိုင်လျက်ထွက်သော ရွက်မြွှာများသည် လေးလက်မမှ ငါးလက်မခန့်အရှည်ရှိပြီးလျှင် အရင်းအဖျား ဝိုင်းသည်။ ရွက်မြွှာများတွင်အကြောများထင်ရှား၍ ရွက် ကြောပြိုင်ဖြစ်လေသည်။ ရွက်လက်ရိုးတံ နှင့်ရွက်မြွှာ ရွက်ညှာတို့သည် နီဝါဝါအရောင်မျိုးရှိလေသည်။ စက်တင်ဘာလခန့်မှစ၍ အဖူးတံ၊ အပွင့်တံများ ထွက်စပြုသည်။ အပွင့်တံများသည် အကိုင်းများ ၏ အဖျား၌ ထောင်၍ ထွက်ကြသည်။ တောက်ပသော အဝါရောင်၊ သို့မဟုတ် လိမ်မော်ရောင် တပင်တိုင် ပန်းခိုင်မျိုးဖြစ်၍ ခြောက်လက်မခန့်ရှည်သည်။ အပွင့်များ၌ပွင့်ညှာမရှိဘဲ၊ ပွင့်တံ၏ ပတ်လည်တလျှောက်ကပ်၍ ပွင့်ကြရာ အရင်းပိုင်းမှ အပွင့်တို့သည်ရင့်သည်။ အဖျားပိုင်းသည် အပွင့်နုများနှင့်အဖူး များဖြစ်လေသည်။ သင်္ဘောမဲဇလီသီးသည် အသီးတောင့်ဖြစ်လေသည်။
မြန်မာဆေးကျမ်းများအလိုအရ မဲဇလီခါး၊ သို့မဟုတ် သင်္ဘောမဲဇလီရွက်သည် ခါး၏။ ဆီးရွှင်စေ၏။ သည်းခြေနာကို ငြိမ်းစေတတ်၏။ သွေးကိုသက်စေ၍ လေကို ပျက်စေတတ်၏ဟုဆိုသည်။ ထို့ပြင် အရေပြားရောဂါများ အတွက်လည်း ဆေးဖက်ဝင်သည်ဟုဆိုကြသည်။ ပွေးပေါက်သော် အရွက်ရင့်များဖြင့် ပွတ်တိုက်ပေးကပျောက်ကင်းနိုင်သည်။ ထို့ပြင် ဝမ်းချုပ်လျှင် အရွက်အနုများကိုလည်းကောင်း အဖူးအပွင့်များကိုလည်းကောင်း ပြုတ်၍တို့စားကြသည်။ ဟင်းချိုဟင်းခါး ချက်၍လည်းစားသုံးကြသည်။ သုပ်၍လည်း စားကြသည်။ အရွက်နုများကို နေလှန်း၍ လက်ဖက်ခြောက်အကြမ်း ကဲ့သို့လည်း သုံးစွဲကြသည်။ အဖူးအပွင့်များကို အခြောက်လှန်း ပြီးသော် အမှုန့်ထောင်း၍ ဝမ်းနှုတ်ဆေးတလက်ကဲ့သို့လည်း သုံးစွဲကြလေသည်။
အိန္ဒိယဆေးကျမ်းများအလိုမှာ အရွက်နုနှင့် အပွင့်ပြုတ်ရည်သည် ရေယုန်နှင့်အခြားအရေပြား ရောဂါများ အတွက်လည်းကောင်း၊ ကာလသားရောဂါနှင့်စပ်လျဉ်းသော အနာရောဂါများအတွက်လည်းကောင်း၊ အဆိပ်ရှိသော ပိုးမွှားကိုက်လျှင်လည်းကောင်း အသုံးပြုနိုင်သော ဆေးတလက်ဟုဆိုသည်။ အားတိုးဆေးရည်တစ်မျိုးအဖြစ် လည်း သောက်သုံးနိုင်သည်။ ထို့ပြင်ဝမ်းနှုတ်ဆေး၊ သလိပ်ရွှင်ဆေး၊သန်ချဆေးနှင့်ချုပ်ဆေးအဖြစ်လည်း သုံးနိုင်သည်။ အရွက်စိမ်းလတ်လတ်ဆတ်ဆတ်များကို အရည်ညှစ်၍ သံပရာရည်နှင့်ရောတိုက်လျှင် ကလေးများအတွက် သန်ချဆေးတလက်ဖြစ်သည်။ အစေ့များသည်လည်း အရေပြား ရောဂါများအတွက် ဆေးဖက်ဝင်သည်ဟုဆိုလေသည်။[၁]
ပုံသဏ္ဌာန် : ချုံပင်ငယ်၊ ပင်ပျော့မျိုးဖြစ်၍ အကိုင်းဖျာထွက်သည်။ ငှက်မွေးရွက် ပေါင်းဖြစ်၍ ရွက်မွှာများ (၇) စုံမှ (၈) စုံ အထိရှိပြီး ရွက်ဆိုင်ထွက် သည်။ ရွက်ထိပ်နှင့် ရွက်ရင်းသည် လုံးဝိုင်းသည်။ အရွက်များသည် ပြောင်ချောသည်။ အဆုံးမရှိပန်းခိုင် ဖြစ်သည်။ အဝါရောင်အပွင့်များ အစုလိုက်အပြုံလိုက် ပွင့်သည်။ အသီးတောင့်ဖြစ်၍ ပြားချပ်သည်။ အစေ့သည် လေးထောင့်ပုံသဏ္ဌာန် ဖြစ်သည်။ အပင် ပင်လတ် မျိုးဖြစ်၍ အမြင့် ၁၀ ပေခန့်ထိ ရှိသည်။ အကိုင်း အသင့် အတင့် များသည်။ ပင်စည် စိမ်း၍ ချောမွေ့၏။ အရွက် ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ရွက်ညှာ တုတ်ကာ အလယ်တွင် မြောင်းပါရှိသည်။ ရွက်မြွှာများ မျက်နှာ ချင်းဆိုင် ထွက်သည်။ အရွက် အောက်ဘက်ရှိ ရွက်မြွှာ များမှာ သေးငယ်၍ ရှည်မျောမျောပုံ ရှိပြီး ထိပ်ဘက်ရှိ ရွက်မြွှာများ ထိပ်ပိုင်း ကျယ်၍ အရင်းသို့ ရှူးသွား၏။ ရွက်ကြော ထင်ရှား၏။ ရွက်ပြား ချော၍ ရွက်နား ညီသည်။ အပွင့် အခိုင်လိုက် ပွင့်ပြီး လိမ္မော်ဝါရောင် ရှိသည်။ ပွင့်ဖတ်ရှိ အကြောများ ထင်ရှားသည်။ အသီး အက်ကွဲသီး ဖြစ်သည်။ သီးတောင့် ဖြောင့်ပြီး ပြောင်ချော သည်။ အစေ့ ၅၀ ကျော် ပါသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အမြစ်၊ အပွင့်၊ အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များအလို အရ သင်္ဘောမဲဇလီ အစေ့သည် ဖန်၏။ လေကို ပယ်တတ်၏။ ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာ၊ပွေးနာ၊ အရေပြား ရောဂါတို့ကို ပျောက်ကင်း စေ၏။ ရောဂါ ဖြစ်စေတတ်သော ပိုးကို သေစေနိုင်၏။ ပဉ္စငါးပါးသည် ဝမ်းသက် စေ၍ သလိပ်ကို ပယ်၏။ ဆီးများ စေ၏။ နူနာ ကို ပျောက်ကင်း စေနိုင်သည်။ အသုံးပြုပုံ- အမြစ်
၁။ လက်ချားမှုန့် နှင့် ဖန်ခါးသီးမှုန့် ကို မဲဇလီမြစ် သွေးရည်နှင့် ဖျော်လိမ်းက ပွေးနာ ပျောက်၏။ အပွင့်
၁။ အပွင့်ကို ညက်ညက် ကြိတ်၍ လိမ်းသော် အရေပြား ရောဂါ ပျောက်၏။ အရွက်
၁။ အရွက်မှုန့်ကို ပျားရည်နှင့် တေ၍ လျက်သော် သွေးသား စင်ကြယ်၍ အသား အရေ ၀ဖြိုးပြီး အားအင် တိုးစေ၏။
၂။ အရွက်ဖြင့် ပွေး၊ ဝဲ၊ နှင်းခူ စသော အရေပြား ရောဂါ များကို နေ့၌ ၂ ကြိမ် မှန်မှန် ရက်အတန် ကြာ ပွတ်ပေးသော် ပျောက်၏။
၃။ အရွက်ကို ကြိတ်၍ အဆိပ် ရှိသော သတ္တဝါ များကိုက်သော နေရာသို့ အုံပေးသော် အဆိပ် ပြေ၏။
၄။ အရွက် ကြိတ်ညှစ်ရည် ဖြင့် လူပျိုနာ များပေါ်တွင် လိမ်းပေးက ပျောက်၏။
၅။ အရွက် ကိုကျကျ ပြုတ်၍ ခပ်နွေးနွေး အုံပေးသော် ခံတွင်း၌ အနာ အဖုများ ပေါက်ခြင်း၊ ရောင်ရမ်းခြင်း များပျောက်၏။
၆။ ၎င်းအရွက် နှင့် မုရားကြီး ရွက်ရော၍ မြုံ့ခြင်း၊ အရည်ကို မျိုပေးခြင်းဖြင့် ချောင်းခြောက် ရောဂါ ပျောက်၏။
၇။ အရွက်ကို သံပရာရည်နှင့် ကြိတ်၍ လိမ်းခြင်း၊ ယင်းပြုတ်ရည် နှင့် ဖန်ရည် ဆေးပေးခြင်း ဖြင့် နှင်းခူကြီးနာ ပျောက်၏။
၈။ အရွက်ကို ထောင်း၍ တမာရွက်ရည် နှင့် လိမ်းကျံ ပေးသော် ဝဲနာ၊နူနာ များ ပျောက်ကင်း၏။
၉။ အဖူးနှင့် အရွက်ကို ပြုတ်သောက် ပါက အသက်ရှူ ပြွန်ချောင်း ရောင်သော ရောဂါနှင့် ပန်းနာ ရောဂါကို သက်သာစေ၍ ဝမ်းကို သက်စေပြီး ဆီးကို များစေသည်။ သလိပ် ကိုလည်း ကျစေ နိုင်၏။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
- ↑ http://arogyamonline.com/commodity/materials/?raw=126[လင့်ခ်သေ]