မဲနယ် ဟုခေါ်သော အပြာရင့်ရောင်ဆိုးဆေးကို မဲနယ်ပင်မှ သီးခြားရ၍ ရှေးအခါကပင် ဆိုးဆေးအဖြစ် အသုံးပြုလာခဲ့ ကြသည်။ အိန္ဒိယနိုင်ငံမှ မဲနယ်အကောင်းဆုံးနှင့် အများဆုံး ထွက်သဖြင့် မဲနယ် ရောင်းဝယ်ရေးသည် အိန္ဒိယနိုင်ငံနှင့် အခြားမဲနယ်ထွက်သော နိုင်ငံများတွင် များစွာ ဖွံ့ဖြိုးခဲ့လေသည်။ ယခုခေတ်တွင်ကား သိပ္ပံပညာသည်များသည် ဓာတုဗေဒနည်းဖြင့် မဲနယ်များကို အဖိုးချိုချိုဖြင့် မြောက်မြားစွာ ထုတ်လုပ်နိုင်ပြီဖြစ်ရကား အပင်မှရသော သဘာဝ မဲနယ်လုပ်ငန်းမှာ ပျက်စီးခဲ့ရလေသည်။

အရောင်ဆိုးရာတွင်အသုံးပြုသော အိန္ဒိယမဲနည်တုန်း

မဲနယ်ပင်သည် ပဲမျိုးတွင်ပါဝင်၍ အမြင့် ၃ ပေမှ ၅ ပေထိ ရှိသည့် ပင်ပျပ် ဖြစ်သည်။ အရွက်များ၏ ထိပ်သည်ဝိုင်း၍ နီဖျော့ဖျော့ပန်းများ ပွင့်ကြသည်။ မဲနယ်ပင်ကို အိန္ဒိယနိုင်ငံ ဘင်္လားနယ်တွင် အများဆုံးစိုက်၍ ဂျားဗားကျွန်း၊ တရုတ်နိုင်ငံ၊ သီဟိုဠ်ကျွန်း၊ မက္ကဆီကိုနိုင်ငံ၊ ဗရာဇီးနိုင်ငံနှင့် အမေရိကတိုက် အလယ်ပိုင်းတို့တွင်လည်း စိုက်ပျိုးကြသည်။

ဘင်္ဂလားပြည်နယ်မှ မဲနယ်ပင်၏ ရုက္ခဗေဒ အမည်မှာ အင်ဒီဂိုဖာရာ စူမာထရားနာ ဖြစ်၍ တရုတ်နိုင်ငံမှ မဲနယ်ပင်၏ ရုက္ခဗေဒ အမည်မှာပေါ်လီဂိုနမ် တင့်ကိုရီယမ်ဖြစ်သည်။ မဲနယ်ကိုစိုက်၍ ၃ လကြာသောအခါ အပင်များ ပွင့်ကြ၏။ ထိုအခါ အပင်ကို ခုတ်ကြလေသည်။ သို့သော် မကြာမီ အပင်များ ပြန်တက်လာသဖြင့် ဒုတိယအကြိမ် ခုတ် ကြပြန်သည်။ တစ်နှစ်အတွင်း တတိယအကြိမ် ထိအောင် ခုတ်ကြသည်။ ခုတ်ပြီးသော အကိုင်းအခက် အရွက်များကို စင်း၍ ရေအပြည့်ရှိသော စည်ကြီးများထဲသို့ ထည့်ပြီးလျှင် ၉ နာရီမှ ၁၄ နာရီခန့်ကြာအောင် ရေစိမ်ထားရသည်။ ထိုအခါ ကဇော်ပေါက် လာလေသည်။ ကဇော် ပေါက်လာသော အဝါရောင် ရေကြည်ကြည်ကို အခြားစည်ကြီးတစ်ခုသို့ လောင်းယူပြီးလျှင် မွှေပေးရသည်။ လေသလပ်ခံရသဖြင့် အပြာရောင်မဲနယ်လွှာ ကလေးများအဖြစ်ဖြင့် ရေအောက်သို့ အနည်ထိုင်သွားလေသည်။

မဲနယ်ဆိုးဆေး

ထိုအနည်ကို ပိတ်ဖြင့်စစ်ယူပြီးလျှင် အတုံးကလေးများလုပ်၍ အခြောက်လှန်းလေသည်။ ထိုနောက် ဗူးများတွင်ထည့်၍ ရောင်းချ ကြသည်။ ဓာတုဗေဒနည်းဖြင့် မဲနယ်ထုတ်ယူသောနည်းမှာ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းပေသည်။ ယင်းလုပ်ငန်း အောင်မြင်ထမြောက်၍ အကောင်အထည် ပေါ်လာစေရန် ၁၇ နှစ်ကြာမျှ မနေမနား အချိန်ယူ၍ လက်တွေ့စမ်းသပ် ပြုလုပ်ပြီးလျှင် ငွေကြေး မြောက်မြားစွာအကုန်အကျခံခဲ့ရလေသည်။ ခရစ် ၁၈၈ဝ ပြည့်နှစ် စောစောပိုင်းလောက်က အဒေါ့ဖွန်ဗေယာဆိုသူ ဂျာမန်ဓာတုဗေဒပညာ ရှင်တစ်ဦးသည် ကျောက်မီးသွေးကတ္တရာမှ ဓာတ်ဖော်မဲနယ်ကို ဖော်စပ်နိုင်ခဲ့၏။ သို့သော် ယင်းမှာ အပင်မှရသော သဘာဝမဲနယ်ထက် ထုတ်လုပ်ရာ၌ စရိတ်များစွာ ပိုမိုကုန်ကျသဖြင့် တွက်ကိန်း မကိုက်ချေ။ ထိုမှတဖန် ခရစ် ၁၈၉၇ ခုနှစ် ရောက်သောအခါ ယင်းဓာတုဗေဒ ပညာရှင်ကြီးနှင့် အခြားပုဂ္ဂိုလ်များပူးပေါင်း၍ စရိတ်သက်သာသော နည်းကိုနောက်ဆုံး တွေ့ရှိခဲ့လေသည်။ သို့ဖြင့် ယခုခေတ်တွင် အပင်ထွက်မဲနယ်လုပ်ငန်းမှာ များစွာ ပျက်စီးခဲ့လေသည်။ သို့သော် အရောင်ခိုင် ဆိုးဆေး အပြာများကို အလိုရှိသည့်အခါ အပင်ထွက် သဘာဝမဲနယ်ကို မှာယူကြရလေသည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)