မျိုးစေ့နှင့် မျိုးမှုန်

မျိုးစေ့များမှ အပင်များပေါက်ပွားလာကြ၏။ ထိုမျိုးစေ့များထဲတွင် ပင်လောင်းဟု ခေါ်သော အပင်ငယ်ကလေးများ တစ်ခုစီရှိကြသည်။ ထိုပင်လောင်းသည် ငုပ်နေ၍ သင့်လျော်သော အခြေအနေဆိုက်ရောက် လာမှသာလျှင် ကြီးထွားလာသည်။ အကယ်၍မျိုးစေ့များ အားလုံးသည် ပင်မအောက်တစ်နေရာတည်းတွင်သာ ကျရောက်ပါက မျိုးစေ့အားလုံး ပေါက်ရန် ပင်မအောက်တွင် နေရာမရှိသည့်ပြင် ၊ အနီးအနား အခြားနေရာများတွင်လည်း အလွယ်တကူ မပေါက်နိုင်သဖြင့် ထိုအပင်မျိုးမှာ ပျောက်ကွယ်သွားရန်သာအကြောင်းရှိပေသည်။ ထိုကြောင့် မျိုးစေ့များသည် ပျံ့နှံ့သွားရန် လိုပေသည်။ မျိုးစေ့များ ပျံ့နှံ့ရာတွင် (၁) လေဖြင့်လည်းကောင်း ၊ (၂) ရေဖြင့်လည်းကောင်း၊ (၃) တိရစ္ဆာန်များဖြင့်လည်းကောင်း၊ (၄) အသီးပေါက်ကွဲခြင်းဖြင့်လည်းကောင်း နည်းအမျိုးမျိုးဖြင့် ပျံ့နှံ့သွားလေသည်။ လေတိုက်ခတ်၍ ပျံ့နှံ့သွားသော အသီးနှင့် သစ်စေ့များသည် ပေါ့ပါးကြသည် အချို့အသီးနှင့် မျိုးစေ့တို့သည် လေအဟုန်စီး၍ လိုက်ပါသွားနိုင်ရန် အတောင်သဖွယ် စီမံဖန်တီးထား၏။ အချို့တွင် ငှက်မွေးသဏ္ဌာန် အမွေးများရှိသည်။ အင်သီး၊ သစ်စေးသီးနှင့် ဆစ်ကမိုးသီးများတွင် အတောင်များ ရှိကြသည်။ အင်သီး၌ အတောင်ရှည်နှစ်ခုရှိရာ၊ ကြွေ၍ အောက်သို့ ကျလာသောအခါ ချာချာလည်၍ ကျဆင်းလာသည်။ သစ်စေးသီးတွင် ရိုးတံတစ်ခုရှိရာ အတောင်ငါးခုသည် ထိုရိုးတံနှင့်ဆက်၍ နေသည်။ သစ်စေးသီးသည်လည်း အင်သီးကဲ့သို့ပင် အောက်သို့ချာချာလည်၍ ကျဆင်းသည်။ ကြောင်လျှာစေ့နှင့် ဒန့်ဒလွန်စေ့တို့တွင် စက္ကူကဲ့သို့ ပါးလွှာသော အတောင်များ ရှိကြသည်။ ပိတောက်သီးတွင် အမြိတ်ကဲ့သို့သော အမြှေးပါးသည် ဝိုင်းလျက်ရှိသည်။ ထိုအသီးအစေ့တို့သည် လေတိုက်ခတ်ရာ အဝေးသို့လွင့်ပါသွားကြသည်။ မျိုးစေ့များ ပျံ့နှံ့ရာ၌ တိရစ္ဆာန်များမှလည်း များစွာ အကူအညီရှိသည်။ အချို့သောအသီးနှင့် မျိုးစေ့များတွင် တိရစ္ဆာန်များကို တွယ်ကပ်လိုက်ပါရန် အစေးများ၊ ချိတ်များ၊ ဆူးများ ပါရှိကြ၏။ တိရစ္ဆာန်များသည် ထိုအပင်များထဲသို့ ဖြတ်သွား သောအခါ ယင်းတို့၏ ကိုယ်တွင် အသီးအစေ့များ တွယ်ကပ်ပါသွားကြသည်။ တစ်နေရာသို့ ရောက်သောအခါ ကပ်ပါလာသော မျိုးစေ့များကျကျန်ရစ်ခဲ့ကြရာမှ အပင်များ ပေါက်ပွားလာကြသည်။ မြက်သီးနှင့် ကပ်စေးနဲသီးများတွင် ဆူးများ ရှိကြသည်။ ရှဉ့်၊ ကြွက်နှင့် လင်းနို့စသော အကောင်များသည် အသီးနှင့် မျိုးစေ့များကို သိုလှောင်စားသောက်ယင်း အပင်များကို ပျံ့နှံ့စေသည်။ ငှက်တို့သည် အသားပျော့၍ အရည်ရွှမ်းသော သရက်သီး၊ မရမ်းသီးစသည့် အသီးများကို စားသောက်ကြပြီးလျှင် မျိုးစေ့များကို တစ်နေရာသို့ ကိုက်ချီစွန့်ပစ်၍ ပျံ့နှံ့စေသည်။ အသားပျော့၍ အရည်ရွှမ်းသော အသီးများတွင် များသောအားဖြင့် အကာမာသော မျိုးစေ့များရှိကြသည်။ ထိုမျိုးစေ့များသည် ကိုယ်ခန္ဓာဝမ်းအတွင်းသို့ ရောက်ရှိသွား သော်လည်း ပျက်စီးခြင်းမရှိဘဲ မစင်စွန့်သည့်အခါ အပြင်သို့ ပြန်ရောက်လာကြသည်။ ဆီးသီးစေ့၊ ဩဇာစေ့၊ မာလကာစေ့၊ သဖန်းစေ့နှင့် ညောင်သီးစေ့များသည် ဤသို့သော မျိုးစေ့များဖြစ်သည်။ မြေစေး၊ ရွှံ့စေးများပေါ်သို့ ကျရောက်သော မျိုးစေ့ငယ်များသည် ကျေးငှက်တို့၏ ခြေထောက်တွင် ကပ်ပါသွား၍ နေရာအနှံ့အပြားသို့ ရောက်ရှိကာ ပေါက်ပွားကြသည်။ လူတို့သည်လည်း မျိုးစေ့များကို ပျံ့နှံ့စေသည်။ ဂျုံ၊ စပါး၊ ပဲ၊ ပြောင်း စသော အသီးအနှံများကို နေရာအနှံ့အပြားသို့ ယူဆောင်သွားပြီလျှင် အပင်များပေါက်ပွားစေသည်။ ရေဖြင့်လည်း သစ်သီးနှင့် မျိုးစေ့များ ပျံ့နှံ့ကြသည်။ ရေတွင်ပေါက်ရောက်သော အပင်များနှင့် ရေစပ်တွင် ပေါက်ရောက်သော အပင်များသည် ရေတွင်ပေါ်သော အသီးများသီးကြသည်။ ကြွေကျသော အသီးများသည် ရေပေါ်တွင် ပေါလောမျောပါသွား၍ အခြားကမ်းစပ်ဒေသများသို့ ရောက်ရှိသွားကြသည်။ ဤသို့ဖြင့် အပူပိုင်းဒေသများတွင် အသစ်ပေါ်ထွန်းလာသည့် ကျွန်းမြေများတွင်အုန်းပင်များ ပထမဆုံး ပေါက်ပွားလာကြသည်ကို တွေ့ရတတ်လေသည်။ ကြာသီးနှင့် အခြား ရေတွင် ပေါက်ရောက်သော အပင်တို့၏အသီးများသည် နေရာအနှံ့အပြားသို့ မျောပါသွားကြ၍ ပျံ့နှံ့ကုန်ကြသည်။ အချို့အသီးများသည် ရင့်၍ မှည့်လာသောအခါ ပြင်ပခွံမာသည် ရုတ်တရက် အက်ကွဲပြီးလျှင် အထဲမှ အစေ့များလွင့်စဉ် ထွက်သွားကြသည်။ ထိုအသီးများသည် ကြွေမကျဘဲ အပင်၌ ရှိနေလျက်နှင့်ပင် မျိုးစေ့များ လွင့်ထွက်သွားကြသည်။ ပဲမျိုးပင်တို့၏အသီးတာင့်များသည် ခြောက်လိုက်သောအခါ နှစ်ခြမ်းကွဲပြီးနောက် တစ်ခြမ်းစီလိမ်သွားတတ်ကြသည်။ ထိုသို့ လိမ်သွားခြင်းဖြင့် မျိုးစေ့များကို ဝေးရာသို့ လွင့်စဉ်သွားစေသည်။ ဒန်းပင်၏ အသီးမှည့်ကို တစုံတခုနှင့် ထိခိုက်သည်နှင့် ဒန်းသီးသည် အသံမြည်လျက် အစိတ်စိတ် ကွဲသွားပြီးလျှင် မျိုးစေ့များသည် ပြန့်ကြဲထွက်ကုန်ကြသည်။ မျိုးစေ့သည် အပင်၏ အင်္ဂါ အစိတ်အပိုင်းများနှင့် စုံလင်သော အပင်ငယ်ကလေးဖြစ်သည်။ ယင်းအပင်ငယ်ကလေး မှီဝဲရန် အစာသည် အစေ့ရွက်များတွင် သိုမှီးပြီးရှိသည်။ မျိုးစေ့တွင် မည်ကဲ့သို့ ဖန်တီးထား၍ ယင်းမှ မည်ကဲ့သို့ အပင်ကလေးပေါက်လာသည်ကို ပဲကြီးစေ့တစ်စေ့ကိုယူ၍ ကြည့်လျှင် သိသာနိုင်သည်။ ပဲကြီးစေ့တစ်စေ့ကိုယူ၍ ရေတွင် တစ်ရက်မျှ စိမ်ထားပါက ပွထလာပြီးလျှင် ပျော့ပျောင်းလာသည်ကို တွေ့ရသည်။ အစေ့တစ်ခုလုံးကို ပါးသောအစေ့ခွံဖြင့် ဖုံးအုပ်လျက်ရှိသည်။ ပဲစေ့၏ ဘေးတစ်ဖက် ချိုင့်နေသော နေရာတွင် အမာရွတ်တစ်ခုရှိရာ ထိုနေရာသည် အစေ့နှင့် အစေ့အိမ်(အသီး) ကို ဆက်ထားသော နေရာဖြစ်သည်။ ပွနေသော ပဲကြီးစေ့ကို အနည်းငယ် ညှစ်ကြည့်သော် အမာရွတ် အဆုံးတဖက်တွင် ရှိသော အပေါက်ကလေး တစ်ပေါက်မှ ရေတစ်စက်မျှ ထွက်လာသည်ကို တွေ့ရလိမ့်မည် ။ အစေ့ခွံကို ဖယ်ရှားလိုက်လျှင် အသားပြည့်နေသော အဖတ်ကြီးနှစ်ခုကို တွေ့ရပေမည် ။ ထိုအဖတ်များကို အစေ့ရွက်များဟု ခေါ်၍ ယင်းတို့အား လွယ်လင့်တကူ ခွာလိုက်နိုင်သည်။ ထိုအစေ့ရွက် နှစ်ရွက် ဆက်လျက်ရှိသောနေရာမှ ချွန်ထွက်နေသော အမြစ်ငယ်ကလေးတစ်ခု ရှိ၍ ယင်းကို အစေ့မြစ်ဟု ခေါ်သည်။ အစေ့မှ အပင်ပေါက်လာသော ထိုအစေ့မြစ်သည် သန္ဓေပေါက်မှ ထွက်၍ ရှည်လာသည်။ အမြစ်အပြင် ပင်စည်နှင့် အရွက်တို့လည်း အထက်သို့ ထွက်လာလေသည်။ အစေ့ရွက်များထဲတွင် အပင်ကလေးများ အစာ မချက်လုပ်နိုင်မီ စားသောက်နိုင်ရန် အစာများ သိုလှောင်လျက် ပါရှိသည်။ သို့ရာတွင် အချို့အပင်များ၌ အစေ့ရွက်များသည် အလွန်ငယ်သောကြောင့် အပင်လောင်းအတွက် အစာလုံလောက်အောင် မပေးနိုင်ချေ။ ဤသို့ မပေးနိုင်သည့်အခါတွင် အင်ဒိုစပမ်ခေါ် အစေ့တွင်းအစာမှ ရရှိလေသည်။ အစေ့တွင်း အစာသည် အပင်လောင်း ပတ်လည်၌ဝန်းရံလျက်ရှိပြီးလျင် အဆီနှင့် ပြည့်၍ရှိသည်။ အချို့ပင်လောင်းများတွင် အစေ့ရွက် တစ်ခုသာရှိသောကြောင့် အစေ့ရွက်ထီး ပင်ဟုခေါ်သည်။ အချို့တွင် အစေ့ရွက်နှစ်ခု ရှိသောကြောင့် အစေ့ရွက်စုံ ပင်ဟု ခေါ်သည်။ ဤပန်းပွင့်သော အပင်များမှသာ မျိုးစေ့များကိုရသည်။ ပွင့်မဲ့ပင်များမှ မျိုးစေ့များ မရသော်လည်း ယင်းတို့မှ ရသောမျိုးမှုန်များဖြင့် မျိုးပွားကြသည်။ မျိုးမှုန်များ သည် အလွန်သေးမှုန်ကြ၍ ဆဲတစ်ခုတည်းသာရှိကြသည်။ မျိုးမှုန်တွင် မျိုးစေ့ကဲ့သို့ ပင်လောင်းမရှိချေ။ အလွန်သေးမှုန်ကြသောကြောင့် မိုက္ကရိုစကုပ်(အဏုကြည့်မှန်ပြောင်း) နှင့် ကြည့်မှ မြင်နိုင်သည်။ မျိုးမှုန် နှစ်မျိုးရှိ၏။ တစ်မျိုးမှာ လိင်မျိုးမှုန်ဖြစ်၍ ဆဲ အဖိုအမ နှစ်ခုပေါင်းသင်းမှုရှိမှ အပင်ပေါက်ပွားနိုင်သည်။ အခြားတစ်မျိုးမှာ လိင်မဲ့မျိုးမှုန်ဖြစ်၍ ဆဲ အဖိုအမပေါင်းသင်းမှုမရှိဘဲ မျိုးပွားနိုင်သည်။ ကျောက်ခက်ပင်မျိုး၊ မှိုများနှင့် ရေညှိပင်မျိုးတို့တွင် မျိုးစေ့မရှိဘဲ မျိုးမှုန်များသာ ရှိကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)