နောင်လာ နောက်သားတို့၏ လူမျိုးအရည်အခြင်း တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့ကို ပြုပြင်ဖန်တီးသည့် လူမှု ထိန်းသိမ်းရေးလေ့လာသော ပညာကို မျိုးရိုးသန့်ပညာ (ယူဂျင်းနစ်) ဟု ခေါ်သည်။ အဆင့်အတန်းမြင့်၍ ကာယဗလ၊ ဉာဏဗလနှင့် ပြည့်စုံသောလူမျိုး သန့်သန့် ရရှိရေးတွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင် ်ရသည်။ လူတို့တွင် မိဖတို့မှ ဆက်ခံရရှိသော မျိုးရိုးဇာတိတစ်ခုတည်းသာ လွှမ်းမိုးနေသည်မဟုတ် ။ သူတို့ နေထိုသော ပတ်ဝန်းကျင် အခြေအနေများက လည်း လွှမ်းမိုးလျက်ရှိသည်။ အမှန်မှာမျိုးရိုးသန့် ပညာသည် လူမျိုးတို့၏ အရည်အခြင်းကို မြှင့်တင်ရေးနှင့် စပ်လျဉ်းသောဘာသာရပ် ဖြစ်သည်။

ဂရိပညာရှင်ကြီး ပလေးတိုးက သင်တို့ မွေးမြူလာခဲ့သော ကျွဲနွား တိရစ္ဆာန်တို့၌ အမျိုးမြှင့်တင်မှု မရှိလျှင် တဖြည်းဖြည်းအမျိုးဆုတ်ယုတ် ညံ့ဖျင်းလာလိမ့်မည်ဟု လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်လောက်က ပြောခဲ့ဘူးသည်။ လူ၌လည်း ထိုသဘောတရားအတိုင်းပင် အမျိုးမြှင့်တင်မှု မရှိလျှင် လူမျိုးဆုတ်ယုတ် ညံ့ဖျင်း သွားပေမည် ။ လူမျိုးမြှင့်တင်ရေး၌ ကာယဗလ၊ ဉာဏဗလ ညံ့ဖျင်းသူတို့၏ မျိုးဆက် ပြန့်ပွားမှုကို ပိတ်ပင် တားဆီးခြင်း ပြုလုပ်ရလေသည်။ ထိုသို့ မဟုတ်ပါက တိုင်းပြည်၌ ဝေဒနာ ထူပြောသူ၊စိတ်သဘောထား သေးသိမ် ယုတ်ညံ့သူ၊ အားအင် နည်းပါးသူ၊ ဉာဏ်နုံ့သူများပေါများနေ၍ တိုးတက်မှုမရှိ ဖြစ်နေပေလိမ့်မည် ။

မျိုးရိုးသန့် ပညာသည် ၁၉ ရာစုနှစ် နောက်ပိုင်းလောက်ကမှ ပေါ်ပေါက်လာသော ပညာရပ်ဖြစ်သည် အင်္ဂလန်နိုင်ငံမှ ဆာဖရန်စစ် ဂေါ်လတန် ဆိုသူသည် လူမျိုး အရည်အခြင်းများကို လေ့လာယင်း ထွင်လိုက်သော ဝေါဟာရဖြစ်သည်။ သိပ္ပံပညာရှင်များသည်အပင်နှင့် တိရစ္ဆာန်များကို မိမိတို့ အလိုရှိသလို မျိုးသန့်သန့် မျိုးပွားယူနိုင်သကဲ့သို့ လူများကို မျိုးပွားမယူနိုင်သည်မှာ အခက်အခဲတစ်ခုပင် ဖြစ်သည်။ လူများသည် မျိုးပွားရာ၌ အသင့်တော်ဆုံး အကောင်းဆုံးတို့နှင့် ထိမ်းမြားခြင်းမရှိဘဲ မိမိတို့ ကြိုက်နှစ်သက်သမျှနှင့်သာလက်ထပ်ထိမ်းမြားလေ့ ရှိကြသည်။ စီးပွားရေး တောင့်တင်း၍ ပညာ အရည်အချင်းလည်း အလွန် ကောင်းသော လူများတွင် ဆင်းရဲ၍ ပညာမရှိသော လူများမှာလောက် သားသမီးဦးရေ မများကြောင်း လူဦးရေစစ်တမ်းတွင် တွေ့ရသည်။ ဤနှုန်းအတိုင်း မျိုးပွားနေပါကတစ်နေ့တွင် လူမျိုး အဆင့်အတန်း ညံ့ဖျင်းသွားပေလိမ့်မည် ။

မျိုးရိုးသန့်ခြင်းနှင့် စပ်လျဉ်း၍ ဉာဏ်နုံ့သူများနှင့် လူတန်းမစေ့သူများအား အခြားသူများနှင့် မရောနှောစေဘဲ သီးသန့်ခွဲထားခြင်းကို နှစ်သက်သူများလည်း ရှိကြသည်။ အချို့တိုင်းပြည်များတွင် ထိုသူများကို မြုံစေခြင်းဖြင့် မျိုးပွားမှုကို ပျက်ပြားစေလေသည်။

နာဇီ ဂျာမနီနိုင်ငံသည် မျိုးရိုးသန့်မှုတွင် ဥပဒေ အလွန်ပြင်းထန်ရကား အခြား နိုင်ငံများကပင်မလိုက်နိုင်ချေ။ ဟစ်တလာသည် မိမိသတ်မှတ်ထားသော မျိုးရိုးသန့် အတန်းအစားတွင် မဝင်သော သူများအား အစတုံး ချေမှုန်းရန် အလွန် အားပေး ခဲ့၏။ ထိုသူများ အထဲတွင်ပိုးလူမျိုး၊ ယဟူဒီလူမျိုး၊ ဂျစ်ပစီလူမျိုး၊ ရူးသွပ်သူများ နှင့် နာဇီဝါဒကို အတိုက်အခံပြုသူများ ပါဝင်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)