ပဲခူးတိုင်း ကဝမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာ မျိုးဝင်း (၅၄) နှစ်သည် အသည်းကင်ဆာ ရောဂါဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ကွယ်လွန်သွားသည်။

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မျိုးဝင်း (၅၄) နှစ်။ ပြင်ဆင်ရန်

မဇ္ဈိမနဲ့ အဲန်အမ်ဂျီ၊ ၃ဝ၊ စက်တင်ဘာ၊ ၂ဝဝ၈

 
ဒေါက်တာ မျိုးဝင်း

ဒေါက်တာ မျိုးဝင်းသည် ၁၉၈၂ ခုနှစ်က မန္တလေး ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။

စစ်တပ်မှ အာဏာ သိမ်းခဲ့သည့်နောက်တွင် ကဝမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးချယ် ခံခဲ့ရသည်။

စစ်အစိုးရ အာဏာပိုင်များမှ ၁၉၉ဝ ခုနှစ်၊ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ပါက အဆင့်မြင့် ရာထူး တိုးပေးခြင်း၊ နိုင်ငံရပ်ခြား ပညာတော်သင် စေလွှတ်မည်ဟု ခေါ်ယူ သိမ်းသွင်း ခဲ့သော်လည်း လက်မခံ ငြင်းပယ်ခဲ့သူ တဦးလည်း ဖြစ်သည်။

၁၉၉၈ ခုနှစ်တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းစဉ် တက်ွ့ွကစွာ ပါဝင်ခဲ့သဖြင့် စစ်ထောက်လှမ်းရေးက ၃ နှစ်ခန့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ်က ဒေါက်တာ မျိုးဝင်း ကိုယ်ပိုင် ဖွင့်လှစ်ထားသော ဆေးခန်းကို ပိတ်ရန် ဖိအားပေး ခံရခြင်း၊ နိုင်ငံရေး လုပ်ဆောင်ခွင့် မရအောင် နှောင့်ယှက်ခြင်း၊ ထောက်လှမ်းရေးများက နည်းမျိုးစုံ နောက်ယောင်ခံ လိုက်ကာ နှောင့်ယှက်မှုများ လုပ်ဆောင်ခဲ့သည့် အတွက် ၂ဝဝ၄ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်မြို့သို့ ခိုလှုံရန် ရောက်ရှိလာခဲ့သည်။

ထို့နောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) အတွင်းရေးမှူး အဖွဲ့၊ နိုင်ငံရေးအံတုမှု ကော်မတီတို့တွင် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။

သူသည် လက်ရှိ မြန်မာ့ လွှတ်တော် အမတ်များ အဖွဲ့ (MPU) အဖွဲ့ဝင် တဦးဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟို (NLD- LA) တွင်လည်း မကွယ်လွန်မီ အထိ ဗဟိုကော်မတီ အဆင့်တွင် ပါဝင် လုပ်ဆောင်ခဲ့သူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ မျိုးဝင်း ကွယ်လွန်ချိန်တွင် ဇနီးနှင့် အတူ သားတဦး၊ သမီးနှစ်ဦး ကျန်ရစ်ခဲ့သည်။

  • * * * * * * *