ပင်မမီနူးကို ဖွင့်ရန်

" . . . ဦးမြင့်သိန်းသည် နိုင်ငံခြားရေး ဝန်ကြီး စပ်ခွန်ချိုနှင့် အခြား စော်ဘွားတို့နှင့် ခင်မင် ရင်းနှီး၍ နွေရာသီချိန် တောင်ကြီး ကလောမြို့များ၌ တွေ့ဆုံလေ့ ရှိရာ ၁၉၆၂ ခု၊ အာဏာ သိမ်းယူပွဲ၌ အခြား နိုင်ငံရေး ခေါင်းဆောင်များနှင့် အတူ အထိန်းသိမ်း ခံရပါသည်။ အထိန်းသိမ်း ခံရစဉ် အတွင်း သူ၏ ဇနီး ကွယ်လွန် သွားပါသည်။ အကျဉ်းမှ လွတ်လာပြီး ဦးမြင့်သိန်းသည် လူမှုရေး ပညာရေး နယ်ပယ်တို့၌ သွက်လက်စွာ လှုပ်ရှားခဲ့ပါသည်။ သံတမန်ပွဲ အချို့၌ လည်းကောင်း၊ အသိမိတ်ဆွေတို့၏ ဈာပန များစွာ၌ လည်းကောင်း သူ့တို့ တွေ့ရ၏ . . . " . . . [၂ဝဝ၈ ဩဂုတ်လထုတ် 'အတွေးအမြင်' စာစောင်မှာ 'မြန်မာလူချွန် လူမွန်များ' ခေါင်းစဉ်နဲ့ ရေးသားခဲ့တဲ့ အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်းရဲ့ "တရားဝန်ကြီးချုပ် ဦးမြင့်သိန်း" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]


မြန်မာလူချွန် လူမွန်များ၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းပြင်ဆင်

ကျွန်တော့် ဖခင်ကြီး Executive Engineer ဖြစ်စဉ်က လမ်းအရေးပိုင်ဟု အခေါ်ခံရ၏။ သို့သော် ပင်ရင်း အရေးပိုင်မှာ သူ၏ မိတ်ဆွေ Deputy Commissioner ဦးဖိန်း ဖြစ်၏။ ဦးဖိန်းသည် အလွန် အရပ်နိမ့်သော်လည်း သူ၏ အရည်အချင်းနှင့် ဝိရိယမှာ အလွန် မြင့်မား၏။ ၎င်း၏ သား လေးယောက်နှင့် သမီး သုံးယောက်မှာ ပညာထူးချွန်ပြီး မြန်မာပြည်တွင် အအောင်မြင်ဆုံး မောင်နှမများ ဖြစ်လာ၏။

သားကြီး ဩရသမှာ ပထမဆုံး မြန်မာ အိုင်စီအက်စ်၊ ပထမဆုံး ယူကေနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်လောင်း၊ ပထမဆုံး ဘဏ္ဍာရေး ဝန်ကြီး၊ တတိယမြောက် နိုင်ငံခြားရေး ဝန်ကြီး၊ ဒုတိယမြောက် နိုင်ငံရေး လုပ်ကြံခံရသူ ဦးတင်ထွဋ် ဖြစ်၏။ ဒုတိယသားမှာ စာသံ ပေသံ မပါဘဲ ဉာဏ်အကောင်းဆုံး တရားလွှတ်တော်ချုပ် တရားသူကြီး ဦးကျော်မြင့် ဖြစ်၏။ စတုတ္ထသားက ကလောင် နာမည်ဖြင့် စာရေးပြီး ဒီဂရီဘွဲ့များ ရရှိ၍ ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခ၊ သီဟိုဠ်နိုင်ငံ ဆိုင်ရာ ပထမဆုံး သံအမတ်ကြီး ဖြစ်လာသူ ဒေါက်တာ ထင်အောင် ဖြစ်၏။ ၎င်းတို့ အားလုံးထက် အသက်ရှည်သူမှာ ၁၉ဝဝ ခုနှစ် မွေး၍ ၉၂ နှစ် အထိ အသက် မှတ်ရလွယ်သော တတိယသား ဦးမြင့်သိန်း ဖြစ်၏။ မိန်းကလေး သုံးဦး အနက် အကြီးဆုံး ဒေါ်မြမူမှာ မြန်မာစာ ပါမောက္ခ ဦးဧမောင်၏ ဇနီး ဖြစ်၍ အလတ် ဒေါ်ခင်စောမူမှာ အိုင်စီအက်စ် ဦးဘတင့်၏ ဇနီး ဖြစ်၏။ အငယ်ဆုံး ဒေါ်တင်စောမူမှာ အင်္ဂလိပ်စာ ပါမောက္ခ ဖြစ်၏။

အထက်ပါ ညီအစ်ကို မောင်နှမ ခုနှစ်ယောက်သည် မြန်မာပြည်တွင် အစည်းလုံး အညီညွတ်ဆုံး ဆွေမျိုးစု ဖြစ်၍ ဘဝ အောင်မြင်ရေး အတွက် တယောက်နှင့် တယောက် ကူညီ ယိုင်းပင်းကြသည်ဟု မလိုသူ အချို့က ပြောကြ၏။ ထိုအချက် မှန်တောင်မှ၊ ပင်ကိုယ်ဉာဏ် ကောင်း၍ တိုးတက်လိုစိတ် ပြင်းထန်သော ဦးမြင့်သိန်း ကြောင်း အနည်းငယ် ရေးသား ဖော်ပြပါမည်။

မိမိကိုယ်မိမိ နှိမ့်ချ၍ မောင်ဘယ်သူ ဘယ်ဝါဟု ခေါ်တွင် လက်မှတ်ထိုးသော ခေတ်ပေါက် မောင်မြင့်သိန်းသည် နောင်တော်ကြီး ဦးတင်ထွဋ်ကဲ့သို့ Cambridge တက္ကသိုလ်မှ ဘီအေဘွဲ့နှင့် Inns of Court ဝတ်လုံတော်ဘွဲ့ တို့ကို ဆွတ်ခူး၍ ပြည်တော် ပြန်ခဲ့၏။ သူ ရှေ့ဆက်နင်းသော လုပ်ငန်းမှာ ၁၉၂ဝ နှစ်များတွင် ပေါ်ပေါက်ခဲ့သော အမျိုးသား စိတ်ဓာတ်တို့ကြောင့် အစ်ကိုကြီးကဲ့သို့ မိုးကျရွှေကိုယ် အိုင်စီအက်စ် ရာထူး မမှန်းတော့ဘဲ မြို့မ အမျိုးသားကျောင်း၏ စေတနာ့ ဝန်ထမ်း ကျောင်းအုပ် အဖြစ် ထမ်းရွက်လေသည်။ ၁၉၂၉ - ၃ဝ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ ဓာတ်ပုံထဲကတွင် ဦးမြင့်သိန်းကို ဇနီးသည် ဝတ်လုံတော်ရ ဒေါ်ဖွားမှီ၏ နောက်မှ ရပ်နေသည်ကို တွေ့ရ၏။ သူ့အစ်ကို ဦးကျော်မြင့်က အဖွဲ့၏ ဒု-ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး၊ ကျွန်တော် ဖခင် ဦးဘိုးသောင်က စေတနာ့ ဝန်ထမ်း ကျောင်းအင်ဂျင်နီယာ အဖြစ် ဆောင်ရွက်ကြပုံကို တွေ့ရ၏။ (ဦးမြင့်သိန်းသည် ကျွန်တော့် ဖခင်ကို လေးစား၍လား မသိ၊ နောက် အနှစ် ၃ဝ အကြာ အိုင်စီအက်စ် ဦးအုန်း၏ သမီး ခင်ခင်အုန်းအား တောင်းရမ်းပွဲ၌ ကျွန်တော့် အတွက် စကားပြောပေးလေသည်)

ပညာရေး နယ်ပယ်၌ မျိုးချစ်တာဝန် ထမ်းဆောင်ပြီးသော်၊ ဦးမြင့်သိန်းသည် တရားရုံးတော်၌ ကြိုးကြိုးပမ်းပမ်း အမှု လိုက်လေသည်။ နောင်တော် ဦးကျော်မြင့်ကဲ့သို့ ထင်ထင်ရှားရှား နိုင်ငံရေးထဲ မဝင်သော်လည်း ၁၉၃ဝ နှစ် အတွင်း အမျိုးသား ပညာရေးတွင် ပညာဒါန ပြုလေသည်။ နောင်တော်ကြီး ဦးတင်ထွဋ်က ဗိုလ်ချုပ် အောင်ဆန်း၏ အကြံပေး အဖြစ် နိုင်ငံရေး လောကထဲ ခြေစုံပစ် ဝင်သောအခါ ဦးမြင့်သိန်းသည် ပိုမို အားရ လာလေသည်။

နိုင်ငံတော် လုပ်ကြံမှုကြီး ပေါ်ပေါက်ပြီးနောက် ယခင် ဗိုလ်ချုပ် အောင်ဆန်းက ယူကေနိုင်ငံ ဆိုင်ရာ သံအမတ်လောင်း အဖြစ် ရာထားခဲ့သော ဦးတင်ထွဋ်အား ဝန်ကြီးချုပ် သခင်နုက နိုင်ငံခြားရေး ဝန်ကြီး ခန့်ထားပြီး ဦးမြင့်သိန်းအား ၁၉၄၈ခု ဖေဖော်ဝါရီလတွင် နန်ကင်းသို့ ပထမဆုံး မြန်မာ သံအမတ်ကြီး အဖြစ် ပို့လေသည်။ အစ်ကိုကြီး အစား ညီပေါ်သို့ သံတာဝန် ကျရောက်ခြင်း ဖြစ်၏။ ထိုအချိန်၌ ချန်ကေရှိတ်၏ အမျိုးသား အစိုးရက တရုတ်ပြည် မြေပုံထဲ လွတ်လပ်သော မြန်မာနိုင်ငံ၏ နယ်မြေ အတော်များများကို ထည့်သွင်းထားရာ ဦးမြင့်သိန်း၏ ဥပဒေနှင့် သံတမန်ရေးရာ ကျွမ်းကျင်မှုတို့ကို အသုံးချရန် လိုအပ်ခဲ့၏။ ဦးမြင့်သိန်းအား နန်ကင်းသို့ စေလွှတ်သည့် နောက်တကြောင်းမှာ စစ်ကြိုခေတ်က ချုံကင်းသို့ မြန်မာ ချစ်ကြည်ရေး အဖွဲ့ဝင် အဖြစ် သွားခဲ့ဖူးသောကြောင့် ဖြစ်၏။ ထိုအကြောင်းကြောင့်ပင် ဦးမြင့်သိန်းသည် စစ်အတွင်း ဂျပန်ခေတ်က ရှေ့တန်း၌ မနေခဲ့ခြင်း ဖြစ်၏။

မော်စီတုံး၏ တပ်နီက ၁၉၄၉ ခု စက်တင်ဘာလတွင် နန်ကင်းသို့ ချဉ်းကပ်နေစဉ် မြန်မာသံရုံးပေါ် လွှတ်တင်ထားသော မြန်မာနိုင်ငံ အလံကို ဆင်တူရိုးမှား ချန်ကေရှိတ် တရုတ် အလံထင်ပြီး အမြောက်ဖြင့် ပစ်မည်စိုး၍ ဦးမြင့်သိန်းသည် မြန်မာနိုင်ငံ အလံကို အနည်းငယ် ပြောင်းလဲခွင့် ပြုရန် ရန်ကုန်သို့ အကြောင်းကြားပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကြေညာသော အခါ ပထမဦးဆုံး အသိမှတ်ပြုသည့် အစိုးရမှာ မြန်မာနိုင်ငံ ဖြစ်သည်။ ၁၉၅ဝ ဇွန်လတွင် ဦးမြင့်သိန်းအား ပီကင်းသို့ ပထမဦးဆုံးသော မြန်မာ သံအမတ်ကြီး အဖြစ် ပြန်လည် စေလွှတ်ပါသည်။ ၁၉၅၂ ခုနှစ်ကုန် အထိ ပီကင်း သံရုံး၌ ထမ်းရွက်ပါသည်။ ဦးမြင့်သိန်းသည် နေရှင်နယ်လစ်နှင့် ကွန်မြူနစ် တရုတ် အစိုးရ နှစ်ခုစလုံးသို့ စေလွှတ်ခံရသည့် ထူးခြားသော သံအမတ်ကြီး ဖြစ်ပါသည်။

ပြည်တော်ပြန်ပြီးနောက် တရားလွှတ်တော်ချုပ်၌ တရားဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရပါသည်။ များမကြာမီ တရားလွှတ်တော်ချုပ် တရားဝန်ကြီးချုပ် ဖြစ်လာပါသည်။ တရားရေး ယန္ဈရား၏ ဦးစီး အဖြစ် နိုင်ငံတော် ဦးစားပေး စည်းမျဉ်းများအရ နိုင်ငံတော် ဝန်ကြီးချုပ်နောက် လာရမည် ဖြစ်သော်လည်း လက်တွေ့တွင် အုပ်ချုပ်ရေး ယန္ဈရား တစိတ်တပိုင်း၏ ဦးစီးက နေရာ လုလာသည်ကို သတိပြုမိ၏။ ဦးမြင့်သိန်းသည် နိုင်ငံခြားရေး ဝန်ကြီး စပ်ခွန်ချိုနှင့် အခြား စော်ဘွားတို့နှင့် ခင်မင် ရင်းနှီး၍ နွေရာသီချိန် တောင်ကြီး ကလောမြို့များ၌ တွေ့ဆုံလေ့ ရှိရာ ၁၉၆၂ ခု၊ အာဏာ သိမ်းယူပွဲ၌ အခြား နိုင်ငံရေး ခေါင်းဆောင်များနှင့် အတူ အထိန်းသိမ်း ခံရပါသည်။ အထိန်းသိမ်း ခံရစဉ် အတွင်း သူ၏ ဇနီး ကွယ်လွန် သွားပါသည်။ အကျဉ်းမှ လွတ်လာပြီး ဦးမြင့်သိန်းသည် လူမှုရေး ပညာရေး နယ်ပယ်တို့၌ သွက်လက်စွာ လှုပ်ရှားခဲ့ပါသည်။ သံတမန်ပွဲ အချို့၌ လည်းကောင်း၊ အသိမိတ်ဆွေတို့၏ ဈာပန များစွာ၌ လည်းကောင်း သူ့တို့ တွေ့ရ၏။ သူ ဟာသစိတ်လည်း ပျောက်ကွယ် မသွားပါ။

လူတိုင်းဟာ Uncle Monty ဟု ခေါ်ကြသော ဦးမြင့်သိန်းသည် မိတ်ဆွေဟောင်းများနှင့် ပြည်တွင်း၌ ကိုယ်တိုင်ကိုယ်ရောက် သွားရောက် လည်ပတ်၍ လည်းကောင်း၊ ပြည်ပသို့ စာမှန်မှန် ရေးခြင်းဖြင့် လည်းကောင်း၊ အဆက် မပြတ်စေခဲ့ပါ။ လင်္ကာနှင့် စာများမှ လွဲ၍ စကားပြေ မရေးတော့ သဖြင့် တခါတွင်က ၎င်းအား ဆောင်းပါးရေးရန် တိုက်တွန်းသည်။

လူတိုင်းကို မှတ်မိ၊ နာမည်လည်း မမေ့ဘဲ ကာလရှည်ကြာစွာ ဦးမြင့်သိန်းသည် ကမ္ဘာ၌ မြန်မာ လူ့လောက၏ အမြဲတမ်း ကိုယ်စားလှယ်တော်ကြီး ဖြစ်နေ၏။ သို့သော် အသက် ၉ဝ ကျော်စ ပြုသော် ဇရာထောင်း၍ သတိ အနည်းငယ် မေ့စ ပြုလာလေသည်။ လွန်ခဲ့သော ဗြိတိသျှ ဘုရင်မမွေးနေ့ အတွက် ဗြိတိသျှ ဘုရင် ဧည့်ခံပွဲ ကျင်းပရာ၌ ဦးမြင့်သိန်းအား ကုလားထိုင် တလုံး ချပေးထားရာ ကျွန်တော်က ဂါရဝပြုရန် ချဉ်းကပ်သည့် အခါ သူ့ကိုယ်ရံတော်က "ဦးသက်ထွန်း" ဟု သူ့နားထဲ ကပ်ပြောလိုက်၏။ ဦးမြင့်သိန်းက "သိတာပေါ့၊ ဘေဘီ အဖေလေ" ဟု နှစ် ၃ဝ က ကွယ်လွန် သွားခဲ့သော ဝတ်လုံတော်ရ ဦးသက်ထွန်းအား ရည်စူး ပြောကြားလေသည်။ သို့သော် Goodbye Mr. Chips ဇာတ်ကားထဲမှ Robert Donat ကို သတိရ၍လား မသိ၊ ချက်ချင်းပင် သူ ဆုပ်ကိုင်ထားသော ကွ္ဆန်တော့်လက်ကို ဖြေးညှင်းစွာ သူ့နဖူးပေါ် တင်၍ "ဆောရီးဘဲ၊ အန်ကယ်က ရှေးအတိတ်ထဲ ပြန်ရောက်နေပြီ" ဟု တောင်ပန်စကား ပြောကြားလေသည်။ ကျွန်တော့် စိတ်ထဲတွင် တကယ့် Grand Old Man ပါလားဟု အောက်မေ့မိ၏။

အသက် ၉၂ ကျော် အဖိုးတန် ပုဂ္ဂိုလ်ကြီးသည် စကားပြေ မရေးသားဘဲ ဘဝတပါး ပြောင်းလဲ သွားသော်လည်း၊ သူ့ဘဝ ဖြစ်စဉ်ကို ဖော်ပြသော ဓာတ်ပုံပေါင်းများစွာကို သူ့တူတို့ထံ အမွေ ပေးသွား၏။ တလောက သူ့တူများက ကျွန်တော့်အား ရှေ့မီ နောက်မီ ၈ဝ ကျော် အဖြစ် ၎င်းဓာတ်ပုံများထဲမှ နိုင်ငံခြား ပုဂ္ဂိုလ်များ မည်သူ မည်ဝါနည်းဟု ခေါ်ယူ မေးမြန်းပါသည်။ သူ့ခေတ်က ကမ္ဘာကျော် ပုဂ္ဂိုလ်များ သူမသိသည် မရှိသလောက် အ့ံဩဘွယ်ရာ တွေ့ရှိ ခဲ့ရပါသည်။


ဦးသက်ထွန်း အငြိမ်းစား သံအမတ်ကြီး