မြင်ကွန်း၊ မြင်းခုံတိုင် မင်းသားများ

မြင်ကွန်း၊ မြင်းခုံတိုင် မင်းသားများပြင်ဆင်

မြင်ကွန်း မင်းသားနှင့် မြင်းခုံတိုင် မင်းသားတို့သည် မင်းတုန်းမင်းတရား မင်းမဖြစ်မီ အမရပူရအိမ်နိမ့်၌ စံတော်မူစဉ် ရွှေရေးဆောင် မိဖုရားမှ ဖွားမြင်သော သားတော်များဖြစ်သည်။ မြင်းကွန်းမင်းသားသည် ၁၂ဝ၅ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၄ ရက်နေ့တွင် ဖွားမြင်၍ ငယ်မည်မှာ မောင်မျိုးအေးဖြစ်သည်။ ပထမဆုံး သီလဝဘွဲ့ကို ရ၍၊ ထိုနောက် သမဟာသီရိ ဓမ္မရာဇာဘွဲ့ ရပြီးလျှင် မြင်ကွန်းမြို့ကို စားရသောကြောင့် မြင်ကွန်း မင်းသားဟုတွင်သည် ။ ညီတော် မြင်းခုံတိုင် မင်းသား၏ ငယ်မည်မှာ မောင်မျိုးထင်ဖြစ်၍၊ နောက်သတိုးမင်းလှ ဇေယသူဘွဲ့ရသည်။ မြင်းခုံတိုင်မြို့ကို စားရ၍ မြင်းခုံတိုင် မင်းသားဟု တွင်သည်။ မြင်ကွန်းမင်းသားသည် ဇာတိပဋိသန္ဓေအားဖြင့် မဟုတ်လျှင် မခံတတ်သော စိတ်ရှိကာ၊ လုပ်မိလျှင် မည်သည့်အရာမဆို ရွပ်ရွပ်ချွံချွံ စွန့်စွန့်စားစား ပြုလုပ်လေ့ရှိ၏။ အလုပ်လုပ်ရာ၌ မည်သူ၏ မျက်နှာကိုမျှ ထောက်ညှာလေ့မရှိပေ။ ပကတိအတိုင်းနေလျှင်မူ အလွန်သဘောကောင်း၍ ရတနာ ၃ ပါးကို အထူးရိုသေ ကိုင်းရှိုင်း၏။ ပညာရှိများကို အထူးခင်မင်၍ မိမိကိုယ်တိုင် ပညာစုံကို အထူးလိုလားသည်။ ထိုပြင် မြင်ကွန်းမင်းသားသည် မင်းသားတို့ တတ်အပ်သော အတတ်ပညာများကို တတ်မြောက်၍ အထူးသဖြင့် ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လှံထိုး၊ သေနတ်ပစ်ခြင်းတို့၌ သူတစ်ပါးတို့လက်ဖျားခါ၍ အံ့ဩလောက်အောင် တတ်မြောက်ကျွမ်းကျင်သည်ဟု ဆိုလေသည်။ မင်းတုန်းမင်းတရားကြီးသည် ၁၂၁၄ ခုနှစ် တပေါင်းလဆန်း ၁၁ ရက်နေ့တွင် အထွတ်အထိပ်သို့ ရောက်သောအခါ ညီတော် ကနောင်မင်းအား အိမ်ရှေ့အပ်နှင်းတော်မူသည် ။


ကနောင်မင်းသားကြီးမှာ အိမ်ရှေ့စံပင်ဖြစ်လင့်ကစား ဩဇာတိက္ကမပြည့်စုံ၍ တန်ခိုးအာဏာ ထက်မြက်လှသည်။ ပြည်ရေးပြည်ရာ စီမံခန့်ခွဲရာတွင်လည်း ဦးစီးဦးဆောင် ပြုရသည်။ နောင်တော် မင်းတုန်းမင်းတွင် သားတာ် သမီးတော် အရွယ်ရောက်သူများ ရှိရကား၊ ကနောင်မင်းသား ရှိနေသောကြောင့် ထီးနန်းဆက်ခံခွင့် ရတော့မည် မဟုတ်ဟု စိုးရိမ်ကြသော သားတော်များသည် မကျေမနပ် ဖြစ်ကြလေသည်။ သို့ဖြစ်၍ မြင်ကွန်းစားနှင့် မြင်းခုံတိုင်စားတို့သည် ဦးပုညကို ဓားမိုး၍ ထီးနန်း လုပ်ကြံရန် အခါတောင်းပြီးလျှင် နေ့ ၂ ချက်တီးကျော် အချိန်ရသော်၊ ငဘဲကြီး၊ ငဖြူသီး၊ ဇော်ဂျီဗိုလ်တို့နှင့် လူပေါင်း ၅ဝ ကျော် စုဆောင်း၊ အရက်သေစာ သောက်စားလျက် သက္ကရာဇ် ၁၂၂၈ ခုနှစ် ဝါဆိုလပြည့်ကျော် ၇ ရက် ကြာသပတေးနေ့ နာရီပြန် ၂ ချက်တီး အချိန်တွင် မြေဘုံသာ စံနန်းတော် လွှတ်တော်အနီး တဲကြီးတွင် အိမ်ရှေ့ဘုရားသည် တိုင်းရေးပြည်ရေးများနှင့် သဿမေဓအခွန်တော်များ အကြောင်းကို စစ်ဆေးနေစဉ်၊ မြင်းခုံတိုင်စားက ကယ်တော်မူပါဘုရား၊ ကယ်တော်မူပါဘုရားဟု ရှေ့က ပြေး၍ မြင်ကွန်းစားက ဓားနှင့်လိုက်လေသည်။ အိမ်ရှေ့ ဘုရားသည် အကယ် မြင်ကွန်းစားက မြင်းခုံတိုင်စားကို သတ်ရန်လိုက်သည် ထင်မှတ်၍၊ နေရာတော်မှ လက်နက်မပါဘဲ ယင်းတို့ရှိရာ ထွက်တော်မူသည်။ အနီးသို့ရောက်မှ မြစ်သာပွဲစား မင်းသားဖိနပ်တော်သား ဦးကရင်က ရန်သူတော်ပါဘုရားဟု နောက်မှအော်မှသာလျှင် မြင်ကွန်းစား၊ မြင်းခုံတိုင်းစားတို့ ရန်မူရန်လာကြောင်း သိတော်မူ၍ ဓားတော်ကိုယူရန် ဝင်းပိတုန်းပိတ်ကို ကျော်သည်တွင် မြင်ကွန်းစားဓားချက်ဖြင့် ကံကုန်သည်။ မြင်ကွန်းစားနှင့် မြင်းခုံတိုင်စားတို့သည် ဘထွေးတော်အိမ်ရှေ့မင်းအား လုပ်ကြံပြီးသော် ပွဲတော်ဆောင်တွင် စံနေတော်မူသောခမည်းတော်အား လုပ်ကြံရာ၊ မင်းတရားကြီးသည် မိဖုရား၊ သားတော် သမီးတော်၊ ကိုယ်ရံတော်များနှင့် အနောက်တံခါးက ထွက်တော်မူသည်တွင် သူပုန်တို့က မင်းတရားကြီးအား လုပ်ကြံရန်ထားသော ငပိုက်ကြီးနှင့်တွေ့၍ သားတော် မက္ခရာမြို့စားမင်းသားက ယင်းကိုယ်မှ ဓားကို ယူပြီးလျှင်၊ မင်းတရားကြီးအား ကျောပေါ်၌ပိုး၍ နန်းတော်သို့ အရောက်ပို့စေသည်။ မင်းတရားကြီးသည် စားတော်ဝန် ဦးခဲအား ထီးဖြူမိုးစေ၍ ပြေးစေရာ၊ သူပုန်တို့သည် ဘုရင်မှတ်ထင်၍ ယင်းနောက်သို့ လိုက်ကြသည်တွင် မင်းတရားကြီးသည် နန်းတော်သို့ ချောမောစွာ ရောက်လေသည်။


ဦးကရင်လည်း အိမ်ရှေ့တော် တပ်များရှိရာသို့ ပြေး၍၊ မြင်ကွန်းစား ဓားချက်ဖြင့် ရောင်ပြတ်ခဲ့ပြီး၊ အိမ်ရှေ့ဘုရားကိုလည်း မြင်ကွန်းစားတို့ လုပ်ကြံရန် နောက်တော်သို့လိုက်ကြောင်း၊ အိမ်ရှေ့ဘုရား မည်သို့ ဖြစ်သည်ဟု မသိကြောင်း ပြောသည်တွင်၊ အိမ်ရှေ့တော်တပ်က အိမ်ရှေ့ဝန်နတ်မောက်မြို့စား ဦးသင်၊ အိမ်ရှေ့သံတော်ဆင့် ဦးဘိုးအောင်၊ ထီးလှိုင်တိုက်စား အကြီးတော်ချုပ်ဝန် မင်းကြီးမင်းလှ မဟာဥဇနာ၊ အိမ်ရှေ့သံတော်ဆင့် ဦးသက်ရှည်၊ အိမ်ရှေ့သံတော်ဆင့် သီးရွှေစင်၊ ကိုးပင်တပ်မှူး ရဲကျော်သူဘွဲ့ခံ ဦးပေါ်လွင်၊ အိမ်ရှေ့လက်စွဲတောင်ကြီး ရဲခေါင်ကျော်စွာဘွဲ့ခံ ရန်ကင်းတောင်ရွာစား ဦးပုတ်စုတ်အစရှိသော အိမ်ရှေ့တော် အရာရှိတို့နှင့် တကွ တပ်ပါလူပေါင်း ၅ဝဝ ကျော်ခန့် အိမ်ရှေ့ဘုရားရှိရာသို့ လိုက်ကြရာ မတွေ့သည်နှင့် နန်းတော်၌ရှိမည်ထင်သောကြောင့် သွားကြသည်တွင် မြောက်ဥယျာဉ်တော်အနီး သစ်တပ်သို့ ဆိုက်ရောက်လျှင် သစ်တပ်တွင်းမှ မည်သူ့တပ်နည်းဟု မေးရာ အိမ်ရှေ့တော်တပ်ဖြစ်ကြောင်းကို သံတော်ဆင့် ဦးမျှားက ပြန်ပြောလေသည်။ ထိုအခါ အိမ်ရှေ့တော်တပ်များ လာကြောင်း မင်းတုန်းမင်းတရားထံသို့ တင်လျှောက်သည်တွင် အိမ်ရှေ့တော်တပ်က အရာရှိ ၅ ယောက် ရှေ့တော်သို့ဝင်စေ အမိန့်တော်ရှိသဖြင့်၊ သံတော်ဆင့် ဦးမျှားနှင့် အိမ်ရှေ့ဝန် ဦးသင်တို့ကို ရှေ့တော် သို့ သွင်းရာ၊ အိမ်ရှေ့ဘုရား ရှိကြောင်း မရှိကြောင်းကိုကားမပြော၊ မောင်မင်းတို့ကို ငါကောင်းစွာ သူကောင်း ပြုတော်မူမည်။ လွှတ်တော်ပေါ်တွင် ရှိသည့် သူပုန်မြင်ကွန်းစားငယ်နှင့် မြင်းခံတိုင်စားငယ်တို့ တစ်စု ရန်ကို နှိမ်နင်းကြရမည်ဟု အမိန့်တော်ရှိလိုက်သည်။ အိမ်ရှေ့ဝန်နှင့် သံတော်ဆင့်တိုသည် မိမိတို့ တပ်သို့ ပြန်လာ၍ သစ်တပ် အရှေ့မြောက်မှသည် ပတ်သန်း ချီတက်၍ လွှတ်တော်ပေါ်၌ ရှိသောသူပုန် မြင်ကွန်းစား၊ မြင်းခုံတိုင်စားတို့ကို တိုက်ခိုက်ရာ၊ သူပုန်တို့သည် လွှတ်တော်ပေါ်မှ ဆင်းပြေးပြီးလျှင်၊ နန်းတော် အနောက်မျက်နှာက လှည့်၍ တိုက်သော်လည်း မရသဖြင့်၊ ဂေါဝိန်ဆပ်သို့ ဆင်းပြီးနောက်၊ ဆိပ်၌ရှိသော ရေနန်းစကြာ သင်္ဘောတော် ကပ္ပတိန်ခရာသီတို့ကို ဓားကွပ်ပြီးလျှင် မြင်းခြံသို့ စုန်ဆင်းသည် ။


ဤသို့အားဖြင့် ခေတ်ကို အမီလိုက်ရန် ကြိုးစား တာစူလျက်ရှိသော ထိုခေတ် မြန်မာတို့မှာ လှေလှော်ကောင်းဆဲ တက်ကျိုးဖြစ်ကာ ဆုံးရှုံးနစ်နာခဲ့သည် ။ လုပ်ရည် ကိုင်ရည်နှင့် ပြည့်စုံလှသော ကနောင် မင်းသားကြိးသာ ရေတိမ်မနစ်ခဲ့သော် မြန်မာနိုင်ငံ သမိုင်းသည် ယခုနှင့် တူသော်မှ တူပေမည် ။ မြင်ကွန်းနှင့် မြင်းခုံတိုင်တို့သည် နောက်တပ်တော်များ ရောက်လာသဖြင့် မြင်းခြံမှ ရန်ကုန်သို့ ထွက်ပြေးသည်။ ရန်ကုန်တွင် အင်္ဂလိပ်တို့က အစောင့်အရှောက်နှင့် ထားစဉ်၊ မြင်ကွန်းမင်းသားသည် ကရင်နီနယ် (ယခု ကယားပြည်နယ်) သို့ထွက်သွား၍မြန်မာနယ်ကို ဝင်ရောက်တိုက်ခိုက်ပြန်သည် ။ နောက်တပ်တော်များ လာရောက် တိုက်ခိုက်ပြန်သည်နှင့် ရန်ကုန်သို့ ပြန်လာရသည်။ ထိုသို့ ကရင်နီနယ်တွင် ရောက်နေသည့်အခိုက် မင်းတုန်းမင်းတရားကြီးက နေပြည်တော်မှ ဆရာတော် ၅ ပါးကို စေလွှတ်၍ ခေါ် တော်မူသည်ဟုလည်း ဆိုလေသည် ။ အင်္ဂလိပ်တို့သည် မြင်ကွန်းမင်းသားနှင့် မြင်းခုံတိုင်မင်းသား ညီနောင်တို့ကို ကပ္ပလီကျွန်း ပို့ဗလဲယာမြို့သို့လည်းကောင်း၊ ထိုမှတစ်ဆင့် ကာလကတ္တားမြို့သို့လည်းကောင်း၊ ထိုမှတစ်ဖန် ချူနာမြို့သို့ လည်းကောင်း၊ ပို့ဆောင်ထားလေသည် ။ ချူနာမြို့မှတစ် ဖန် ဗာရာဏသီမြို့သို့ ပို့ထားခဲ့ပြန်လေသည် ။ ထိုနောက် မြင်ကွန်းမင်းသားသည် ပြင်သစ်ပိုင် ချန္ဒရာနဂိုမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားသည် ။ ဗာရာဏသီမြို့မှ ချန္ဒရာနဂိုမြို့သို့ ထွက်ပြေးရာတွင် ခဝါသည် ကုလားအသွင်ဖြင့်တစ်မျိုး၊ ကူလီအသွင်ဖြင့် တစ်ဖုံခြေ လျင်ခရီးဖြင့် ပင်ပန်းကြီးစွာ သွားရောက်ခဲ့ရ၏။ ပြင်သစ်တို့နှင့်လည်း ဆက်သွယ်မိ၍ ချန္ဒရာနဂိုမြို့၌ ၁၈ လ နေပြီးလျှင် ပြင်သစ်တို့၏ အကူအညီကို ယူလျက် ဟိန္ဒူကုလားအသွင်ဖြင့် အင်္ဂလိပ်ပိုင် ကာလကတ္တားမြို့ ဆိပ်ကမ်းမှ သင်္ဘောဖြင့် ပြင်သစ်ပိုင် ပွန်ဒီ ချယ်ရီမြို့သို့ သွားရောက်ခဲ့သည် ။ ထိုအချိန်တွင် ဗာရာဏသီ၌ ကျန်ရှိနေခဲ့သော ညီတော် မြင်းခုံတိုင် မင်းသား ကံတော်ကုန်လေ၏။ မြင်ကွန်းမင်းသားကြီးသည် ပွန်ဒီချယ်ရီမှ တစ်ဆင့် ပြင်သစ်နိုင်ငံသို့ သွားရောက် နေထိုင်ခဲ့သေး၏။ ပြင်သစ်တို့က လိုလေသေးမရှိအောင် ပြုစု၍ ရိက္ခာ အလုံအလောက် ထောက်ပံ့၏။ မြင်ကွန်းမင်သားသည် ပြင်သစ်နိုင်ငံတွင် ကြာရှည်စွာ မနေဘဲ ပြင်သစ်နိုင်ငံပိုင်လည်းဖြစ် မြန်မာပြည်နှင့်လည်း နီးသော အင်ဒိုချိုင်းနားနိုင်ငံ ဆိုင်ဂွန်မြို့သို့ ပြောင်းရွှေ့နေထိုင်၏။ ထိုအချိန်မှာ သီပေါပါတော်မူပြီ ၄ - ၅ နှစ် ခန့်အကြာ ခရစ် ၁၈၈၉ ခုနှစ် ဖြစ်၏။ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဆိုင်ဂွန်မြို့သို့ ရောက်လေသည်။ မြင်ကွန်းမင်းသားကြီးသည် ဆိုင်ဂွန်မြို့တွင် ဘုရင်တစ်ဆူကဲ့သို့ ပိုင်ပိုင်စိုးစိုး စံနေတော်မူရသည် ဟူ၏။ ပြင်သစ်ဘုရင်ခံနှင့်များစွာ အကျွမ်းဝင်၍ များစွာ အခွင့်အရေးရသည်။ တစ်လလျှင် ပြင်သစ်ဒေါ်လာ ၈ဝဝဝ ရသည်ဆို၏။ ဆိုင်ဂွန်မြို့၌ စံနေတော်မူစဉ် မိဖုရားကား ညီတော် မြင်းခံတိုင် မင်းသား၏ မိဖုရား ဖြစ်၏။ မိဖုရားမှ ထိပ်တင်ကြီး၊ ထိပ်တင်လတ်ဟူသော သားတော် ၂ပါး ပါသည်။ ဆိုင်ဂွန်မြို့ရောက်မှ မြင်ကွန်းမင်းသားနှင့် သားတော် ထိပ်တင်လေးနှင့် သမီးတော်တစ်ပါး ဖွားမြင်တော်မူသည် ။ နောင်သော်ထိပ်တင်ကြီးနှင့် သမီးတော်ကို ထိမ်းမြားစေသည် ။ ဆိုင်ဂွန်မြို့၌ စံနေတော်မူစဉ်၊ ခေါင်းကသာ ဆံပင်နှင့်ခေါင်းပေါင်းပေါင်း၍ ကျန်တစ်ကိုယ်လုံး ပြင်သစ်အဝတ်အစား ဝတ်ဆင်တော်မူ၏ ။ မြင်ကွန်းမင်းသားသည် အင်္ဂလိပ်၊ ဟင်ဒီ၊ ပြင်သစ်ဘာသာ စကားများကို စာနှင့်တကွ တတ်မြောက်သည် ဆို၏။ သားတော်များကိုလည်း ပြင်သစ်နေပြည်တော် ပါရစ်မြို့နှင့် အမေရိကန် နယူးယော့မြို့များသို့ စေလွှတ်ပညာသင်စေသည်ဟု ဆိုသည် ။ ဤသို့ ဆိုင်ဂွန်မြို့တွင် စံနေစဉ် မြန်မာသက္ကရာဇ် ၁၂၇၈ ခုလောက်တွင် အင်္ဂလိပ်နှင့် ဂျာမနီတို့ စစ်ဖြစ်သောအခါ အင်္ဂလိပ်တို့ အားလျော့နေသည်ကိုသိကာ လူစု၍ မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်ရန် အားထုတ်ခဲ့၏။ အင်ဒိုချိုင်းနား ဘုရင်ခံ၏ သဘောတူချက်ဖြင့် မြင်ကွန်းမင်းသားနှင့် သားတော် ၃ ပါးတို့သည် လက်နက် လူသူတို့နှင့် မြန်မာပြည်သို့ချီတက်ခဲ့၏။ ရှမ်းကြီးနယ်အတွင်းသို့ ရောက်သောအခါ အောင်တော်မူ စေတီ တည်တော်မူ၏။ သို့သော် မြန်မာနယ်စပ်သို့ ရောက်ခါမှ ဆိုင်ဂွန် ဘုရင်ခံက ပြန်ခေါ်သဖြင့် မြင်ကွန်းမင်းသားသည် ပြင်သစ်တို့ ကျေးဇူးမျက်နှာကို ထောက်ကာ ပြန်လှည့်ခဲ့ရသည်ဟု ဆိုလေသည်။ မြင်ကွန်းမင်းသားသည် သက်တော် ၇ဝ ကျော်အရွယ်တွင် သားတော်များဖြစ်သောထိပ်တင်လတ်မင်းသား၊ ထိပ်တင်ကြီးမင်းသားတို့နှင့် မရှေးမနှောင်းပင် ဆိုင်ဂွန်မြို့တွင် ကွယ်လွန်လေသည် ။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)

ကိုးကားပြင်ဆင်