မြန်မာအငြိမ့် မင်းသမီးများ

မြန်မာအငြိမ့် မင်းသမီးများ ပြင်ဆင်ရန်

အငြိမ့်ဆိုသည်မှာ အဆို၊ အတီး၊ အက သုံးမျိုး ရောစပ်ထားသော သဘင်တစ်မျိုး ဖြစ်သည်။ ကြည့်ရ ကြားရသူတို့၏ စက္ခုအာရုံ၊ သောတအာရုံ၌ ငြိမ့်ငြိမ့် ငြောင်းငြောင်း ရှိစေသော အဆို အတီး အကမျိုးဖြစ်သဖြင့် အငြိမ့်ဟုခေါ်ကြောင်းဖြင့် ဆိုကြသည်။ ဆိုသူ တီးသူ ကသူ အားလုံးသည် ယဉ်ကျေးစွာ ဆိုကြ၊ တီးကြ၊ ကကြရပြီးလျှင် ဣန္ဒြေရရ သိမ်သိမ် မွေ့မွေ့ နူးနူး ညံ့ညံ့ ငြင်ငြင် သာသာ ကပြ သီဆိုကြရသဖြင့် အလွန်သိမ်မွေ့နူးညံ့သော သဘင်တစ်ရပ် ဖြစ်သည်။ မြန်မာဇာတ်သဘင်ကဲ့သို့ အဆို အတီး အက အငို အသော အလွမ်း စသည်တို့ကို စုပေါင်း၍ ဇာတ်၊ လုပ်ဇာတ်၊ ဗုဒ္ဓဝင်၊ ရာဇဝင်၊ မဟာဝင် နှင့် နိပါတ်တော်လာများ သရုပ်ဆောင်ရခြင်းမျိုး မဟုတ်ဘဲ၊ ဆိုခြင်း၊ တီးခြင်း၊ ကခြင်းမျှသာ ဖြစ်ရာ စက္ခု အာရုံရော သောတအာရုံ၌ပါ နားဝင်ပီယံ ဖြစ်ကာ၊ ကြည်လင် ရွှင်ပြ၍ ချမ်းမြေ့နှစ်ခြိုက်စရာများကို ဖန်တီး ပေးနိုင်စွမ်း ရှိသည့် သဘင်ပညာ တစ်မျိုးဟု ဆိုရပေမည်။ ထို့ကြောင့် မြန်မာဆေးဆရာကြီးများ သည် သွေးပျစ်၍ အေးသောသူ၊ သွေးကျဲ၍ မူးသောသူ၊ သည်းခြေနာသမားများအား စောင်းကောက် အငြိမ့်ဖြင့် ငြိမ့်ငြိမ့်ကလေး ကပြသီဆို ကုသကြောင်းဖြင့် သဘင်ဝန် ဦးနုက သူ၏မှတ်တမ်းတွင် ဆိုထားလေသည်။ အခြားအကသဘင်များနှင့် မတူသည့် အငြိမ့်၏ထူးခြားချက်တစ်ရပ်မှာ မင်းသားဟူ၍ လုံးဝ မပါခြင်းပင် ဖြစ်သည်။


အမျိုးအစား ပြင်ဆင်ရန်

အငြိမ့်ကို နှစ်မျိုးနှစ်စား ခွဲနိုင်သည်။ ထိုင်ဆို အငြိမ့်နှင့် တပင်တိုင်အကအငြိမ့် ဖြစ်သည်။ ထိုင်ဆိုအငြိမ့်သည် ရှေးဦးပေါ်ပေါက်သော အငြိမ့်မျိုးဖြစ်သည်။ ယင်းကို နန်းတွင်းဧည့်ခံဖျော်ဖြေမှုများ၌ တွေ့ရသည်။ ထိုနောက် တပင်တိုင် အကနှင့်တွဲဘက်ဖျော်ဖြေရာမှ တပင်တိုင် အကအငြိမ့် ပေါ်လာခြင်း ဖြစ်သည်။ ပုဂံအာနန္ဒာအုတ်ကျောင်းအတွင်းရှိ ကုန်းဘောင်ခေတ် ပန်းချီလက်ရာဖြစ်သော ပုံတစ်ပုံတွင် မိကျောင်းတူရိယာကို တစ်ဦးက တီး၍ အခြားအမျိုးသမီး နှစ်ဦးက ကပြနေကြဟန်ကို၎င်း၊ ပုဂံမြို့ စူဠာမဏိ ဘုရားမှ ကုန်းဘောင်ခေတ် ပန်းချီဆေးရေး ရုပ်တစ်ခု၌ ပုံတစ်လုံး၊ လေမှုတ်ကရိယာ တစ်ခု၊ ခတ်စည် တစ်စုံ၊ စောင်းတစ်လက်နှင့် ကပြနေဟန်ကို၎င်း၊ မင်းတုန်းမင်းကြီး၏ ပုရပိုက်ဖြူတွင်ပါသော ပန်းချီကားချပ် တစ်ခုတွင် မိဖုရား၊ သို့မဟုတ် မင်းသမီးတစ်ပါးအား အနီးမှ အပျိုတော်တစ်ဦးက နှိပ်နယ် နေ၍၊ ရှေ့တော်၌ အမျိုးသမီးတစ်ဦးက ကပြနေဟန်ကို၎င်း တွေ့ရခြင်းကို ထောက်၍ အငြိမ့် နှစ်မျိုးစလုံးသည် မြန်မာမင်း များ လက်ထက်တွင် ရှိခဲ့သည်ဟု ယူဆဖွယ်အကြောင်းရှိသည်။ သို့ရာတွင် တိတိကျကျ အားဖြင့် မည်သူမည်ဝါ သည် မည်သည့် အတီးတော်နှင့် တွဲဖက်၍ မည်ကဲ့သို့ ကပြရသည် ဟူသော မှတ်သားချက်များ မတွေ့ရှိရသေးသဖြင့် နန်းတွင်း အငြိမ့်ဟူသည် ယောက်ျားမိန်းမ ထိုင်ဆို တီးဝိုင်းသာ ဖြစ်သည်၊ အကအခုန် မပါဟု အချို့ ပညာရှင်များက ရေးသားခဲ့ကြခြင်း ဖြစ်ဟန်တူသည်။


စာပေကျမ်းဂန်များ၌မူ တီးမှုတ်ရသော တူရိယာကို လိုက်၍ အငြိမ့်များကို ခွဲထားပြဆိုသည်။ ကုသပျို့၌ ညှင်းနှင့် မိကျောင်း၊ စောင်း အောင်းကလေး၊ ရွှေရေး ပတ္တလား၊ အငြိမ့်များကိုဟုလည်းကောင်း၊ နာရဒပျို့၌ စောင်းညှင်း မိကျောင်း၊ အောင်းကလေး တခြား၊ ပတ္တလားနှင့် လက်ဖျား သံနှော၊ တယောဟူသည် ခြောက်မည် ငြိမ့်မျိုးဟုလည်းကောင်း ရေးသားခဲ့ကြ သည်။ ယင်းသည်ကို ထောက်၍ ၎င်း၊ ဘုရားတန်ဆောင်း ဂူကျောင်းများကို ထောက်၍၎င်း ကုန်းဘောင်ခေတ် အငြိမ့် များတွင် အဖြည့်တီးမှုတ်ပေးသောပုံ၊ လေမှုတ် ကရိယာနှင့် စည်းမှလွဲလျှင် စောင်းဖြင့်၎င်း၊ မိကျောင်းဖြင့်၎င်း၊ တစ်လက် ကောင်းသာ တီးသည်ဟု ယူဆဖွယ် ဖြစ်သည်။ စောင်း၊ မိကျောင်း၊ ပတ္တလား၊ တယော စသည်တို့သာ ငြင်သာ ငြိမ့်ငြောင်းစွာ အသံထွက်သည့် တူရိယာမျိုးများ ဖြစ်ကြ သောကြောင့် ယင်းတို့ဖြင့် အသုံးတော်ခံသောသဘင်ကို အငြိမ့်ဟု ခေါ်ခဲ့ကြခြင်း ဖြစ်သည်ဟု ယူသော် ရနိုင်သည်။ ပုဂံခေတ် ဥယျာဉ်တော် ပွဲသဘင်များမှ ထိုင်ဆို အငြိမ့် တို့သည် ကုန်းဘောင်ခေတ်တွင် တပင်တိုင် အငြိမ့် အသွင်သို့ ပြောင်းလဲလာခဲ့သည်ဟု တွေးထင်ဖွယ် ရှိသည်။ နရပတိ စည်သူမင်းလက်ထက် သီဟိုဠ်ကျွန်းမှ ကြွရောက်လာသော မထေရ်မြတ်တို့အား ပူဇော်ပွဲသဘင်ကျင်းပရာတွင် ကချေသည် အချို့ ပါဝင်ကပြကြောင်း သိရရာ အငြိမ့်၊ သို့မဟုတ် တပင် တိုင်အက ကဲ့သို့သော အကတစ်မျိုးသည် ပုဂံခေတ်ကတည်းက ပင် ပေါ်ပေါက်ခဲ့ဟန် ရှိသလောဟု ယူဆဖွယ်ဖြစ်သည်။ ရှေးအခါက ဘုရင်မင်းမြတ်ထံ ရတု ရကန် မော်ကွန်း စသည် တို့ကို ဆက်သရာ၌ စာတော်ဖတ်၊ သို့မဟုတ် စည်းဝါးပိုင်နိုင် စွာ ဆိုတတ်သူ နန်းတွင်းသူ၊ နန်းတွင်း သားတစ်ဦးက အသံနေ အသံထားဖြင့် ဘုရင့်ရှေ့တော်ဝယ် ဖတ်ပြရသည်။ ယင်းသို့ ဖတ်ပြရာတွင် တစ်ဦးက တူရိယာတစ်ခုခုဖြင့် ကူညီ တီးမှုတ်ပေးပြီးလျှင် အခြားတစ်ဦးက စည်းလိုက်ပေးရသည်။ များသောအားဖြင့် ဘုရင်များကို ညဉ့်ဦးယံဝယ် ထိုင်ဆိုများဖြင့် ဖျော်ဖြေလေ့ ရှိကြသည်။ ထို့ပြင် ကုန်းဘောင်ခေတ်တွင် မြေဝိုင်းအကများ ခေတ်စားလာရာ၊ ယင်းအကအဖွဲ့များမှ ထူးချွန်သူ အမျိုးသမီးတို့အား နန်းတွင်း၌ ခစား စေ၍ အပျင်းတော်ပြေစေမှုအတွက် အကအမျိုးမျိုးဖြင့် အပျော်တော် ဆက်စေရာမှ တပင်တိုင်အငြိမ့်များ ပေါ်ခဲ့ဟန်တူသည်။ နန်းရပ်ပွဲသဘင်နှင့် ဥယျဉ်တော်ပွဲများ၌၎င်း၊ မိဖုရားကြီး ငယ်များနှင့် ပင်တိုင်စံမင်းသမီး တို့၏ အဆောင်တော်များတွင် ၎င်း ကပြဖျော်ဖြေမှုများ ရှိခဲ့ကြောင်းကို ကုန်းဘောင်ခေတ် ပန်းချီလက်ရာများ အရ သိသာလေသည်။ ရှေးအခါက အငြိမ့်သဘင်ကို နန်းတွင်း၌သာ ကပြအသုံး တော်ခံလေ့ရှိ၏။ သီပေါမင်း ပါတော်မူပြီးနောက် နန်းတွင်း ၌သာ ကပြခဲ့လေ့ရှိသော အငြိမ့်ပညာသည်များသည် ရုတ်ခြည်း ပြင်ပတွင် ကပြရန် စိတ်မရဲ ဖြစ်ကြသည်။ ထိုကြောင့် ပညာသည်ကြီးများက လူငယ်ပိုင်းအား သင်ကြားပေးကာ အငြိမ့်ကို ပြန်လည် အသက်သွင်းကြသည်။ ဦးစွာ၌ မြေပြန့် မှာပင် ကစေပြီးလျှင် စောင်းနှင့်ပုလွေ တွဲဘက် တီးသည်။ စောင်းကို နတ်ကြီးသည်ဟု ယူဆက စင်မြင့်ပေါ်တင် တီးကြ သည်။ မြန်မာမင်းများ ပါတော်မူ၍ မြန်မာသဘင် ပညာသည် များလည်း အလှည့် သင့်ရာ ရောက်ရှိနေကြရာ စလေဦးပုညထံ တပည့်အဖြစ် ခံယူခဲ့သော စာဆိုတော် စောင်းဆရာကြီး ဦးဖေဖြူသည် ရန်ကုန်မြို့သို့ ရောက်လာသည်။ ဆရာဖြူသည် ရန်ကုန်မြို့၌ ပရိသတ် အလယ်တွင် ကုတင်ကလေးပေါ်၌ ထိုင်ကာ စောင်းတီးပြလေ့ ရှိသည်။ ထိုစောင်းတီးဝိုင်းတွင် တစ်ဦးက ထိုင်၍ဆိုကာ အခြားတစ်ဦးက ပုလွေကို မတိုးမကျယ် မှုတ်ပေးရသည်။ နောက်မကြာမီ ထိုစောင်းတီးဝိုင်းတွင် လက်ျာ အဆို လက်ဝဲအဆိုဟု အဆို နှစ်ဦး ထားကာ သီဆိုတီးမှုတ်လာခဲ့သည်။ တဖြည်းဖြည်း စောင်းနှင့်သာ မဟုတ်၊ ပတ္တလားနှင့်ပါ ဖျော်ဖြေကြသည်။ အငြိမ့်ပတ္တလား တီးဆိုကြရာ၌ ပုလွေမှုတ်သူနှင့် စည်းကိုင်၍ ဆိုသူမျှသာပါသည်။ ထိုနောက် ပတ္တလား၊ ဘာဂျာ၊ ပုလွေ တွဲ၍၊ ထိုမှ တစ်ဆင့် ပုံကလေး နှစ်လုံးပါ တွဲလာသည်။ ထိုအခါက ဆရာဖြူအပြင် ထင်ရှားသော ထိုင်ဆူ အငြိမ့်သဘင် ပညာသည်များမှာ ဣန္ဒာဒေဝဘွဲ့ခံ ဦးဦးကံ(စောင်း)၊ ဆရာ ညွှန်(ပတ္တလား)၊ ဦးတက်တူ (ထိုင်ဆိုသံပျက်)၊ ဦးမြတ်ဖြူ (ထိုင်ဆို)၊ ဦးဘာဘူ(ထိုင်ဆို)၊ ဦးသာဒွန်း (ထိုင်ဆို)၊ ဦးကျော်တင် (ထိုင်ဆို)၊ သံစုံဦးရွက် (ထိုင်ပြော) တို့ ဖြစ်သည်။ ယင်းတို့သည် မင်းပွဲ စိုးပွဲ အလှူပွဲများတွင် အသုံးတော်ခံရသော ပုဂ္ဂိုလ်ကျော်များ ဖြစ်ကြလေသည်။ ထိုင်ဆိုများ ရိုးလာသောအခါ ၁၂၅ဝ ပြည့်နှစ်ခန့်တွင် အကပါ ထည့်၍ ဖျော်ဖြေကြပြန်သည်။

မင်းသမီး စိန်ငုံကြီး ပြင်ဆင်ရန်

အငြိမ့် အကသည် နာမည်ကြီး ဇာတ်မင်းသမီး တစ်ဦးဖြစ်သော မော်လမြိုင် စိန်ငုံကြီးနှင့် စသည်ဟု ဆိုကြသည်။ မင်းသမီးကိုယ်တိုင် ထကသည်ဟု ဆိုသော်လည်း ကိုယ်တိုင်သီဆိုခြင်းကား မပြုသေးချေ။ အဆိုတော် တစ်ဦး က ဘေးမှ သီဆိုပေးရလေသည်။ အငြိမ့် ကသော မင်းသမီးသည် စင်မင်းသမီးရုပ်ကလေးများ ကသကဲ့သို့ ကြိုးမျိုးစုံအောင် ကျကျနန ကရသည်။ အငြိမ့်ထွက်ချိန်မှာ ရှစ်နာရီခန့်မှစ၍ မင်းသမီးသည် တစ်နာရီ ခန့် က သည်။ ထိုနောက် ထိုင်ဆိုနှစ်ဦးက ၁၁ နာရီတိုင် အောင် ဆိုပြီးလျှင် ၁၁ နာရီမှ ၁၂ နာရီအတွင်း မင်းသမီး ပြန်ထွက်လာ၍ ကလေ့ ရှိသည်။ ၁၂ နာရီတွင် ပွဲသိမ်းသည်။ ထိုခေတ်က ထင်ရှားလောသာ အငြိမ့်ဆရာများ မှာ ဆရာညီ (စောင်း)၊ ဦးရေကောင်း (ထိုင်ဆို)၊ ဦးကန်သူ(ထိုင်ဆို)၊ ဦးကြာ ပေါ် (ထိုင်ဆို)စသည်တို့ ဖြစ်ကြသည်။

မင်းသမီး စိန်လုံ ပြင်ဆင်ရန်

စိန်ငုံကြီး ခေတ်ကုန်သွားသောအခါ မင်းသမီး စိန်လုံ ခေတ် ထလာသည်။ စိန်လုံ၏ခေတ်တွင် တစ်ပါးသူ သီဆိုပေးသည်ကို ကရခြင်းသည် မင်းသမီးသိက္ခာ ကျသည်ဟု ယူဆ၍လောမသိ၊ မင်းသမီးကိုယ်တိုင် သီချင်း ဆို၍ ကလေသည်။ မင်းသမီး တစ်ယောက်တည်း သီချင်းဆိုနေရသဖြင့် အမောပြေစေရန်နှင့် ကကွက် ထောက်ပေးရန် လူရွှင်တော်(လူပြက်) တစ်ယောက် လည်း ပါလာလေသည်။ ထိုခေတ် တီးဝိုင်းတွင် စောင်းနှင့် ပုလွေ အပြင် ဝါးပတ္တလားနှင့် ပုံလေးလုံးကိုပါ ဖြည့်စွက်ခဲ့ သည်။ ယခင်အခါများက ပုလွေကို တော်သင့်ရုံ မှုတ် သော်လည်း ယခုမူ ပုံလေးလုံးတွင် ဒုံးလုံးကြီးပါ ထည့်တီး သဖြင့် တစ်ကြောင်း၊ ဝါးပတ္တလားသံကြောင့် တစ်ကြောင်း အသံချင်း ညီမျှစေရန် အသံကျယ်ကျယ် ဖွင့်၍ မှုတ်လေသည်။

မင်းသမီး စိန်နွဲ့ကြီး ပြင်ဆင်ရန်

မင်းသမီးစိန်လုံ ခေတ်ကုန်လျှင် မင်းသမီး စိန်နွဲ့ကြီး တစ်ခေတ် ထလာသည်။ စိန်နွဲ့သည် ကုလားသွေး ပါသူ တစ်ယောက်ဖြစ်ရာ ဖာရစီ ကုလားအကတွင် နာမည်အလွန်ကြီး သည်။ မင်းသမီးများသည် မိမိသန်ရာ ကကွက်သို့ ရောက်ရန် လူရွှင်တော်လုပ်သူက အပြောနှင့် ဆွဲယူကြသည်။ ပမာအားဖြင့် လူရွှင်တော် လုပ်သူက မင်းသမီးအား တစ်ပြည်မှ တစ်ပြည်သို့ သွားရာတွင် ရိုးရိုးအဝတ်အစားနှင့် သွားခဲ့လျှင် ချောမော လှပသော အသွင်သဏ္ဌာန်ကြောင့် ဘေးအန္တရာယ်ဖြစ်ဖွယ် မြင် သဖြင့် တောလမ်းခရီး၌ ဘေးအန္တရာယ် လုံခြုံ စေရန် ဖာရစီ ကုလားမကလေးကဲ့သို့ ဝတ်စား သွားပါဟုတောင်းပန် လိုက် ရသည်။ ထိုအခါမှ မင်းသမီးက ဖာရစီ အဝတ်ဝတ်ကာ ဖာရစီ ကကွက်ကို ကလေသည်။ မင်းသမီး စိန်နွဲ့ခေတ်မှ စ၍ မြန်မာအငြိမ့်သဘင် လောကတွင် ကုလားမ အကများ ခေတ်စား လာခဲ့သည်ဟု ဆိုကြသည်။ ယင်းသို့ဖြင့် နှောင်း ခေတ် အငြိမ့်မင်းသမီးများသည် မိမိပိုင်နိုင်ရာဖြစ်သော ဇော် အက၊ ကရင်အက စသည်ဖြင့် ထွင်၍ ကပြလာကြသည်။ စင်ပေါ်တွင် လူရွှင်တော်(လူပြက်)နှင့် မင်းသမီးများ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာသောအခါ အငြိမ့်ထွက်ပုံ တစ်မျိုး ခန့်လာသည်။ မင်းသမီးသည် ဝတ်စားဆင်ယင်ပြီး၍ ပွဲ ထွက်ချိန် နီးကပ်လာသည်နှင့်တစ်ပြိုင်နက် တီးဝိုင်းကို မျက်နှာမူထိုင်ရသည်။ လူရွှင်တော်များက လေပြေထိုး ခွန်းဆင့် ဖြင့် မင်းသမီးကို ခေါ်သံဆုံးသော အခါ မင်းသမီးသည် ကြေး ဝိုင်းနှင့် ပတ္တလားအကြား အငြိမ့်စင်၏ ဝဲဘက်မှ ထွက်လာကာ ယာဘက်ဆီသို့ လာရရိုးထုံးစံ ရှိသည်။ ပထမ ဦးစွာ ပဏာမ ကန်တော့ပန်း ဆင်ခြင်း၊ တေး သီဆိုခြင်း၊ ပရိသတ်နှင့် မိတ်ဆက်ခြင်းများ ပြုပြီးနောက်၊ နောက်ဘက်မှ ငြိမ့်ငြောင်းစွာ တီးမှုတ်ပေးနေသည့် တူရိယာယသံ အလိုက် ယဉ်ကျေးသိမ်မွေ့ စွာ ကပြ အသုံးတော်ခံလေသည်။

မင်းသမီး မစိန်ညှာ ပြင်ဆင်ရန်

စိန့်နွဲ့နောက် ရုပ်ရည် ချောမောလှပသည့် အပြင် အသံ လည်းကောင်း အကလည်း ကောင်းသော မင်းသမီး မစိန်ညှာ ခေတ်စားလာသည်။ မစိန်ညှာ၏ ခေတ်တွင် ကကြိုးကကွက် အနေဖြင့် တိုးတက်မှု မရှိသော်လည်း တီးဝိုင်းအနေနှင့် ပြောင်းလဲတိုးတက်မှု ရှိခဲ့သည်။ ထိုအချိန်က လက်ဆွဲဘာဂျာ များ ပေါ်ပေါက်နေပြီ ဖြစ်သဖြင့် တစ်ကြောင်း၊ စောင်းသံထက် လက်ဆွဲဘာဂျာသံသည် ပိုမိုစူးသဖြင့် တစ်ကြောင်း၊ ပိုမိုမြိုင် သဖြင့် တစ်ကြောင်း စောင်းအစား လက်ဆွဲဘာဂျာကိုသုံး၍ ပုံကိုလည်း ခြောက်လုံးအထိ တိုး၍ အသုံးပြုသည်။ ထို့ပြင် စည်တိုကိုလည်းထည့်၍ တီးသည်။ မင်းသမီး စိန်ညှာကြီး နောက်တွင် စိန်အေးမေနှင့်စိန်မာတို့သည် တစ်ဦးပြီးတစ်ဦး ခေတ်စားလာသည်။ မင်းသမီးမော်လမြိုင် စိန်ငုံကြီးမှ စိန်မာ အထိ စောင်းဆရာ ဦးဖေဖြူ ထောင်သော အငြိမ့်ဟု ဆိုကြ သည်။ ထိုနောက် အငြိမ့်အဖွဲ့များ များပြားလာသည်။ တစ်ဖွဲ့တစ်ဖွဲ့တွင်လည်း မင်းသမီးတစ်လက်သာ မဟုတ် နှစ်လက် ပါဝင်လာသည်။

ရေကျော်စိန်ပု ပြင်ဆင်ရန်

ယင်းသို့ မော်လမြိုင် အငြိမ့်မှ စ၍ အငြိမ့်အတော်များများ ရန်ကုန်တွင် ခေတ်စား လာသောအခါ ရန်ကုန်မြို့ခံ အငြိမ့် ဆရာများသည် မော်လမြိုင်အငြိမ့်ထက် သာသော အငြိမ့် ထောင်ရန် တိုင်ပင်ပြီးလျှင် ပုဇွန်တောင် ရေကျော်ရပ်မှ ဖျတ်ဖျတ်လတ်လတ်ရှိသော မပုဆိုသူ အမျိုးသမီးကလေးကို သင်ကြားပေးပြီးနောက် အမည်နှင့် အငြိမ့်ထောင်ကြသည်။ ရေကျော်စိန်ပု အငြိမ့်တွင် မင်းသမီးနှစ်လက်ဖြစ်သဖြင့် နှစ်ပါးသွားခန်းများ ပါလာသည်။ အခြား အငြိမ့်ထက်ပို၍ု သာအောင်လည်း လူရွှင်တော် နှစ်ယောက်ပါ ထည့်သည်။ လူရွှင်တော် တောင်စဉ်နှင့်ညှပ်ကြီးတို့သည် ရေကျော်စိန်ပု အငြိမ့်တွင် ပါဝင်သူများ ဖြစ်ကြသည်။ လူရွှင်တော်များသည် အင်္ကျီမပါ၊ ခေါင်းပေါင်းပခုံးတင်၊ ပုဆိုးခါးပုံထိုး၍ ရောင်ထုံး ထားကြသည်။ ထိုခေတ် လူရွှင်တော် ပြက်လုံးသည် ခါးအထက် မနိမ့်ကြရချေ။ မင်းသမီးနှစ်လက်သည် တစ်ဦးစီ ထွက်၍ ကပြီးနောက် နှစ်ပါးသွားခန်း ကကြသည်။ ထိုမျှ သာမက ဇာတ်ထုပ်ဇာတ်ကွက်ယောင်ယောင် တိုးချဲ့၍ ဖျော်ဖြေ ကပြကြ သည်။ အငြိမ့်အဖွဲ့များ များပြားလာသောကြောင့် တစ်ဦးထက်တစ်ဦးပို၍ ကောင်းစေလိုသည့် စိတ်ဓာတ်ဖြင့် ချဲ့ထွင်လာကြဟန် တူသည်။ ရေကျော်စိန်ပုသည် ၁၂ နှစ် ၁၃ နှစ်အရွယ် ဇိုးဇိုးဇတ်ဇတ် ပြောတတ် ဆိုတတ် ကတတ်၍ ယဉ်ကျေးပိပြားလှသည် မဟုတ်သော်လည်း ငယ်ဂုဏ်ကြောင့် ပရိသတ်က မေတ္တာ ထားကြသည်။ ရေကျော်စိန်ပု အငြိမ့်ကို မန္တလေးမြို့မှ ရန်ကုန်သို့ ဆင်းလာသည့် လူရွှင်တော်ဦးချစ်ဖွယ် တည်ထောင်သည်ဟု အချို့က ဆိုကြ၍ အချို့က ရေကျော်စိန်ပု အငြိမ့်ထောင်ပြီး နောက်တစ်နှစ်ကျမှ ဦးချစ်ဖွယ်နှင့် ကသည်ဟု ဆိုကြလေသည်။ ဦးချစ်ဖွယ်သည် ထင်ရှားသော လူရွှင်တော်သာမဟုတ်၊ အငြိမ့်ထောင်သူလည်း ဖြစ်သည်။ ဦးချစ်ဖွယ်၏ ပထမဇနီး ဒေါ်စိန်ကျော့သည်၎င်း၊ ဒုတိယဇနီး ဒေါ်စိန်သုံသည်၎င်း နာမည်ကျော် အငြိမ့် မင်းသမီးကြီးများ ဖြစ်ကြသည်။


မင်းသမီးကြီး ဒေါ်စိန်သုံ ပြင်ဆင်ရန်

ဒေါ်စိန်သုံသည် အဆိုအက ပျော့ပျောင်း ညက်ညော၍ ယဉ်ကျေး သိမ်မွေ့ ဣန္ဒြေရသူ ဖြစ်သဖြင့် ဒေါ်စိန်သုံ၏အငြိမ့်ကို အရွယ်သုံးပါး နှစ်သက် ကြသည်။ ဒေါ်စိန်သုံသည် အသက်ကလေး ထောက်လာ သော အခါ အငြိမ့်မကတော့ဘဲ ထိုင်ဆိုအငြိမ့်ကြီး ဖွဲ့ကာ အသုံး တော်ခံရာ သုမင်္ဂလာ အခမ်းအနားများက မရမက ငှားကြ ရသည်အထိ ကျော်ကြားသည်။ ဦးချစ်ဖွယ် ဒေါ်စိန်သုံအငြိမ့် ကျော်ကြားခြင်းသည် ဒေါ်စိန်သုံ၏အကညက်၍သာ မဟုတ်၊ ဦးချစ်ဖွယ်၏ ကာလဒေသ ပယောဂနှင့် လိုက်လျောညီစွာ ကဗျာလင်္ကာနှင့် နဘေထပ်များကို ပရိသတ်စွဲလောက်အောင် ရွတ်ဆိုနိုင်မှုနှင့် တီထွင်ဉာဏ် ကောင်းမှုကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။ မြန်မာနိုင်ငံတင် အငြိမ့်ပွဲများကို ပတ္တလားဝိုင်း များဖြင့် ကပြလေ့ ရှိရာမှ စန္ဒရားဝိုင်းနှင့် တွဲဘက်သော အငြိမ့်များ ပေါ်ပေါက်လာခြင်းမှာ ဦးချစ်ဖွယ်၏ ကြိုးစား အောင်မြင်မှုပင် ဖြစ်သည်။ စန္ဒရား အငြိမ့်များ မည်မျှ ခေတ်စားလာသနည်းဟူမူ အငြိမ့်အဖွဲ့အမည် များတွင် စန္ဒရားဟူသောစကား ထည့်သုံးကာ စန္ဒရားမမကြီးအငြိမ့်၊ စန္ဒရားမမြရီအငြိမ့် ဟူ၍ပင် ပေါ်ပေါက် လာခဲ့လေသည်။ စန္ဒရားမမကြီး အငြိမ့်တွင် စန္ဒရားတီးသူမှာ မမကြီး ဖြစ်သည်။ မမကြီးသည် ရွာစားကြီး စိန်ဗေဒါ၏ အကို ဆိုင်း ဆရာကြီး ဆရာစိမ့်၏သမီးဖြစ်သည်။ အဒေါ်ဖြစ်သူမှာလည်း နာမည်ကျော် အငြိမ့်မင်းသမီး ဒေါ်ငွေလှိုင် ဖြစ်သည်။ စန္ဒယား မမကြီးအငြိမ့်မှ ခေါင်းဆောင် မင်းသမီးမှာ မစိန်ဥ ဖြစ်သည်။ မစိန်ဥသည် နောင် ခင်ပွန်းသည်ဖြစ်သူ ဦးချစ်မောင်နှင့်အတူ ၁၂၈၈ ခုနှစ်ခန့်တွင် မြန်မာညွှန့်အငြိမ့်အဖွဲ့ကို ထောင်လေ သည်။ မစိန်ဥကား မြန်မာနိုင်ငံ လွတ်လပ်ရေးရသောခေတ်တွင် ပန်တျာမူမှန် ပြုပြင်ရေးအဖွဲ့ဝင် ဒေါ်အောင်ကြည်ဖြစ်သည်။


 
မြန်မာသက္ကရာဇ် ၁၂၈၈၊ မြန်မာညွန့် ဦးချစ်မောင် တည်ထောင်သော မြန်မာညွှန့်အငြိမ့်အဖွဲ့

မြန်မာညွှန့်အငြိမ့်ကို ထောင်စဉ်က ပါဝင်သော မင်းသမီးများမှာ နေပြည်တော် မြရီ၊ ဗားမင်းနီးယား မြသီ၊ ဥဩမယ်တင့်တို့ ဖြစ်ကြသည်။ မြန်မာညွှန့်အငြိမ့်မှစ၍ အတီးဆရာများ၊ စာရေးဆရာ များ ကိုယ်တိုင် ဇာတ်စင်ရှေ့တွင် ထွက်၍ တီးမှုတ် သီဆိုရသော စနစ်ကို တီထွင်ခဲ့သည်ဟု ဆိုသည်။ ထိုစဉ်က ထက်အောက် ညာကြေ ကျော်ကြားသော အငြိမ့် မင်းသမီးများမှာ အိန္ဒိယမစိန်မှုံ၊ မစိန်ဆင်၊ မစိန်တင်၊ မစိန်မြိုင်၊ မစိန်လှိုင်၊ မစိန်ချစ်၊ မစိန်လွင်၊ ဗိလတ်ပြန်စိန်တင်၊ ယုဇနအေးစိန်၊ ပေါ်လင်းတင်၊ အာဝါဒေး မမြတင်၊ ချင်းမ ကလေး အောင်စိန်၊ ပလိုတီယာ မသိန်း၊ ရွှေခြေကျင်း မသန့်စင်တို့ ဖြစ်ကြသည်။ အငြိမ့်မင်းသမီးများသည် ဣန္ဒြေရရ လေးလေးတွဲ့တွဲ့ ကကြ ရာမှ အိန္ဒိယ စိန်မှုံခေတ် ရောက်လာသောအခါ ဇိုးဇိုးဇတ်ဇတ် စ ကရုံမက၊ ဇာတ်ခုံ၏လက်ဝဲလက်ျာဒေါင့် မကျန် ပရိသတ် များကိ ချိုရွှင်သော မျက်နှာထားပေး၍ ကစ ပြုသည်။ လူရွှင်တော်နှင့် မင်းသမီးအော်လိုက် ငေါက်လိုက် ယပ်တောင် နှင့် ရိုက်လိုက် စသည့် အလေ့များလည်း စခဲ့သည်ဟု ဆိုကြ သည်။ မစိန်ဆင်မှာမူ ယောက်ျားလို စဝတ်၍ အိုးစည်တီးအက တွင် အလွန်ကောင်းသူ ဖြစ်သည်။


ယုဇနအေးစိန်တို့ခေတ် ရောက်သောအခါ မင်းသမီးသည် ပြုံးရုံမက ကြာပါပါ သီချင်းဆိုကာ မေးထိုးပြီးလျှင် မျက်စကို ဗယ်တစ်ဘက် ညာတစ်ဘက် ပစ်၍ ကခဲ့ လေသည်။ ထိုခေတ်က အောက်လင်းဓာတ်မီး မပေါ်သေးသဖြင့် လက်ဆွဲ မှန်အိမ်များ ထွန်း၍ ကရလေရာ မင်းသမီး ကြာပစ်ပုံကို ပရိသတ် သဲသဲကွဲကွဲ မမြင်ရမည် စိုးသောကြောင့် လက်ဆွဲမှန် အိမ်ကို ဖြုတ်၍ မျက်နှာအနားကပ်ကာ ကိုင်မြှောက်ပြသည်ဟု ဆိုသည်။ ပရိသတ် အလွန် စွဲမက်ကြသဖြင့် ကြာသီချင်းနှင့် ကြာပေးခြင်း ခေတ်စားလာသည်။ ယုဇနအေးစိန်ကား ကြာ သီချင်းနှင့် ကြာပေးခြင်း ခေတ်စားလာသည်။ ယုဇနအေးစိန် ကား ကြာသီချင်းနှင့် ကြာပေးခြင်းကို စထွင်ခဲ့သူ ဖြစ်သည်။ ရွှေခြေကျင်း မသန့်စင်သည် အိန္ဒိယနိုင်ငံ ဒေလီမြို့တော်သို့ သွားရောက်ကပြရာမှအပြန် ဒေလီညွန့်ဟူသော အမည်ကို ခံယူသည်။ ဒေလီညွှန့်သည် လွတ်လပ်ရေးရသည့်ခေတ်တွင် ပန်တျာကျောင်းတွင် အဆိုနည်းပြဆရာမကြီး အဖြစ် ဆောင်ရွက်ခဲ့လေသည်။


ရန်ကုန် ရေကျော် စိန်ပု အငြိမ့် နာမည်ကျော်သဖြင့် မန္တလေးမြို့ လက်ဝှေ့နာမည်ကျော် ကိုပေါလှိုင်က သူ၏ သမီးကလေးကို ဆီကြော်စိန်ပုဟု အမည်ပေးကာ အငြိမ့် ထောင်၍ ရန်ကုန်သို့ ဆင်း အသုံးတော်ခံသည်။ သို့ရာတွင် ရေကျော်စိန်ပုလောက် ပရိသတ် မစွဲချေ။ ထိုခေတ်က အငြိမ့် များကို လူကြိုက်များ၍ ခေတ်စား သောကြောင့် သူထက်ငါ ထောင်ကြရာ တရုတ်ကလပ်များတွင် အငြိမ့် မပြတ်မလတ် ကပြကြရသည်။


အငြိမ့်အဖွဲ့များ များပြားလာသလောက် အငြိမ့်တီးဝိုင်းများ၌ လည်း တူရိယာများ တိုးသည်ထက် တိုးလာသည်။ ၁၂၆၅ ခုနှစ်ခန့်တွင် ပုံခြောက်လုံးနှင့် စည်တိုအပြင် စာခွန့် ထည့်သွင်း၍ တီးလာသည်။ စာခွန်နှင့် တွဲဘက်ဖြစ်သော လင်းကွင်းပါ ထည့်၍ လာလေသည်။ ယခင်က ခတ်စည်းကို သာ အသုံးပြုခဲ့သော်လည်း စာခွန့်နှင့် လင်းကွင်းကို မြိုင်မြိုင် ဆိုင်ဆိုင် တီးသောအခါ ခတ်စည်း၍အသံ မြုတ်နေသောကြောင့် ဆိုင်းစည်း ဟုခေါ်သော ရိုက်စည်းခေါ် သံလွင်စည်းကို အသုံးပြုလာကြသည်။ အငြိမ့်အဖွဲ့များ များပြားလာလေသော အခါ ပုလွေဆရာများ ရှားပါး၍ တစ်ကြောင်း၊ ပုလွေသံသည် မပေါ်လွင်သဖြင့် တစ်ကြောင်း ပုလွဲအစား နှဲကို သုံးလာကြ သည်။ ဝါးပတ္တလားနှင့် လက်ဆွဲဘာဂျာ အစား သံပတ္တားလား ကို ထည့်သုံးခဲ့ကြသည်။


အငြိမ့်အဖွဲ့ များလာသလောက် အငြိမ့်စည်းကမ်းလည်း ပျက်လာခဲ့သည်ဟု ဆိုရပေမည်။ လူရွှင်တော်နှင့် အငြိမ့် မင်းသမီး သူ့ထက်ငါ လုယက် ပြောဆိုလာကြသည်။ အပေးအယူ စည်းကမ်း ပျက်လာကြသည်။ လူရွှင်တော်များ သည် စွတ်ကျယ်အင်္ကျီ မဝတ်၊ ပုဆိုးဒူးဖုံး ခါးတောင်းကြိုက်၊ ပုဝါကို ခါးမှာစီးကာ လက်ခေါက်မှုတ်လိုက် လက်ခုတ်တီး လိုက်နှင့် အငြိမ့်မင်းသမီးကို သားပြော မယားပြော ပြောဆို ခြင်း၊ ဇာတ်ခုံပေါ်၌ မင်းသမီးနှင့် လူရွှင်တော် မိုးတိုးမတ်တတ် ရှုတ်ရှုတ်ခတ် သွားလာခြင်းများ ဖြစ်လာသည်။ သီချင်းတစ်ပိုဒ် မဆုံးမီ အပြင်စကားများ ဝင်စွက် ရှုပ်ထွေးလာရာ ဆိုသော သီချင်းစာကို ပရိသတ်များ မမှတ်မိတော့ချေ။ ဒုတိယကမ္ဘာစစ်ကြိုခေတ်တွင် အငြိမ့်အဖွဲ့များ၌ တူရိယာ လည်း ပိုစုံလာသည်။ ဟွန်းတရော၊ မင်ဒလင်၊ ဘင် စသော အနောက်နိုင်ငံ တူရိယာများ လှိုင်လှိုင်ကလေး ပါလာသည်။ မင်းသမီးလည်း နှစ်လက် သုံးလက် ဖြစ်လာသည်။ လူရွှင် တော်များလည်း ပိုမို၍ အရေးပါလာသည်။ ထိုခေတ်က ထင်ရှားသောလူရွှင် တော်များမှာ ဦးကျင်ခဲ၊ ဦးဓာတ်ခိုး၊ ဦးသင်္ခါ၊ ဦးဒန်ပေါက်၊ ဦးည|ပ်ကြီး၊ ဦးဗေဒါ၊ ဦးဓာတ်ဆီ၊ ဦးဓာတ်စံတို့ ဖြစ်ကြသည်။ နာမည်ကြီး အငြိမ့်မင်းသမီးများမှာ မြခြေချင်း မငွေမြိုင်ဩဘာသောင်း၊ ဩဘာညွှန့်၊ [[လေဘာတီ မမြရင်]]၊ ဥက္ကလာအေးကြည်၊ ဂီတမယ် လှကလေးစိန်၊ ဒေါပုံ ခင်ကြည်၊ ယိုးဒယား အောင်သိန်းတင်၊ ဒဂုံခင်လှကြည်၊ ရတနာပုံ ခင်ကြည်၊ နေပြည်တော် မဂျမ်းစိန်၊ တလိုင်းမမြကြင်၊ ချင်းမကလေးအောင်စိန်၊ မမြလွင်၊ [[ယူနီဗာစီတီ မြသန်း ကြည်]]၊ တရုတ်မကလေး မတင်ကြည်၊ တက္ကသိုလ် ပြည် သိန်းတင်၊ ဝိဇ္ဇာမယ်၊ ရွှေနှင်းဆီ မတင်ညွန့်၊ ဒီးဒုတ်ခင်မြိုင် စသည်တို့ ဖြစ်ကြသည်။ မြခြေကျင်း မငွေမြိုင်သည် အသက် ၁၂ နှစ်အရွယ်မှစ၍ ကပြအသုံးတော် ခံခဲ့သော်လည်း ၂၉ နှစ် အရွယ်ကျမှ အငြိမ့် နှစ်နှစ် ကသည်။


မြခြေကျင်း အငြိမ့်ကစဉ်က အငြိမ့်ထောင် ဆရာမှာ မြန်မာညွှန့် ဦးချစ်မောင် ဖြစ်သည်။ မငွေမြိုင်က ခေါင်းဆောင် မင်းသမီးဖြစ်၍ အောင်မေလှိုင်နှင့်မအုန်းကြည်တို့က ရှေ့ထွက် မင်းသမီး ဖြစ်ကြသည်။ ရတနာပုံခင်ကြည်နှင့်နေပြည်တော် မဂျမ်းစိန်တို့သည်လည်း မြန်မာညွှန့် အငြိမ့်အဖွဲ့တွင် ပါဝင် သော မင်းသမီးများ ဖြစ်သည်။ ဩဘာသောင်းသည် ဒေါ်ထွေးလေး၏ တပည့်ဖြစ်၍ ယိုးဒယားက ကောင်းသူ ဖြစ်သည်။ ကကြိုးလည်း စုံသည်။ လွတ်လပ်ရေးခေတ်တွင် မန္တလေး ပန်တျာကျောင်း အကဆရာမကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ လေဘာတီ မမြရင်သည် အကကောင်း၊ ရုပ်ချောရုံ သာမက အသံလည်း အလွန်ကောင်းသဖြင့် အသံမင်းသမီးဟူ၍ ပင် ခေါ်စမှတ် ပြုကြသည်။


မမြရင် တို့ခေတ်က မိုက္ကရိုဖုန်းခေါ် အသံချဲ့ခွက်လည်း မရှိချေ။ အငြိမ့် အဖွဲ့တွင် မင်းသမီး နှစ်လက်၊ လူပြက်နှစ်ယောက် တီးဝိုင်း အဖွဲ့ဝင် ငါးယောက်နှင့် ထမ်းဆင့်ခေါ် အငြိမ့်ပစ္စည်းထိန်းသိမ်း ရသူ တစ်ယောက် ပေါင်း ၁ဝယောက်ခန့်သာ ပါသည်။ ယခု ခေတ်ကဲ့သို့ အငြိမ့်အဖွဲ့ဝင် မများဟု ဆိုသည်။ မမြလွင်မှာ နောင်အခါ ကောလိပ်စိန်ဟူသော အမည်နှင့်ကျော်ကြားလာသော မင်းသမီးဖြစ်သည်။


အသက် ခုနစ်နှစ်အရွယ်တွင် ဝါးခယ်မမြို့ပေါ်မှ အရပ်အငြိမ့်တစ်ခုတွင် ပါဝင်ကပြခဲ့၍ ၁ဝနှစ်အရွယ်တွင် တလိုင်းမမြကြင် အငြိမ့် အဖွဲ့၌ လက်ထောက်အဖြစ် ပါဝင်ကပြခဲ့ပြီးလျှင် ၁၂ နှစ်အရွယ် တွင် ရန်ကုန်မြို့ ၁၄ လမ်း အငြိမ့်ဆရာ ဦးဘိုးသင်(ဦးဘိုးဆင် ၏ညီ)၏အငြိမ့်တွင် မင်းသမီးကြီး ဩဘာညွှန့် နှင့်အတူ ကပြ ခဲ့သည်။ ယူနီဗာစီတီ မြသန်းကြည်သည် ရုပ်လှသည်။ ကာလသားကြိုက် ကတတ်သည်။ ဒုတိယကမ္ဘစစ်ကြိုခေတ်က ရန်ကုန် မျူနီစီပယ်အဖွဲ့သည် မြို့သူမြို့သားများအား ဖျော်ဖြေရန် ရပ်ကွက် အလိုက် ပန်းခြံ များတွင် တစ်ပတ်တစ်ကြိမ် အငြိမ့်ခံ၍ ဖျော်ဖြေသည့် အလေ့ လည်း ရှိသည်။ တက္ကသိုလ် ကျောင်းသားများကလည်း တက္ကသိုလ်ဆောင်များ၌ နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲများ ကျင်းပ ကြသောအခါ အငြိမ့်ခံလေ့ရှိသည်။ ယင်းသို့ အငြိမ့်ခံရာမှ ကြိုက်နှစ်သက်ရာ မင်းသမီးများ၏အမည်များရှေ့တွင် တက္ကသိုလ်၊ ယူနီဗာစီတီ၊ ကောလိပ် စသော ဂုဏ်ထူးဆောင် အမည်များ ချီးမြှင့်လေ့ ရှိသည်။ ကောလိပ်စိန်၊ ယူနီဗာစီတီ မြသန်းကြည်၊ တက္ကသိုလ် ပြည်သိန်းတင်တို့သည် ယင်းသို့ ရရှိခဲ့သည့် အမည်များ ဖြစ်ကြ သည်။


ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်ပြီးခေတ်တွင် စစ်ကြိုခေတ် ကလောက် အငြိမ့်များ ခေတ်မစားတော့ချေ။ ပြဇာတ်များ၊ ရုပ်ရှင်များကို လူကြိုက်များ၍ ခေတ်စားလာသောကြောင့် ဖြစ်ဟန်တူသည်။ စစ်ကြိုခေတ်ကပင် စတင် ကပြခဲ့၍ စစ်ပြီးခေတ်အထိ ကျော်ကြားသောမင်းသမီး နှစ်ဦးမှာ ရွှေနှင်းဆီမတင်ညွန့်နှင့် ဖက်ရှင် မအောင်ငွေတို့ ဖြစ်ကြသည်။ ရွှေနှင်းဆီသည် အကစုံသည်။ မင်းသားက ကောင်းသည်။ အငြိမ့်၏နောက်ပိုင်း ပြဇာတ်တွင် ယောက်ျားခန်းများ၌ သဏ္ဌာန်လုပ် သရုပ်တူလှစွာ စွမ်းဆောင်နိုင်သူ ဖြစ်သည်။ ဖက်ရှင် မအောင်ငွေသည် မင်းသမီး တက္ကသိုလ်ပြည်သိန်းတင် ညီမ ဖြစ်သည်။ ဘာသာမျိုးခြား အကများကို နိုင်နင်းသည်။ စစ်ပြီးခေတ် အခြားထင်ရှားသော အငြိမ့်မင်းသမီးများမှာ ရွှေလိပ်ပြာ၊ ကောလိပ်မြိုင်၊ တက္ကသိုလ်စိန်၊ ယိုးဒယားအမာစိန်၊ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း စသူတို့ ဖြစ်ကြသည်။ အမာစိန်နှင့် နွဲ့နွဲ့စန်းတို့သည် မန္တလေး ပန်တျာကျောင်းထွက်များ ဖြစ်ကြ၍ ဒေါ်ဩဘာသောင်း၏ အကပညာများဖြင့် အငြိမ့်စင်ပေါ်သို့ ရောက်လာကြသူများ ဖြစ်လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)