မြိတ်ခရိုင်

တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင်

မြိတ်ခရိုင် (အင်္ဂလိပ်: Myeik District) သည် တနင်္သာရီတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မြိတ်မြို့ဖြစ်သည်။

မြိတ်ခရိုင်
တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်
မြိတ်ခရိုင်အတွင်းမြင်ကွင်း
မြိတ်ခရိုင်အတွင်းမြင်ကွင်း
တနင်္သာရီတိုင်းအတွင်းတည်နေရာ
တနင်္သာရီတိုင်းအတွင်းတည်နေရာ
မြိတ်ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြိတ်ခရိုင်
မြိတ်ခရိုင်
တနင်္သာရီတိုင်းအတွင်းတည်နေရာ
ကိုဩဒိနိတ်: 12°25′N 99°03′E / 12.417°N 99.050°E / 12.417; 99.050ကိုဩဒိနိတ်: 12°25′N 99°03′E / 12.417°N 99.050°E / 12.417; 99.050
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
မြို့နယ်ပေါင်း
မြို့တော်မြိတ်မြို့
ဧရိယာ
 • စုစုပေါင်း၇၇၈၃ စတုရန်းမိုင် (၂၀၁၅၇ စတုရန်းကီလိုမီတာ)
လူဦးရေ (၂၀၁၄)၆၉၃,၀၈၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သောမြို့နယ်များ ပြင်ဆင်ရန်

မြိတ်ခရိုင်တွင် ပါဝင်သော မြို့နယ်နှင့်မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

သမိုင်း​ကြောင်း ပြင်ဆင်ရန်

ရှေးအခါက မြိတ်ခရိုင်သည် ထိုင်းနိုင်ငံအပိုင် ဖြစ်ခဲ့ဖူး၏။ အလောင်းဘုရားနှင့် ဆင်ဖြူရှင်တို့လက်ထက် ယိုးဒယား - မြန်မာစစ်ပွဲများ ဖြစ်ပွားသောအခါမှ တနင်္သာရီကို မြန်မာတို့က သိမ်းယူခဲ့လေသည်။ သို့ရာတွင် ထိုင်းက အသိအမှတ်မပြုဘဲ နေခဲ့သည်။ ၁၈၂၄-၂၅ ခုနှစ် အင်္ဂလိပ်များ မြန်မာနိုင်ငံအောက်ပိုင်းမှ တနင်္သာရီနှင့် ရခိုင်တိုင်းတို့ကို သိမ်းယူသောအခါတွင်မူ မြိတ်ခရိုင်ကို မြန်မာနိုင်ငံနယ်နိမိတ်အတွင်းဟု အတိအကျ သတ်မှတ်လိုက်လေသည်။ လွတ်လပ်ရေးရပြီး မြိတ်ခရိုင်တွင် မြိတ်၊ ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်း (၅)မြို့နယ်ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် ဘုတ်ပြင်းနှင့်ကော့သောင်းမြို့နယ်များကို ခွဲထုတ်၍ ကော့သောင်းခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ယခုကျွန်းစုမြို့နယ်မှာ မြိတ်အနောက်ပိုင်းမြို့နယ်ဖြစ်ပြီး ၁၉၈၉ခုနှစ်တွင် ကျွန်းစုမြို့နယ်ဟု သတ်မှတ်ခဲ့သည်။၂၀၁၄ခုနှစ်တွင် မြို့နယ်ခွဲစကားရပ်အား ပယ်ဖျက်ခဲ့သဖြင့် ပလောက်မြို့နယ်ခွဲမှာ ပုလောမြို့နယ်ရှိ မြို့တစ်မြို့အဖြစ်သာ ဖြစ်လာခဲ့သည်။ လက်ရှိအချိန်တွင် မြိတ်ခရိုင်၌ မြို့နယ်(၄)မြို့နယ်၊ မြို့ (၆)မြို့ ပါဝင်ဖွဲ့စည်းသည်။ မြိတ်ခရိုင်အား ယခင်က အင်္ဂလိပ်အသုံး Mergui District ဟု သုံးစွဲခဲ့ပြီး ၁၉၈၉ခုနှစ်တွင် မြိတ် ခရိုင်၊ မြို့နယ်၊ မြို့တို့အား Myeik ဟု ပြောင်း၍ သုံးစွဲခဲ့သည်။

ပထဝီဝင်အနေအထား ပြင်ဆင်ရန်

တည်နေရာနှင့် အကျယ်အဝန်း ပြင်ဆင်ရန်

မြိတ်ခရိုင်သည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ အလယ်ကျသော ခရိုင်တစ်ခုဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၀ဒီဂရီ ၂မိနစ်နှင့် ၁၃ဒီဂရီ ၃၂မိနစ်တို့အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၃၀မိနစ်မှ ၉၉ဒီဂရီ ၃၅မိနစ်တို့အကြားတွင် တည်ရှိသည်။ဧရိယာစတုရန်းကီလိုမီတာ​ပေါင်း (၂၀၁၅၇.၈၇) ကျယ်ဝန်းသည်။

နယ်နိမိတ် ပြင်ဆင်ရန်

မြောက်ဘက်တွင် ထားဝယ်ခရိုင်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံမှ ပရာချပ်ခီရိခန်ပြည်နယ် ၊ တောင်ဘက်တွင် ကော့သောင်းခရိုင်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့ တည်ရှိသည်။ ခရိုင်၏ အစိတ်အပိုင်းများဖြစ်သည့် ကျွန်းစုများသည် ကပ္ပလီပင်လယ်အတွင်းတွင် တည်ရှိသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

ခရိုင်၏ အရှေ့ဘက်ခြမ်းတွင် မတ်စောက်သည့် တနင်္သာရီတောင်တန်းများ တည်ရှိသည်။ အနောက်ဘက်ခြမ်းသည် များသောအားဖြင့် ပြန့်ပြူးသော ပင်လယ်ကမ်းစပ်များဖြစ်သည်။ ခရိုင်အတွင်း တနင်္သာရီတောင်တန်းသည် မြောက်ဘက်တ့င် ပိုမိုမြင့်မားပြီး တောင်ဘက်သို့ နိမ့်ဆင်းသွားသည်။ မြောက်ဘက်ပိုင်းရှိ ထားဝယ်ခရိုင်နှင့်အစပ်တွင် အမြင့်ပေ (၆၈၀၀)ကျော်မြင့်သော မြင့်မိုရ်လက်ခတ်တောင် တည်ရှိသည်။ အခြားသောတောင်များမှာ အမြင့်ပေ (၄၃၂၅)ပေရှိသည့် သကျက်တောင်၊ အမြင့်ပေ (၈၁၅)ပေရှိသော ကျောက်ဖျာတောင်၊ အမြင့်ပေ (၂၃၉၀)ပေမြင့်သော ငဝန်တောင်တို့ဖြစ်သည်။ မြိတ်ခရိုင်အတွင်းတွင် ကမ်းရိုးတန်းတစ်လျောက် စုလျက်ရှိသော မြိတ်ကျွန်းစုခေါ် ကျွန်းငယ်ကလေးပေါင်း ၈ဝဝ ကျော် ပါဝင်သည်။ ကျွန်းစုမြို့နယ်တစ်ခုပင်လျှင် ကျွန်းပေါင်း (၂၀၁)ကျွန်း တည်ရှိသည်။ ကျွန်းစုမြို့တည်ရှိရာ ကတန်ကျွန်းမှာ စတုရန်းမိုင် (၁၇၀)ခန့် ကျယ်ဝန်းသည်။ အခြားထင်ရှားသောကျွန်းများမှာ လင်းလုကျွန်း၊ ဒုံးကျွန်း၊ စခန်းသစ်ကျွန်း၊ ပြင်စဘုကျွန်း၊ ပန်းတောင်းကျွန်း စသည်တို့ဖြစ်သည်။

မြိတ်ခရိုင်အတွင်းတွင် အနည်ကျကျောက်၊ အသွင်ပြောင်းကျောက်၊ နုန်းကျောက်နှင့် ကျွန်းများပေါ်တွင် မီးသင့်ကျောက်များ တွေ့ရှိရသည်။ ထို့ကြောင့် ခဲမဖြူ၊ အဖြိုက်နက်၊ ကျောက်မီးသွေးများ ထွက်ရှိသည်။ မြိတ်ခရိုင် တစ်ဝှန်းလုံးလိုလိုပင် ထူထပ်သော သစ်တောများဖြင့် ဖုံးလွှမ်းနေ၍ အဖိုးတန်သော ကျွန်းပင်၊ သင်္ကန်းပင်နှင့် ကညင်ပင်တို့ ပေါက်ရောက်၏။ ကမ်းရိုးတန်းမှာ အတွန်းအပြတ် ပေါများသည်။ ကမ်းခြေတွင်မူကား ရေတက်ရေကျကြောင့်ဖြစ်သော ချောင်းငယ်မြောင်းငယ်များ ပေါ၏။

ရေဆင်း ပြင်ဆင်ရန်

မြိတ်ခရိုင်အတွင်းရှိ အဓိကမြစ်မှာ တနင်္သာရီမြစ်ကြီးဖြစ်သည်။ ထားဝယ်ခရိုင်မှ မြစ်ဖျားခံလာကာ မြိတ်မြို့အနီးတွင် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သည်။ ထိုမြစ်၏ လက်တက်များဖြစ်သော ငဝန်ချောင်း၊ သိန်းခွန်ကျောင်း၊ သကျက်ချောင်းများမှာလည်း ရှည်လျားသည်။ အခြားထင်ရှားသောမြစ်မှာ သမုတ်မြစ်ဖြစ်သည်။ ကျွန်းများပေါ်တွင်မူ ရေချိုရရှိမှုနည်းပါးသဖြင့် သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်တတ်သည်။

ရာသီဥတု ပြင်ဆင်ရန်

မြိတ်ခရိုင်သည် အီကွေတာနှင့် အလွန်နီးကပ်သဖြင့် ဆောင်းရာသီကာလမှာ အလွန်တိုတောင်းလှသည်။ ထို့အပြင် အခြားဒေသများကဲ့သို့ အပူအအေး များစွာကွာခြားခြင်း မရှိပေ။ အပူဆုံးလတွင် ၃၄.၇ ဒီဂရီစင်တီဂရိတ်ရှိပြီး အအေးဆုံးလတွင် ၁၆.၉ဒီဂရီစင်တီဂရိတ် ရှိတတ်သည်။

လူဦးရေ ပြင်ဆင်ရန်

၂၀၁၄သန်းခေါင်စာရင်းအရ မြိတ်ခရိုင်၏ လူဦးရေမှာ ၆၉၃,၀၈၇ ဦးဖြစ်ကာ အမျိုးသား ၃၄၅,၆၇၁ ဦး၊ အမျိုးသမီး ၃၄၇,၄၁၆ ဦးဖြစ်သည်။ မြို့ပြတွင်နေထိုင်သူ ၁၅၁,၃၁၅ ဦးဖြစ်ကာ မြို့ပြနေရာခိုင်နှုန်းမှာ ၂၁.၈ရာခိုင်နှုန်းဖြစ်သည်။ မြိတ်မြို့နယ်သည် တိုင်းဒေသကြီးအတွင်း လူဦးရေအများဆုံးဖြစ်ကာ တနင်္သာရီမြို့နယ်သည် ခရိုင်အတွင်း လူဦးရေအနည်းဆုံးဖြစ်သည်။ တနင်္သာရီတိုင်းရှိ ခရိုင်(၃)ခုတွင် လူဦးရေ အများဆုံးခရိုင်ဖြစ်သည်။ မြိတ်၊ ကရင်၊ မွန်၊ ဆလုံလူမျိုးများ အများဆုံးနေထိုင်ကာ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည်။

စီးပွားရေး ပြင်ဆင်ရန်

မြိတ်ခရိုင်သည် တနင်္သာရီတိုင်းအတွင်းရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသော ဒေသဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ကွမ်း၊ ရာဘာ၊ ဆီအုန်း၊ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ သီဟိုဠ်၊ ရေထွက်ကုန်များ စသည်တို့ကို အဓိကထုတ်လုပ်သည်။ ခရိုင်တောင်ပိုင်းဆီတွင် မြေဩဇာကောင်းသော မြေကွက်များရှိ၍ စပါးစိုက်ပျိုးနိုင်သည်။ အရှေ့ဘက်တွင်ကား တောင်မြင့်များ ရှိ၍ စပါးစိုက်ပျိုးနိုင်သည်။

မြိတ်ခရိုင်တွင် ကြက်ပေါင်စေးလုပ်ငန်း အကြီးအကျယ်ဖြစ်ထွန်း၏။ သတ္တုတွင်းတူးခြင်း၊ ငပိ ငခြောက်လုပ်ခြင်း၊ ကွမ်းသီးပင်စိုက်ခြင်း၊ ပင်လယ်ငှက်သိုက် ရှာဖွေခြင်းနှင့် ပုလဲငုပ်ခြင်းများကိုလည်း လုပ်ကိုင်ကြသည်။ ရန်ကုန်နှင့် အခြားဆိပ်ကမ်းမြို့များသို့ ရေကြောင်းဘက်မှ ကူးသန်းရောင်းဝယ်၏။ မြိတ်ခရိုင်မှ တင်ပို့ရောင်းချသော ပစ္စည်းများမှာ ဆန်စပါး၊ ကျွန်းသစ်၊ ကြက်ပေါင်စေး၊ သတ္တုရိုင်းများ၊ ကြိမ်၊ ပုလဲ၊ ကမ်းဇော်ဆီ၊ ငါးပိ ငါးခြောက်၊ ငှက်သိုက်နှင့် ကွမ်းသီးများ ဖြစ်ကြသည်။

ပိုးထည်များကိုလည်း ရက်လုပ်တင်ပို့သည်။ သို့သော် အကြီးအကျယ်ကား မဟုတ်ချေ။[၁]

ပို့ဆောင်ဆက်သွယ်ရေး ပြင်ဆင်ရန်

မြန်မာနိုင်ငံအောက်ပိုင်းကမ်းရိုးတန်းဒေသ၏ အဓိကအကျဆုံးသော ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့သောင်း လမ်းမကြီးသည် မြိတ်ခရိုင်၏ အဓိကလမ်းမကြီးဖြစ်သည်။ဤလမ်းမကြီးသည် ကျွန်းစုမြို့နှင့် မောတောင်မြို့မှလွဲ၍ ကျန်မြို့များအားလုံးကို ဖြတ်သန်းသွားသည်။ ကျွန်းစုမြို့နယ်နှင့် ပင်မကုန်းမြေရှိမြို့နယ်များကို ရေကြောင်းဖြင့်သာ သွားလာနိုင်သည်။ မြိတ်မြို့တွင် လေယာဉ်ကွင်းရှိသည်။ မြိတ်မြို့အနီးရှိ သမုတ်လွတ်လွတ်တံတားမှာ ပြည်​ထောင်စုလမ်းမကြီး၏ ထားဝယ်-မြိတ်လမ်းပိုင်း​ပေါ်တွင်တည်ရှိကာ မြိတ်မြို့နှင့် ၎င်း၏အထက်ရှိမြို့များသို့ ဆက်သွယ်ရာတွင် အချိန်ကုန်သက်သာစေသဖြင့် အရေးပါလှသည်။[၂]ထို့အပြင် ကျွဲကူးကျောက်ဖျာတံတား၊ တနင်္သာရီတံတားတို့မှာလည်း ထင်ရှားအရေးပါသည်။

ပညာရေး ပြင်ဆင်ရန်

မြိတ်မြို့တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နည်းပညာတက္ကသိုလ်ကွန်ပျူတာတက္ကသိုလ်များ အစိုးရနည်းပညာအထက်တန်းကျောင်း နှင့် အိမ်တွင်းမှုသင်တန်းကျောင်း၊ အမျိုးသမီးသမီးအသက်မွေးမှုသင်တန်းကျောင်း လည်း တည်ရှိသည်။၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက်လူဦးရေ၏ စာတတ်မြောက်နှုန်းမှာ ၉၂.၇ရာခိုင်နှုန်းဖြစ်သည်။

ကျန်းမာရေး ပြင်ဆင်ရန်

မြိတ်မြို့နယ်တွင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ကျွန်းစုမြို့နယ်တွင် (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၅)ရုံ၊ ပုလောမြို့နယ်ဆွင် ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၄)ရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ၊ တနင်္သာရီမြို့နယ်တွင် ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ တို့တည်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
  2. တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာစေမည့် အသစ်တည်ဆောက်ပြီးစီးသော သမုတ်-လွတ်လွတ်တံတား၊ တနင်္သာရီတံတားနှင့် ပုလုံးတုံးတုံးတံတား