မြောက်ကျွန်းသည် ဘုရားဟော ကျမ်းဂန်လာ မြင်းမိုရ်တောင်၏ ပတ်လည်ရှိ ကျွန်းကြီးလေးကျွန်းအနက် မြောက်ဘက်၌ တည်ရှိသော ဥတ္တရကုရု အမည်ရသည့် ကျွန်း ဖြစ်သည်။ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း ဝါ ဇမ္ဗူဒိပ်ကျွန်း၏ ဆန့်ကျင်ဘက် အခြားတဘက်၌ တည်ရှိသည်။ ရွှေရောင်တောက်နေသော မြောက်ကျွန်း၌ ဖြစ်လာသော လူတို့သည် ငါ၏ ဥစ္စာဟု စွဲလမ်းခြင်း၊ ငါ၏ မယားဟု သိမ်းဆည်း သိမ်းပိုက်ခြင်းတို့ မရှိလေ။[၁] မြောက်ကျွန်းတွင် ကုတင် မရှိ၊ ကျွန်းသားတို့သည် အနောက်ကျွန်းသားတို့ကဲ့သို့ မြေ၌ အိပ်ကြသည်။[၂] ဘုရားရှင်လက်ထက် ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ကပ်သော် နေရာတိုင်း အရိုးများ ဖွေးဖွေးဖြူနေသောအခါ၊ အရှင်မဟာမောဂ္ဂလန်က အရှင်ဘုရား၊ အားလုံးသော ရဟန်းသံဃာကို မြောက်ကျွန်းသို့ ဆွမ်းခံကြွပါစေဟု လျှောက်၏။ မြတ်စွာဘုရားက ထိုသို့ ဆွမ်းခံ ကြွခြင်းသည် မသင့်လျော် မလျောက်ပတ်သော အရာဟု ပယ်တော်မူ၏။[၃] ဇောတိကသူဌေး၏ ကြင်ယာတော်သည် နတ်တို့ ပင့်လာသော မြောက်ကျွန်းသူ ဖြစ်သည်။

မြောက်ကျွန်းသူတို့သည် မျိုးစေ့ချ စိုက်ခြင်း၊ လယ်ယာထွန်ယက်စိုက်ပျိုးရခြင်း စသော အလုပ်များကို လုပ်စရာ မလိုအပ်ချေ။ အလိုလို ပေါက်သော သလေးဆန်ကို ထမင်းအိုးထဲ ထည့်ချက် စားရသောကြောင့် ထွန်တုံးကို လယ်သို့ သယ်ရခြင်း မရှိချေ။[၄] ဥရုဝေလကဿပရသေ့ကို ချေချွတ်ရန် အလို့ငှာ လေးခုမြောက်သော တန်ခိုးပြာဋိဟာ ပြသည့်အခါ၊ ပူဇော်ပွဲကြောင့် ဆွမ်းမဖိတ်လိုသော ရသေ့၏ စိတ်အကြံကို သိ၍ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူသည်။ မြောက်ကျွန်းသူတို့ လှူအပ်သော သလေးဆွမ်းကို ဆောင်ယူ၍ အနဝတတ်ရေအိုင်၌ ဘုဉ်းပေးတော်မူ၏။ ရသေ့က ရဟန်းကြီး မမြင်ပါလားဟု လျှောက်သော်၊ ငါ မြောက်ကျွန်းမှ ဆွမ်းကို ဘုဉ်းပေးပြီးပြီဟု မိန့်တော်မူ၏။ [၅]

မရေမတွက်နိုင်သော ကပ်ကမ္ဘာတွင် ဈာန်ပျံနိုင်သော ရသေ့တို့သည် မိမိတို့ ကျောင်းသင်္ခမ်းရှိရာ တောင်ကျွန်းမှ နေ၍ မြောက်ကျွန်းသို့လည်းကောင်း၊ အရှေ့ကျွန်းနှင့် အနောက်ကျွန်းသို့လည်းကောင်း ဆွမ်းခံကြွလေ့ ရှိသည်။[၆]

နန်းအိမ်တော်၌ မိန်းမ ကိုးသန်းခြောက်သိန်း၏ အကြီးအမှူး ဖြစ်ခဲ့သော မိန်းမမြတ် ယသောဓရာမိဖုရား တဖြစ်လဲ ယသော်ဓရာထေရီ ပရိနိဗ္ဗာန် စံတော်မူခါနီးတွင် ဘုရားရှင်ရှေ့မှောက် ကြီးမားသည့် တန်ခိုး ပြရာ၊ ကိုယ်ခန္ဓာသည် စကြဝဠာလောက် ရှိကာ၊ ဦးခေါင်းသည် မြောက်ကျွန်းမျှလောက် ကြီးသည်။[၇]

မြောက်ကျွန်းသို့ သွားနိုင်မည့် လူ ပြင်ဆင်ရန်

အရှင်နာဂသေနကို မိလိန္ဒမင်းက အရှင်ဘုရားနာဂသေန၊ ဤကိုယ်ဖြင့် မြောက်ကျွန်းသို့ဖြစ်စေ၊ ဗြဟ္မာ့ပြည်သို့ဖြစ်စေ၊ အခြားကျွန်းသို့ ဖြစ်စေ သွားနိုင်သူ တစုံတယောက် ရှိပါသလောဟု မေးလျှောက်ဖူးသည်။ မဟာဘုတ်လေးပါး[မှတ်စု ၁]ရှိသော ဤကိုယ်ဖြင့် သွားနိုင်သူရှိသည်ဟု မိန့်ဖြေသော်၊ အရှင်ဘုရား၊ အဘယ်သို့ သွားနိုင်ရာသနည်းဟု ပြန်မေးသည်။ ရှစ်တောင်အမြင့် ခုန်သည့် ဥပမာ ပေး၍၊ တန်ခိုးနှင့် ပြည့်စုံသော၊ စိတ်၌ လေ့လာပြီးသော ရဟန်းသည် ကိုယ်ကို စိတ်၌ ကောင်းစွာတင်၍ စိတ်တန်ခိုးဖြင့် ကောင်းကင်ပျံကြွ သွားလာနိုင်သည်ဟု ဖြေလေသည်။[၈]

ရှင်သန်ပုံ ပြင်ဆင်ရန်

မြောက်ကျွန်း၏ အကျယ်အဝန်းသည် ယူဇနာ (၈)ထောင် ရှိသည်။ မြောက်ကျွန်း၏ ပုံသဏ္ဌာန်သည် အင်းပျဉ်မှန်နှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ အင်းပျဉ်မှန်နှင့် တူသည်။ မြောက်ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် အမြင့် ယူဇနာတစ်ရာ ရှိသော ပဒေသာပင်ရှိသည်။ မြောက်ကျွန်းသူ/သားများသည် အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူစားသောက်ပြီး ချမ်းချမ်းသာသာ နေထိုင်ကြရသည်။ အသက် ၁၀၀၀ ရှည်ကြသည်။ မြောက်ကျွန်းသူ/သားများသည် ဥပစ္ဆေဒကကံ နှင့် သေခြင်းမျိုးမရှိပေ။ အခက်အလက်စိတ်ပြီး ပြဿဒ်ကြီးများနှင့် တူသော သစ်ပင်ကြီးများ နေရာအနှံ့ ပေါက်ရောက်နေသည်။ ကျွန်းသူ/သားများသည် ထိုသစ်ပင်ကြီးများကို နေအိမ်အဖြစ် အသုံးပြု နေထိုင်ကြသည်။ အိပ်လိုသည့်အခါ အိပ်ယာများသည် အဆင်သင့် ဖြစ်နေ၏။ ကြာမျိုးငါးပါးနှင့် ဖုံးလွှမ်းနေသော အလွန်သာယာသည့် ရေကန်များလည်း ရှိသည်။

မြောက်ကျွန်းသူ/သားများသည် အရပ်မမြင့်လွန်း၊ မပုလွန်း ကြည့်ကောင်းရုံမျှ အချိုးအစားရှိသည်။ အိုမင်းခြင်း၊ ဆံဖြူခြင်း၊ ပါးရေတွန့်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း မရှိ၊ အမြဲတင့်တယ်နေသည်။ မြောက်ကျွန်းတွင် အေးခြင်း၊ ပူခြင်း၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ ကင်း၊ သန်း၊ သားရဲတိရစ္ဆာန် စသော အနှောက်အယှက် ဘေးရန်လုံးဝမရှိပေ။ အမြဲတမ်း ရာသီဥတု မျှတ နေသည်။ မြောက်ကျွန်းသူ/သားများသည် လယ်ယာလုပ်ကိုင်ရခြင်း မရှိပေ။ မြေအလိုလို ပေါ်ပေါက်လာသည့် ဖွဲ အမြှေး ကင်းစင်သော သလေးဆန်ကို အိုးတွင်ထည့်၍ မီးကျီးအခိုးမထွက်သော ဇောတိပါသာဏ မီးကျောက်နှင့် ချက်ကာ စားသောက်ကြသည်။ (ဇောတိပါသာဏ မီးကျောက် သုံးခုကို ဖိုခနောက်လုပ်၍ သလေးဆန်ထည့်ထားသော ရွှေခွက်ကို တည်သည်။ မီးသည် သလေးဆန် မကျက်မချင်း ဖိုခနောက်မှ ထတောက်နေသည်။ သလေးဆန် ကျက်လျှင် မီးသည် အလိုလို ငြိမ်းသွားသည်။) တခြားဟင်းလျာများကို မစားကြပေ။ မိမိလိုလား တောင့်တသည့်အတိုင်း အရသာ ဖြစ်လာကြသည်။ ထိုဘောဇဉ်ကို စားသုံးကြသည့် အတွက် အနာရောဂါ လုံးဝကင်းရှင်းသည်။

မြောက်ကျွန်းသူ/သားများသည် ခါးကုန်းခြင်း၊ ခြေလက်ကောက်ခြင်း၊ ခွင်ခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့သည်များ လုံးဝမရှိပေ။ မြောက်ကျွန်းသူများသည် တင့်တယ်လျောက်ပတ်သော ရုပ်ဆင်းအင်္ဂါ ရှိကြသည်။ မြောက်ကျွန်းသူ မိန်းမများသည် လက်ချောင်းသွယ်သည်။ လက်သည်း နီသည်။ ရင်သားရှည်ပြီး ခါးသေးသည်။ လပြည့်ဝန်းနှင့် တူသောမျက်နှာ ရှိသည်။ မျက်လုံးကျယ်သည်။ နူးညံ့သည့် အသားအရေ ရှိသည်။ ပေါင်တံသွယ်သည်။ ဖြူစင်သော သွားများရှိသည်။ ချက်ကျ စောက်နက်သည်။ ဒူးဆစ် သေးသွယ်သည်။ ဆံပင်နက်သည်။ တင်ပါး ကျယ်သည်။ အမွှေးအမျှင် မထူမပါးရှိသည်။ စကားပြောလျှင် သိမ်သိမ်မွေ့မွေ့ ပြောဆို၏။ လက်ဝတ်တန်းဆာ အမျိုးမျိုး ဝတ်ဆင်တတ်သည်။ အသက် ၁၆ နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။ ယောက်ျားများသည် အသက် ၂၅ နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။

ယောက်ျားများသည် သားမယားအပေါ် စွဲစွဲလမ်းလမ်း ချစ်ချစ်ခင်ခင် မရှိကြ။ မြောက်ကျွန်းသူယောက်ျား၊ မိန်းမများသည် ၇ ရက် တစ်ကြိမ် ကာမဂုဏ် မွေ့လျော်ကြသည်။ ကျန်ရက်များတွင် ရာဂကင်းစွာ နေထိုင်ကြသည်။ မြောက်ကျွန်းတွင် ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း စသော ဒုက္ခများမရှိကြပေ။ သင်တိုင်းနီအတွင်းက ရွှေရုပ်ကလေးလို မိခင်၏ ဝမ်းပိုက်မှ ကလေးငယ်သည် အညစ်အကြေးမရှိ ထွက်လာကြသည်။ အမျိုးသမီးများ မွေးဖွားချိန်ကျသည့်အခါ ရောက်သည့်နေရာ၌ မွေးဖွားတတ်သည်။ မွေးဖွားသည့်အခါ ထိုင်၍မွေးဖွားသည်၊ အိပ်၍လဲ မွေးဖွား တတ်သည်။ မိခင်များသည် ဖွားမြင်ပြီး သားသမီးများကို အငဲ့မကွက်မရှိဘဲ လူအများသွားသော လမ်းတွင် ထားပစ်ခဲ့ပြီး မိမိတို့သွားလိုရာကို သွားကြသည်။ ထိုကလေးငယ်များကို တွေ့သည့် ယောက်ျား၊ မိန်းမများက မိမိတို့၏ လက်ညှိုးကို ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်လိုက် လျှင် နို့ထွက်လာသည်။ လက်ညှိုးက ထွက်လာသည့် နို့ကိုသာ စို့ရပြီး အားအင်ဖြစ်လာကြရသည်။ မိန်းကလေးဖြစ်လျှင် မိန်းမကြီးများဆီ၊ ယောက်ျားကလေး ဖြစ်လျှင် ယောက်ျားကြီးများဆီ သွားရောက်နေထိုင်ကြရသည်။ မြောက်ကျွန်းတွင် သားက အမိကို မသိ၊ အမိက သားကို မသိ `သားနှင့် အမိ'သည် ယောက်ျားမိန်းမ သဘောအရ တပ်မက်ခြင်း မရှိကြ။ ထိုသို့ဖြစ်ခြင်းမှာ သူတို့တွင်ရှိသော တရားသဘောများ၏ ဓမ္မတာ အစွမ်းသတ္တိကြောင့် ဖြစ်သည်။

အမြင့် ယူဇနာ တစ်ရာရှိသော ပဒေသာပင်များသည် နေရာတိုင်းလိုလို ရှိနေကြသည်။ ပဒေသာပင်၌ သစ်သီး သီးသကဲ့သို့ မျိုးစုံသော အဝတ်တန်ဆာများနှင့် တူရိယာများ ရှိကြသည်။ လိုချင်သော ပစ္စည်းကို အပင်ရင်းက ဖြစ်စေ၊ အကိုင်းကြားက ဖြစ်စေ လက်ဖြန့်ထားလျှင် အလိုအလျောက်ရသည်။ အသီးသီးသော သစ်ပင်များတွင် ရေအိုးမျှ အရွယ်ရှိ ချိုမြိန် ကောင်းမွန် သော အသီးများ သီးသည်။ ထိုအသီးများကို စားလျှင် (၇)ရက် အဆာပြေသည်။ မြစ်များတွင် အလွန်ကြည်လင် သော ရေများရှိသည်။ ရွံ့ညွှံ သဲ လုံးဝမရှိ။ ရနံ့မွှေးကြိုင်သော ပန်းများသည် အမြဲ တင့်တယ်လှပ နေသည်။ ဆူးရှိသောမြက်၊ ကြမ်းတမ်းသော ချုံပင်များ လုံးဝမရှိပေ။ မြောက်ကျွန်းတွင် စန္ဒကူး၊ ကံ့ကော်ပင်များသည် အလိုလို နံ့သာရည်များ ယိုထွက် နေကြသည်။

မြောက်ကျွန်းသူ/သားများသည် ကိုယ့်ဟာ၊ သူ့ဟာ ခွဲခြားမှု မရှိကြ။ ထို့ကြောင့် ငြင်းခုံ၊ ခိုက်ရန်ဖြစ်ခြင်း လုံးဝမရှိပေ။ မြောက်ကျွန်းသူ/သားများသည် လူသေကို တွေ့လျှင် မငိုကြ၊ သောက မဖြစ်ကြ။ လူသေကောင်ကို အဝတ်တန်ဆာ ဆင်ယင်ပြီး စွန့်ပစ်လိုက်ကြသည်။ ငှက်များက လူသေကောင်ကို တစ်ခြားကျွန်းသို့ ယူဆောင်သွားကြသည်။ ထို့ကြောင့် မြောက်ကျွန်းတွင် သင်္ချိုင်း မရှိပေ။ မြောက်ကျွန်းသူ/သားများသည် သေသောအခါ အပါယ်လေးဘုံသို့ မရောက်၊ ငါးပါးသီလ မြဲသောကြောင့် နတ်ပြည်၌သာ စံရသည်။ အမြဲတမ်း အသက် ၁၀၀၀ ပြည့်အောင် နေကြရသည်။

မြောက်ကျွန်းသူ/သားများသည် ဇမ္ဗုဒီပ တောင်ကျွန်းသားများထက် ပိုလွန်သော ဂုဏ်သုံးပါးရှိသည်။

  1. မြောက်ကျွန်းသူ/သားများသည် ငါ့ရွှေ၊ ငါ့ငွေရယ်ဟု မြတ်နိုးမနေပေ။
  2. မြောက်ကျွန်းသူ/သားများသည် ငါ့လင်၊ ငါ့သား၊ ငါ့မယား ဟူ၍ သိမ်းဆည်းမနေပေ။
  3. မြောက်ကျွန်းသူ/သားများသည် အသက် တစ်ထောင် အမြဲနေကြရသည်။[၉]

မှတ်စု ပြင်ဆင်ရန်

  1. ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇောဟူသော မဟာဘူတ မူလဓာတ်ကြီးလေးပါး

ရှု ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ပါထိက၊ နှာ ၁၉၄၊ ပိုဒ် ၂၉၁။
  2. မူလပဏ္ဏာသ၊ နှာ ၂၉၃၊ ပိုဒ် ၅၁၃။
  3. ပါရာဇိကဏ်၊ နှာ ၁၀၊ ပိုဒ် ၁၇။
  4. ပါထိက၊ နှာ ၁၈၇၊ ပိုဒ် ၂၈၁။
  5. မဟာဝါ၊ နှာ ၄၀၊ ပိုဒ် ၄၃။
  6. ထေရာပဒါန်၊ နှာ ၁၇၊ ပိုဒ် ၁၈၆၊ နှာ ၄၄၅၊ ပိုဒ် ၁၃၆။
  7. ထေရီပဒါန်၊ နှာ ၇၆၊ ပိုဒ် ၃၃၆။
  8. မိလိန္ဒပဉှာ၊ ဥတ္တရကုရုကာဒိဂမနပဉှာ၊ နှာ ၁၁၀၊ ပိုဒ် ၉။
  9. နဝအင်္ဂုတ္တရအဌကထာ