ရစ်ချတ်ဘုရင်များပြင်ဆင်

၁၁၈၉ ခုနှစ်မှ ၁၄၈၅ ခုနှစ်အထိ ဖြစ်သော အချိန်ကာလ အတွင်း အင်္ဂလိပ်ထီးနန်းတွင် ရစ်ချတ်ဘုရင် သုံးပါး စိုးစံခဲ့ လေသည်။ ပထမ ရစ်ချတ်ဘုရင် (ခရစ် ၁၁၅၇-၁၁၉၉)သည် ခရူးဆိတ်စစ်ပွဲ သူရဲကောင်းများထဲတွင် သူရသတ္တိနှင့် အပြည့် စုံဆုံး ဖြစ်သည်ဟု ဥဒါန်းတွင်သူဖြစ်သည်။ ရစ်ချတ်ဘုရင်၏ သူရသတ္တိ၊ စိတ်နေသဘောထားတို့နှင့် စပ်လျဉ်း၍ ဆာဝေါ် လတာစတော့က အိုင်ဗင်ဟိုနှင့် သတယ်လစ္စမန် ဝတ္ထု များ၌၎င်း၊ မောရစ်ဟျူးလက်၏ ဝတ္ထု၌၎င်း ထုတ်ဖော်ရေး သားခဲ့လေသည်။ ထိုကြောင့် ပထမရစ်ချတ်ဘုရင်သည် ခြင်္သေ့ မင်းကဲ့သို့ ရဲရင့်သူဟူသောဘွဲ့ဖြင့် သမိုင်းတွင် ထင်ရှားသည်။ ရစ်ချတ်ဘုရင်သည် ၁၁၅၇ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ တွင် ဖွားမြင်၍ ဒုတိယ ဟင်နရီဘုရင်၏ တတိယသားတော် ဖြစ်သည်။ မယ်တော်မှာ ပြင်သစ်နိုင်ငံတောင်ပိုင်းမှ အက်ကွီ တိန် နယ်စားဖြစ်၏။ ပြင်သစ်နိုင်ငံ၌ ကြီးပြင်းလာသူ ဖြစ်သော ကြောင့် အင်္ဂလိပ်ထီးနန်းတွင် စိုးစံရပြီးသည့်နောက်၌ပင် အင်္ဂလန်နိုင်ငံသို့ နှစ်ခေါက်မျှသာ လာရောက်ခဲ့ဖူးလေသည်။ တစ်ဆဲ့သုံးနှစ်သား အရွယ်တွင် မယ်တော်၏ အက်ကွီ တိန်နယ်ကို အပိုင်စားခွင့်ရသည်။၁၁၇၁ ခုနှစ်တွင် နောင်တော် များက ပြင်သစ်ဘုရင်၏အကူအညီဖြင့် ခမည်းတော်ကို ပုန်စား ပုန်ကန် ပြုကြသောအခါ ရစ်ချတ်လည်း နောင်တော်များဘက်မှ ပါဝင်ခဲ့သည်။ သို့ရာတွင် ပုန်ကန်မှုမှာ မအောင်မြင်ချေ။

ရစ်ချတ်သည် နောင်တော်များနှင့် မသင့်မတင့်သဖြင့် အချင်း ချင်းလည်း တိုက်ခိုက်ကြ၏။ ၁၁၈၃ ခုနှစ်တွင် နောင်တော် ဟင်နရီမင်းသား ကွယ်လွန်သောကြောင့် ရစ်ချတ်မင်းသားသည် အင်္ဂလိပ်ထီးနန်းအတွက် နန်းလျာ ဖြစ်လာလေ၏။ ထိုသို့ဖြင့် ၁၁၈၉ ခုနှစ်တွင် ခမည်းတော်နတ်ရွာစံသောအခါ ရစ်ချတ် ဘုရင် နန်းတက်လေသည်။

ထိုအချိန်တွင် မွတ်စလင်ခေါင်းဆောင် ဆဲလဒင်ဘုရင်က ပယ်လက်စတိုင်ပြည်ရှိ ဂျရူးဆလမ်းမြို့ကို သိမ်းပိုက်ထားသဖြင့် ဥရောပတိုက်မှ ခရစ်ယန်တို့သည် မခံမရပ်နိုင် ဖြစ်ပြီးလျှင် တတိယကရူးဆိတ်စစ်ပွဲအတွက် ပြင်ဆင်နေဆဲ ဖြစ်၏။ သို့ဖြစ် သောကြောင့် ပထမရစ်ချတ်ဘုရင်သည် ပြင်သစ်ဘုရင် ဒုတိယ ဖိလစ်နှင့်အတူ ကရူးဆိတ်တပ်များကို ခေါင်းဆောင်၍ ပါလက် စတိုင်းပြည်သို့ စစ်ချီလေသည်။ ဧကမြို့ကို သိမ်းပိုက်ပြီးသော် ခေါင်းဆောင်နှစ်ဦးတို့ သဘောကွဲလွဲကြသဖြင့် ဖိလစ်သည် တပ်ခေါက်၍ ပြန်လာခဲ့၏။ ရစ်ချတ်တစ်ဦးတည်းသာလျှင် ခေါင်းဆောင်၍ ဆဲလဒင်၏တပ်များကို ဆက်လက် တိုက် ခိုက်လေသည်။ နောက်ဆုံး၌ အင်္ဂလန်သို့ ပြန်ရန် ကိစ္စပေါ် ပေါက်လာ၍ ဆဲလဒင်နှင့် စစ်ပြေငြိမ်းရေး စာချုပ်ကို ချုပ်ဆို ပြီးနောက် ၁၁၉၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပြန်ခဲ့သည်။


ရစ်ချတ်ကရူးဆိတ် စစ်ပွဲ၌ ခေါင်းဆောင်တိုက်ခိုက်နေစဉ် ညီတော် ဂျွန်မင်းသားသည် ထီးနန်းကို လုရန် ဖိလစ်ဘုရင်နှင့် ပူးပေါင်း ကြံစည်ခဲ့၏။ ရစ်ချတ်ဘုရင်သည် ရန်သူ လီယိုပိုပိုင် ဩစတြီးယားနိုင်ငံကို ရုပ်ဖျက်၍ ဖြတ်သန်းလာခဲ့ရာ ဗီယင်းနား မြို့သို့ ရောက်ရှိလာသောအခါ မိမိရုပ်ကို မှတ်မိသဖြင့် အဖမ်းခံ ရ၍ ရဲတိုက်တစ်ခု၌ အကျဉ်းချခြင်း ခံရသည်။ လီယိုပိုအား ငွေကြေး အမြောက်အမြားပေး၍ ရစ်ချတ်ဘုရင်ကို ရွေးယူရ လေသည်။

၁၁၉၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပြန်ရောက်သည့်အခါ ရစ်ချတ်သည် တိုင်းပြည်ရေးရာတို့ကို မှူးမတ်များလက်၌ လွှဲအပ်ပြီးလျှင် ပြင်သစ်ဘုရင် ဖိလစ်ကို ဆက်တိုက် စစ်ခင်း၍ သာ အချိန်ကုန်ခဲ့၏။ ထိုသို့အားဖြင့် ၁၁၉၉ ခုနှစ်တွင် ပြင်သစ် နိုင်ငံတောင်ပိုင်း၌ ရဲတိုက်တစ်ခုကို ဝိုင်းရံ တိုက်ခိုက်နေစဉ် ရန်သူ၏ မြားချက်သင့်သဖြင့် ကွယ်လွန်ရလေသည်။ ဒုတိယရစ်ချတ်ဘုရင် (ခရစ် ၁၃၆၇-၁၄ဝဝ) သည် ဘိုးတော်အင်္ဂလန်ပြည့်ရှင် တတိယ အက်ဒွပ်ဘုရင်၏ ရိုက်ရာ ကို ဆက်ခံရသောအခါ ၁ဝနှစ်အရွယ်မျှသာ ရှိသေးသည်။ သူ့ကို ၁၃၆၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဖွားမြင်ခဲ့ လေသည်။ သူ၏ခမည်းတော်မှာ အနှစ်တစ်ရာစစ်ပွဲအတွင်း ကရေဆီးတိုက်ပွဲနှင့် ပွားတီးယေးတိုက်ပွဲတို့တွင် နာမည်ကျော် ကြားခဲ့သည့် ဗလက်ပရင့် မင်းသားဖြစ်သည်။ ဗလက်ပရင့်သည် အက်ဒွပ်ဘုရင်ထက် တစ်နှစ်စော၍ ကွယ်လွန်သွားသဖြင့် အက်ဒွပ်ဘုရင်၏ ရိုက်ရာကို ရစ်ချတ်မင်းသားက ဆက်ခံရခြင်း ဖြစ်လေသည်။

ရစ်ချတ်သည် ထီးနန်းကို ဆက်ခံရချိန်တွင် ငယ်ရွယ်လှ သေး၍ ပါလီမန်ကခန့်ထားသော ကောင်စီအဖွဲ့က နိုင်ငံကို အုပ်ချုပ်ခဲ့လေသည်။ သို့သော် ယင်းအဖွဲ့တွင် ပါဝင်သော ဦးရီးတော် လန်ကက်စတာမြို့စား ဂျွန်အော့ဂေါင့်သည်သာ နိုင်ငံကို သူထင်သလို ချယ်လှယ်အုပ်ချုပ်ခဲ့၏။ နိုင်ငံတွင် အခွန်အတုတ်များ ကြီးလေးစွာ ကောက်ခံခဲ့သဖြင့် တိုင်းသူပြည် သားတို့ မကြေမနပ် ဖြစ်နေခဲ့ရာ နောက်တစ်ဖန် လူခွန်တော် ကောက်ခံပြန်သောအခါ ဝပ်တိုင်လာ ခေါင်းဆောင်သော လယ်သမား သူပုန် (၁၃၈၁ ခုနှစ်တွင်) ထကြွခဲ့လေသည်။ ထိုစဉ်က ၁၄ နှစ်အရွယ်မျှသာရှိသေးသော ဘုရင်ကလေး ရစ်ချတ်သည် ထိုသူပုန်အရေးကို သူ၏အစွမ်းသတ္တိဖြင့် ပြီးပြတ်အောင် ဆောင်ရွက်ခဲ့လေသည်။

ရစ်ချတ်၏ လက်ထက်တွင် အခက်အခဲအမျိုးမျိုး ပေါ် ပေါက်ခဲ့သဖြင့် တိုင်းပြည်မငြိမ်မသက် ရှိခဲ့သည်။ ရစ်ချတ် အရွယ် မရောက်မီ သူ့ဦးရီးတော်များ အပါအဝင် မှူးမတ် မျိုးနွယ်တို့ အာဏာလုပွဲကြီးများလည်း ဖြစ်ပွားခဲ့၏။ ဂျွန်ဝစ် ကလစ်၏ ဟောပြောချက်များကြောင့် အယူဝါဒအရေးတွင် သဘောကွဲလွဲမှုများလည်း ပေါ်ပေါက်ခဲ့လေ၏။ ၁၃၈၂ ခုနှစ်၌ ဗိုဟီးမီးယားမင်းသမီးနှင့် အန်းနှင့် လက်ထပ်ခဲ့ပြီးသည့် နောက် တွင် သူ့အား ပါလီမန်က ကြိုးကိုင်နေခဲ့သည်ကို လွတ်မြောက် ရေးအတွက် ကြိုးပမ်းခဲ့လေသည်။ သို့ကြိုးပမ်းခဲ့ရာတွင် သူ့အား ထောက်ခံမည့်သူများကိုသာ ဝန်ကြီးများအဖြစ် ခန့်ထားခဲ့၏။ ထိုအခါ ပါလီမန်နှင့်ပဋိပက္ခ ဖြစ်လာ၍ ဂလော့စတာမြို့စား ခေါင်းဆောင်သော ပါလီမန်သည် ဝန်ကြီးများကို ဖြုတ်ချပစ် ရန်နှင့် နိုင်ငံကို တစ်နှစ်မျှ အုပ်ချုပ်ရန်အတွက် ဆဲ့တစ်ဦး ကော်မီတီကို လက်ခံရန် တောင်းဆိုခဲ့လေသည်။ ရစ်ချတ်သည် ဆဲ့တစ်ဦး ကော်မီတီကိုသာ လက်ခံခဲ့၏။ သို့သော်လည်း ထို ကော်မီတီကိုလည်း ဖြုတ်ချရန် ကြိုးပမ်းခဲ့ပြန်ရာ ဂလော့စဘာ မြို့စားနှင့်တကွ အားလအရန်ဒယ်၊ ဒါဗီ၊ နော့တင်ဂမ်နှင့် ဝါဝစ် တို့သည် လန်ဒန်သို့ တပ်နှင့် ချီလာပြီးသော် ဘုရင့်ဝန်ကြီး ငါးဦးကို သစ္စာဖောက်မှုနှင့် စစ်ဆေးရန် တောင်းဆိုခဲ့လေသည်။ ထိုနောက် ပါလီမန်က ဘုရင့်ဘက်တော်သားအချို့ကို သေဒဏ် ပေးကာ အချို့ကို ပြည်နှင်ဒဏ်ပေးခဲ့၏။

၁၃၈၉ ခုနှစ်တွင် သူဦးရီးတော်များ၏ အချုပ်အချယ်ကို တွန်းလှန်ခဲ့ပြီးသော အရွယ်ရောက်ပြီဖြစ်၍ နိုင်ငံကို သူကိုယ် တိုင် အုပ်စိုးမည့်အကြောင်း ကျေညာခဲ့သည်။ ထိုနောက် ရှစ်နှစ် ခန့်မျှ အေးချမ်းစွာ နိုင်ငံကို အုပ်စိုးခဲ့လေသည်။ သို့သော် သူ၏ ဘက်တော်သားများကို နှိပ်စက်ည|ဉ်းပန်းခဲ့သော ကလော့စတာ မြို့စားတို့ လူစုကိုကား အခဲမကြေနိုင်ဘဲ ရှိနေခဲ့သဖြင့် ထိုသူ တို့ကို ဖမ်းဆီး၍ အချို့ကို သေဒဏ်၊ အချို့ကို ပြည်နှင်ဒဏ် ပေးခဲ့လေသည်၊ ထိုမျှမကသေး သူ၏တပ်သားများနှင့် ခြိမ်း ချောက်ကာ ပါလီမန်ထံမှ မည်သည့်မင်းမျှ မရခဲ့သော အခွင့် အရေးနှင့် အာဏာများကို ရအောင်ပြုနိုင်ခဲ့၏။

ရစ်ချတ်ဘုရင် ပြည်နှင်ဒဏ်ပေးခဲ့သူများတွင် တာရီဖို့မြို့ စား (ယခင် အားလဒါဗီ) ဟင်နရီဗော်လင်း ဗရုတ်လည်း ပါဝင်လေသည်။ ထိုအတောအတွင်း ဟင်နရီ၏ ဖခင် လန်ကက်စတာမြို့စား ကွယ်လွန်သွားလေရာ မြို့စားပိုင် လယ်မြေပစ္စည်းဥစ္စာတို့ကို ရစ်ချတ်က သိမ်းယူခဲ့၏။ ၁၃၉၉ ခုနှစ်တွင် ရစ်ချတ်သည် အိုင်ယာလန်သို့ အုပ်ချုပ်ရေးကိစ္စများ အတွက် သွားရောက်ခဲ့စဉ် ဟင်နရီသည် သူရခွင့်ရထိုက်ရှိသော သူ့ဖခင်၏ ပစ္စည်းဥစ္စာတို့ကို ပြန်လည်ရယူရန် လူစုကာ အင်္ဂလန်ပြည်သို့ ပြန်လာခဲ့လေသည်။ ရစ်ချတ်ဘုရင် ပြန်လာ သောအခါ သူ့အား သူ၏နောက်လိုက် နောက်ပါများက စွန့်ခွာ သွားခဲ့၍ ဟင်နရီမှာ အင်အားကောင်းနေသည်ကို တွေ့ရလေ၏။ သို့ဖြစ်၍ သူသည် ဝေလပြည် ပလင့်မြို့တွင် ဟင်နရီထံ လက်နက်ချကာ အဖမ်းခံခဲ့လေသည်။ သူ့ကို လန်ဒန်သို့ လက်နက်ချကာ ၁၃၉၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထီးနန်းကို စွန့်ခဲ့ရလေသည်။ ထိုနေ့တွင်ပင် ဟင်နရီအား ပါလီမန်၏ သဘောတူညီချက်အရ နန်းတင်ခဲ့လေသည်။ ၁၄ဝဝ ပြည့်နှစ်တွင် ရစ်ချတ်အား ပြန်၍ နန်းတင်ရန် အတွက် ရစ်ချတ်၏ဖက်တော်သားများက သူပုန်ထခဲ့ကြသေး ၏။ သို့သော် ရစ်ချတ်မှာ မူလက အကျဉ်းချထားရာ လန်ဒန် မျှော်စင်ကြီးမှ ရွှေပြောင်းထားသော ယော့ရှိုင်ယာနယ်ရှိ ပွန် တယ်ဖရက် ရဲတိုက်ကြီးတွင် ကွယ်လွန်သွားလေသည်။ ရိုးရိုး ရောဂါဖြင့် ကွယ်လွန်သည်ဟု ကျေညာခဲ့သော်လည်း ဟင်နရီ၏ အမိန့်အရ စီရင်ပစ်ခြင်း ဖြစ်သည်ဟု လူအများက ယူဆခဲ့ကြ လေသည်။

တတိယရစ်ချတ်ဘုရင်(ခရစ် ၁၄၅၂-၁၄၈၅)သည် စတုတ္ထ အက်ဒွပ်ဘုရင်၏ ညီတော် အငယ်ဆုံးဖြစ်၍ ၁၄၈၃ ခုနှစ်တွင် အင်္ဂလိပ်ထီးနန်းကို ဆက်ခံစိုးစံလေသည်။ ၁၄၅၂ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ဖွားမြင်၍ ယော့မြို့စား ဘက်တော်သားများနှင့်လန်ကက်စတာမြို့စား ဘက်တော်သားတို့ ထီးနန်းလုကြသည့် စစ်ပွဲဖြစ်သော နှင်းဆီစစ်ပွဲ (ခရစ် ၁၄၅၅- ၁၄၈၅)အတွင်း ကြီးပြင်းလာခဲ့သူဖြစ်၏။ ထီးနန်းသက် နှစ်နှစ် မျှသာ ရှိသော်လည်း ဗြိတိသျှရာဇဝင်တွင် အစွန်းထင်အောင် ဆိုးရွားသော မင်းတစ်ပါးအဖြစ် မှတ်တမ်းတင်ခံရလေသည်။ ၁၄၈၃ ခုနှစ်တွင် နောင်တော် စတုတ္ထအက်ဒွပ် ဘုရင် နတ်ရွာစံသောအခါ အသက် ၁၃ နှစ်ခန့်မျှ ရှိသေးသော သား တော်သည် ပဉ္စမအက်ဒွပ်ဘုရင်အဖြစ် အရိုက်အရာကို ဆက်ခံ ရသည်။ ဘုရင်ကလေးမှာ အရွယ်မရောက်သေးသဖြင့် ဦးရီး တော် ဂလော့စတာမြို့စား ရစ်ချတ်က နိုင်ငံကို ထိန်းသိမ်းရလေ သည်။ ထိုအခါ ရစ်ချတ်သည် ထီးနန်းကို သိမ်းပိုက်ရန် အခွင့် ကောင်းနှင့် ကြုံကြိုက်သဖြင့် ဘုရင်ကလေးနှင့် ညီတော် မင်းသားတို့ကို လန်ဒန်မျှော်စင်၌ အကျဉ်းချထားပြီးလျှင် မိမိ၏ အလိုကို ဆန့်ကျင်သူ ဟူသမျှကိုလည်း သုတ်သင်ပစ်လေ၏။ နောက်ဆုံး၌ မင်းသားကလေး နှစ်ပါးတို့သည်လည်း အစ ပျောက်လေသည်။ ရစ်ချတ်၏လက်ချက်ဖြင့် ထိုမင်းသား ကလေးများ အသတ်ခံရသည်ဟု ယူဆကြ၏။

ထိုကြောင့် ပြည်သူလူထုက ရစ်ချတ်ဘုရင်အား မိမိတူ အရင်းများကိုပင် ရက်စက်စွာ သတ်သူအဖြစ် အကြည်အညို ပျက်လာကြလေသည်။ ၁၄၈၅ ခုနှစ်သို့ ရောက်သောအခါ လန်ကက်စတာမြို့စားဖက်တော်သား ဟင်နရီ တျူဒါသည် ပြင်သစ်နိုင်ငံ၌ လူအင်အား စုဆောင်းပြီးလျှင် ရစ်ချတ်ဘုရင်ကို တိုက်ခိုက်ရန် အင်္ဂလန်နိုင်ငံသို့ ချီတက်လာ၏။ လီစတာရှိုင်ယာ နယ်၊ ဗော့စဝပ်ဖီးအရပ်တွင် တိုက်ပွဲဖြစ်ပွားရာ ရစ်ချတ်ဘုရင် ကျဆုံးလေသည်။ ဟင်နရီတျူဒါလည်း သတ္တမ ဟင်နရီဘုရင် ဘွဲ့ခံ၍ ထီးနန်းကို သိမ်းပိုက်စိုးစံလေ၏။

နာမည်ကျော် အင်္ဂလိပ် စာရေးဆရာကြီး ရှိတ်စပီးယားက တတိယ ရစ်ချတ်အမည်ဖြင့် ပြဇာတ်တပုဒ်ကို ရေးသားခဲ့လေ သည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)