ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတရားသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူ၍ (၄) ပါးရှိ၏။

(၁) ကံ − ရှေးဘဝ၌ ပြုလုပ်ခဲ့သော ကုသိုလ်မှု၊ အကုသိုလ်အမှုများ ဖြစ်သည်။

(၂) စိတ်− ယခုရှိနေဆဲဖြစ်သော စိတ်၊ စေတသိက်များ ဖြစ်သည်။

(၃) ဥတု − သီတတေဇော၊ ဥဏှတေဇောဟူသော မီးဓာတ်နှစ်ပါး ဖြစ်သည်။

(၄) အာဟာရ − ပဋိသန္ဓေမှစ၍ ပါသော အဇ္ဈတ္တဩဇာတစ်ပါး၊ မျိုအပ်သော အစာရေစာတို့မှပါသော ဗဟိဒ္ဓဩဇာတစ်ပါးဟူသော ဓာတ်ဆီနှစ်ပါးတို့ ဖြစ်ကြသည်။

ရုပ် (၂၈) ပါးတို့တွင် ဝတ္ထုရုပ်ခြောက်ပါး၊ ဘာဝရုပ်နှစ်ပါး၊ ဇီဝိတရုပ်တစ်ပါး၊ ဤကိုးပါးတို့သည် ကံကြောင့်သာ ဖြစ်ကုန်၏။ ဝိညတ်ဒွေးသည် စိတ်ကြောင့်သာ ဖြစ်၏။ သဒ္ဒါရုံသည် စိတ်ကြောင်ဖြစ်သော အသံမျိုး၊ ဥတုကြောင့်ဖြစ်သော အသံမျိုးဟူ၍ နှစ်မျိုးရှိ၏။ ဝိကာရရုပ်သုံးပါးသည် စိတ်ကြောင့်လည်း ဖြစ်၏။ ဥတုကြောင့်လည်း ဖြစ်၏။ အာဟာရကြောင့်လည်း ဖြစ်၏။

ကျန်ရှိသော ရုပ်ပေါင်း (၁၃) ပါးတို့တွင် ဇရတာရုပ်၊ အနိစ္စတာရုပ် နှစ်ပါးကို ချန်လှပ်၍ ဓာတ်ကြီးလေးပါး၊ အာဟာရရုပ်၊ ရူပါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ အာကာသဓာတ်၊ ဥပစယရုပ်၊ သန္တတိရုပ်ဟူသော ရုပ်တစ်ဆယ့်တစ်ပါးတို့သည် အကြောင်းလေးပါးတို့ကြောင့် ဖြစ်၏။ ကံကြောင့် ဖြစ်ရာမှာလည်း သူတို့ ပါကြကုန်သည်။ စိတ်ကြောင့်ဖြစ်ရာ၊ ဥတုကြောင့်ဖြစ်ရာ၊ အာဟာရကြောင့်ဖြစ်ရာမှာလည်း သူတို့ပါကြကုန်၏။ သူတို့နှင့်ကင်းသော ရုပ်ဟူ၍ တစ်စုံတစ်ခုမျှ မရှိပေ။ သူတို့နှင့်တကွ ရှစ်ပါး၊ ကိုးပါး စသည် အစုအခဲအနေနှင့် ဖြစ်ကြကုန်၏။

ရုပ်စုရုပ်ခဲတစ်ခုကို ရုပ်ကလာပ်တစ်ခုဟု ခေါ်သည်။ ဇရတာရုပ်၊ အနိစ္စတာရုပ်တို့မှမူကား ဖြစ်မှုမျိုးမဟုတ်၊ ဖြစ်ပြီးသည်နောက် ဓမ္မတာအလျောက် ရင့်မြဲပျက်မြဲ ဖြစ်ကြကုန်၏။ အကြောင်းတရားလေးပါးကြောင့် ပြစ်မှုမှအလွတ် ဖြစ်ကြကုန်၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၂၇၊ ၂၈။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)